ရပ်ကွက်တချို့တွင် စစ်ကား၊ အများစုတွင် “မီနီအိုးဝေ” ဟု ခေါ်ကြသော သုံးဘီးဆိုင်ကယ်များ သုံးကာ လိုက်လံ လှုံ့ဆော်သွားခြင်းဖြစ်သည်။
“ရပ်ကွက်အများစုကိုတော့ မီနီအိုးဝေတွေနဲ့ပဲအော်တယ်။ အော်ပြီး မောင်းပြေးတယ်၊ ဘယ်နေရာမှ ရပ်တာမတွေ့ဘူး။ စစ်သား၊ ရဲ မပါဘူး၊ အရပ်ဝတ်တစ်ဦးစ၊ နှစ်ဦးစပဲ ပါတယ်။ အိုးဝေသမားတွေကလည်း ကြောက်လို့လုပ်ရပုံပေါ်တယ်” ဟု ချမ်းအေးသာစံမြို့နယ်တွင်နေထိုင်သူ အသက်(၃၀)အရွယ် အမျိုးသားက Myanmar Now ကို ပြောသည်။
ယင်းသို့ကြေညာသော်လည်း ည၈နာရီနောက်ပိုင်း မန္တလေးမြို့ပေါ်တွင် ပိုမို၍ပင် အသွားအလာကြဲပါးသွားသည်ဟု ၎င်းကဆိုသည်။
“ပိုပြီးတော့တောင် ကြောက်ကုန်တာပေါ့။ တချို့ ယူဆကြတာကျတော့လည်း ဒါ လူတွေမထွက်ကြလို့ သူတို့ပေါ်တာဆွဲလို့ရအောင် ထွက်လာအောင်လုပ်တာပေါ့ဆိုပြီး၊ ပိုထိတ်လန့်ကြတယ်” ဟု ၎င်းက ပြောသည်။
ပေါ်တာဆွဲခြင်း ဆိုသည်မှာ ရှေ့တန်းတွင် အထမ်းသမားအဖြစ် ခိုင်းစေရန် စစ်တပ်က ဖမ်းဆီးခြင်းကို ဆိုလိုသည်။ အမျိုးသားများ စုဝေးတတ်သည့် နေရာများ၊ လူစည်ကားသည့်နေရာများတွင် ပေါ်တာဆွဲတတ်ပြီး အမြန်ဆုံး ပြန်လည်လွတ်မြောက်လိုပါက တောင်းသည့်ငွေပမာဏ ပေးရသည့်သာဓကများ ရှိနေသဖြင့် ထိုဖြစ်ရပ်မျိုးနှင့် ရင်ဆိုင်ရမည်ကို ရှောင်ရှားလိုကြခြင်း ဖြစ်သည်။
စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် နိုင်ငံအနှံ့မှ ပြည်သူအများအပြားက စစ်သားသစ်စုဆောင်းသည့်အထဲ ပါဝင်သွားမည်ကို စိုးရိမ်နေကြသည်။
အိမ်ထဲတွင် နေလျှင်လည်း စိတ်မချရကြောင်း မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်တွင်နေထိုင်သည့် အသက်၅၀နီးပါးအရွယ်အမျိုးသမီးက ပြောသည်။
“မကြောက်လန့်ကြဖို့ပြောနေပေမယ့် အဖမ်းအဆီးတွေက မြေပြင်မှာတကယ်ရှိနေတယ်။ ဧည့်စာရင်းစစ်ရင်း ဘယ်ရပ်ကွက်က ဘယ်သူပါသွားတာမျိုး အတိအကျကြားရတယ်၊ မိသားစုတွေက စုံစမ်းလို့မရကြဘူး” ဟု သူက ပြောသည်။
“သေနတ်ကြီးတွေနဲ့ မထင်ရင်မထင်သလို လာစစ်ဆေးနေပြီး မကြောက်ကြပါနဲ့ဆိုတော့ ဘာပြောရမှန်းတောင် မသိတော့ဘူး၊ သူ့သားသမီး၊ ကိုယ့်သားသမီး အလုပ်အပြန်နောက်ကျရင်၊ ညဘက်အိမ်ပြန်နောက်ကျရင်ကို ပူနေရတော့တာ”
စစ်ကောင်စီက နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရပြီး သေဆုံး၊ ဒဏ်ရာရသည့် စစ်သား အရေအတွက် များပြားလာချိန်တွင် စစ်မှုထမ်းဥပဒေ ထုတ်ပြန်ရာ ပြည်သူအများစုက ခါးခါးသီးသီး တုံ့ပြန်လာသည်ကို တွေ့ရသည်။
အရွယ်ရောက်ပြီးသူများကို စစ်တပ်ထဲထည့်မည့် ကြေညာချက်ကြောင့် လူငယ်အများအပြားသည် တော်လှန်ရေးတပ်များ ထိန်းချုပ်သည့်ဒေသတွင် သွားရောက်နေထိုင်ရန် စိတ်အားထက်သန်လာကြသည်။
ပြည်ပသို့ သွားရောက်နေထိုင်သည့်နည်းဖြင့် ရှောင်တိမ်းရန် ပြင်ဆင်လာသူများလည်း ရှိလာသည်။
ပြည်ပထွက်လိုသူ အများအပြား ပေါ်ပေါက်လာရာ မန္တလေးမြို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ရုံးတွင် လူအုပ်ပိ၍ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့သည်။ စစ်ကောင်စီကမူ ထိုဖြစ်ရပ်ဆိုးမှာ သတင်းဌာနများ၏ “ဝါဒဖြန့်လှုံဆော်ရေးသားမှုများ”ကြောင့် ပေါ်ပေါက်ခဲ့ရသည်ဟု ထိုနေ့တွင်ပင် သတင်းထုတ်ပြန်သည်။
နိုင်ငံကူးလက်မှတ်ရှိထားသူများကလည်း မြန်မာပြည်သား အများအပြား ရှိသည့် ထိုင်းနိုင်ငံသို့ အမြန်ဆုံး သွားရောက်ရန် ကြိုးစားလာကြပြီး ရန်ကုန်ရှိ ထိုင်းသံရုံးတွင် ဗီဇာ အလုအယက် လျှောက်ထားကြသည်။
ဤအခြေအနေတွင် ထိုင်းသံရုံးက တစ်ရက်လျှင် လျှောက်လွှာ ၄၀၀ သာ လက်ခံနိုင်သည်ဟု သတင်းထုတ်ပြန်ထားရသည်။ဤအတောအတွင်း နိုင်ငံအနှံ့ မြို့နယ်တချို့တွင် အဖမ်းအဆီးများ ဖြစ်ပေါ်နေရာ ရှေ့တန်းတွင် အထမ်းသမားအဖြစ် ခိုင်းစေရန် သို့မဟုတ် စစ်မှုထမ်းစေရန် ဖမ်းဆီးခြင်း ဖြစ်နိုင်သည်ဟု အများက ယူဆနေကြပြီး စစ်ကောင်စီကမူ ထိုသို့သော အဖမ်းအဆီးမျိုး မရှိဟု တုံ့ပြန်ထားသည်။