ဆောင်းပါး

စစ်မီးဝိုင်းနေသည့် ရခိုင်မြို့တော်စစ်တွေအတွက် အခက်ခဲဆုံးနေ့ရက်များ

စစ်ကောင်စီခန့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ရုံးထိုင်ရာ စစ်တွေမှ ရေလမ်းခရီးဖြင့် ၁ နာရီခန့်သာသွားရသည့် ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော် (AA) က ပြီးခဲ့သည်လအတွင်း သိမ်းပိုက်လိုက်ရာ စစ်တပ်အတွက် အကြီးအကျယ် ခေါင်းခဲစရာဖြစ်လာသည်။

စစ်ကောင်စီခန့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ရုံးထိုင်ရာ စစ်တွေမြို့မှ ရေလမ်းခရီးဖြင့် ၁ နာရီခန့်သာ သွားရသည့် ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော် (AA) က ပြီးခဲ့သည်လအတွင်း သိမ်းပိုက်လိုက်ရာ စစ်တပ်အတွက် အကြီးအကျယ် ခေါင်းခဲစရာဖြစ်လာသည်။

AA တပ်များ စစ်တွေကို ခြေမချစေရန်အတွက် စစ်ကောင်စီက နည်းလမ်းမျိုးစုံဖြင့် ပိတ်ဆို့တားဆီးနေပြီး လမ်းပန်း ဆက်သွယ်ရေး၊ ကုန်စည်ကူးသန်းရောင်းဝယ်မှုနှင့် ခရီးသွားလာမှုများကို အပြင်းထန်ဆုံး တင်းကျပ်ထားလိုက်သည်။

အကျိုးဆက်အားဖြင့် ကုန်စျေးနှုန်း အဆမတန်မြင့်တက်လာပြီး ဒေသခံများအခက်အခဲပေါင်းစုံနှင့် ရင်ဆိုင်ကြရသည်။

ပြီးခဲ့သည့်နှစ် မေလအတွင်းက တိုက်ခတ်ခဲ့သည့် အင်အားပြင်းဆိုင်ကလုန်း မိုခါမုန်တိုင်းကြောင့် အိုးအိမ်အဆောက်အအုံများစွာ ပျက်စီးခဲ့ပြီး နာလန်ထူခါစရှိသေးသောမြို့သည် အခက်ခဲဆုံးနေ့ရက်များကို ကျော်ဖြတ်နေရသည်။

“၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ ပေါ်ပေါက်လာသော ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့၏ ရခိုင်တိုက်ပွဲသည် နိုဝင်ဘာ ၁၃ ရက်တွင် အစပြုခဲ့ပြီး စစ်ကောင်စီသည် ပြည်နယ်မြို့တော် စစ်တွေကို ဗဟိုပြုပြီး လမ်းပန်းဆက်သွယ်ရေးကို ဖြတ်တောက်လိုက်သည်။

ပြည်မနှင့်ရခိုင်ကြား လမ်းကြောင်းပိတ်ဆို့မှု၊ တစ်မြို့နှင့်တစ်မြို့ လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်မှုများက ၂၀၁၈ နှင့် ၂၀၂၀ စစ်ပွဲကာလများတွင် မရှိခဲ့ပေ။

ရခိုင်မြောက်ပိုင်းမြို့များဖြစ်သည့် ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ပေါက်တော နှင့် ချင်းပြည်နယ် ပလက်ဝကို AA ထံ လက်လွှတ်လိုက်ရသည့် စစ်ကောင်စီသည် ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့များကိုလည်း အဆက်အသွယ်ဖြတ် တောက်ထားသည်။

လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့နယ်နှင့် စစ်တွေမြို့နယ်အစပ် အောင်မြေကုန်းရွာအနီး၊ စစ်တွေမြို့နယ် ဇော်မဒတ်နှင့် မြစ်နားရွာကြားတို့တွင် ဇန်နဝါရီ ၃၀၊ ၃၁ ရက် ပိုင်းတို့တွင် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားထားသည်။

ဇန်နဝါရီလဆန်းကတည်းက စစ်ကောင်စီသည် ခံစစ်ပြင်သည့်အနေဖြင့် စစ်တွေနှင့် ပုဏ္ဏားကျွန်းအစပ် ကျေးရွာများကို ဖယ်ရှား၊ မီးရှို့၊ လူဖမ်းဆီးခြင်းများပြုလုပ်ခဲ့သည်။ ထို့ပြင် ဖေဖော်ဝါရီ ၁ မှစတင်ကာ ညမထွက်ရအမိန့်လည်း ထုတ်ထားသည်။

 ဖေဖော်ဝါရီ ၁၃ ရက်က ကျောက်တော်မြို့အဝင် ကစ္ဆပနဒီတံတားတွင် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- AA Info Desk)

အလားတူ စစ်တွေမြို့အဝင် မင်းချောင်းတံတားကိုလည်း ဇန်နဝါရီ ၉ နှင့် ၁၂ တို့တွင် မိုင်းခွဲဖျက်ဆီးလိုက်သည်ဟု ရခိုင်အခြေစိုက် Western News သတင်းဌာနတွင် ရေးသားထားသည်။ စစ်တွေဒေသခံသုံးဦးကလည်း ထိုအကြောင်း ကို ကြားသိရသည်ဟု ဆိုသည်။

ရခိုင်ပြည်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုမကျန် တိုက်ခိုက်မည်ဟု AA က ပြောထားရာ စစ်မီးဝိုင်းနေသည့် စစ်တွေလည်း တိုက်ခိုက်ခံရနိုင်ကြောင်းယူဆချက်ဖြင့် ဒေသခံအများအပြား ရန်ကုန်နှင့် ရခိုင်ကျေးလက်ဒေသများသို့ ထွက်ပြေးကြသည်ဟု အသက် ၃၅ အရွယ် ကိုမောင်ခင်(အမည်လွှဲ) က ပြောသည်။

“ရန်ကုန်ကို သွားဖို့က ပိုက်ဆံလည်း ဆင်းရဲတယ်။ နယ်ဖက်ကို သွားမယ်ဆိုရင်တောင် ဆွေမျိုးမရှိဘူး။ အဲဒီတော့ ဘယ်သွားလို့ …လုပ်စားရမလဲ”

“အဲဒီဘက်ကို သွားလို့နေမယ့်နေရာ ရပြီဆိုပါတော့။ စားသောက်မဲ့ဟာရော။ လူတကာ့လူပြေးနေတော့ ကျွန်းမှာရှိတာနဲ့ လုံလောက်ပါ့မလား”ဟု ၎င်းက ဆိုသည်။

ငွေကြေးတတ်နိုင်သူများ ရန်ကုန်သို့ ထွက်ပြေးကြပြီး တစ်ရက်လျှင် ခရီးသည်တင်လေယာဉ် ၁၀ စီးကျော်ခန့် ထွက်ခွာသည်။

စစ်ဘေးရှောင်သူများပြားသဖြင့် မတ်လကုန်အထိ ရန်ကုန်၊ မန္တလေး လေယာဉ်လက်မှတ်ပြည့်နေပြီဟု သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းများတွင် သာမန်အရပ်သားများသာမက စစ်တပ်မိသားစုဝင်ဟု ယူဆရသည့် ကလေးငယ်များ၊ အမျိုးသမီးများလည်း စစ်ကားနှစ်စီးဖြင့် လေဆိပ်သို့ လာသည်ကို တွေ့ခဲ့သည်၊ တိုက်ပွဲဖြစ်လာမည်ကိုစိုး ရိမ်၍ ရှောင်တိမ်းခြင်းဟု ယူဆသည်ဟု ကိုမောင်ခင်က ပြောသည်။

“ဟိုးရက်ပိုင်းက ကျောင်းတက်အရွယ်ကလေးငယ် ၂၀ လောက်လည်း ပါတယ်။ လေဆိပ်ကို ပို့လာတယ်။ လေယာဉ်ကွင်းထဲကို ဝင်သွားတယ်လေ။ ညပိုင်းဆိုရင် ကင်းလှည့်တဲ့ကားမျိုးနဲ့ ပို့ပေးလာတာ” ဟု ၎င်းက ဆိုသည်။

ကျေးလက်ဒေသများသို့ သွားမည်ဆိုပါကလည်း အလွယ်တကူသွားလို့ရသည် မဟုတ်ပေ။ စစ်ကောင်စီတပ်ဖွဲ့ဝင် များ၏ အလစ်ကို စောင့်ကြည့်ပြီး ခိုးထွက်ကြရခြင်းဖြစ်သည်ဟု အသက် ၂၀ အရွယ် မခင်ခင်က ပြောသည်။

“စစ်တွေမြစ်မှာ နေဗီ (စစ်ရေယာဉ်) လည်း ရှိနေတော့ ဖမ်းမိမှာလည်း စိုးရိမ်ရတယ်။ ဘယ်ကိုသွားလို့ သွားရမှန်း မသိဘူး”

စစ်တွေမြို့ရှိ စစ်ကောင်စီတပ်စခန်းများက နေ့စဉ်နေ့တိုင်း တိုက်ပွဲဖြစ်ပွားနေသည့်မြို့နယ်များသို့ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ညအိပ်မဖြောင့်ဘဲ စိုးရိမ်ကြောက်လန့်မှုနှင့်နေနေရသည်ဟု သူက ဆက်ပြောသည်။

ပုံစာ- ၂၀၂၃ မေလအတွင်းက တွေ့ရသော စစ်တွေမြို့အဝင်။ (ဓာတ်ပုံ-Myanmar Now)

“မြို့က ပုံမှန်မဟုတ်တော့ဘူး။ (စစ်ကောင်စီတပ်က) လူဖမ်းတာနဲ့ လူဆွဲတာနဲ့ အများကြီး စိုးရိမ်နေရတယ် ။ စစ်မှုထမ်းဥပဒေမထွက်ခင်ကတည်းက ဖမ်းနေတာ ” ဟု မခင်ခင်က ဆိုသည်။

တိုက်ပွဲစတင်ဖြစ်ပွားသည့်နေ့မှစတင်ကာ စစ်ကောင်စီ တပ်သည် စစ်တွေမြို့အပါအဝင် တခြားမြို့နယ်များရှိ ရခိုင်ဒေသခံများကို AA နှင့် ဆက်စပ်သံသယဖြင့်ဖမ်း ဆီးနေသည်။

ရွာများမှ စစ်တွေသို့ ကုန်ပစ္စည်းဝယ်ရန် လာရောက်သူ၊ ဆေးကုသရန်လာရောက်သူများကိုလည်း ဖမ်းဆီးသည်။

ဖမ်းဆီးခံရသူအချို့ကို ငွေကြေးတောင်းပြီး ပြန်လွှတ်ပေးသည့်ဖြစ်စဉ်များလည်းရှိကြောင်း မခင်ခင်က ပြောသည်။

“ဖမ်းတယ်။ ပြီးတော့ ပိုက်ဆံနဲ့ထုတ်ရတယ်တဲ့။ ကျွန်မတို့ရပ်ကွက်ကလည်း တစ်ယောက်ပါသွားလို့ ရဲစခန်းမှာ ပိုက်ဆံနဲ့ သွားထုတ်ခဲ့ရတယ်။ တချို့တလေဆိုရင် ရှစ်သိန်းတောင်းတယ်တဲ့”ဟု သူက ဆိုသည်။

စစ်မှုထမ်းဥပဒေပေါ်ပေါက်လာသောအခါ စစ်အာဏာသိမ်းမှုကြောင့် လက်နက်ကိုင်တော်လှန်ရေးတပ်များ၏ ခုခံ တော်လှန်မှုကို တစ်နိုင်ငံလုံးအ လျောက်ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်သည် တိုက်တိုင်းရှုံးနေသည့်အခြေအနေ ဖြစ်၏။

ထို့ကြောင့် တပ်အင်အားဖြည့်တင်းရန်အတွက် စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ရာ တစ်နိုင်ငံလုံးရှိ လူငယ်၊ လူရွယ်များ စိတ်မသက်မသာဖြစ်သွားကြကာ စစ်မှုထမ်းရန်လည်းမလိုလားကြပေ။ ထိုအထဲတွင် အဝေးသင် တက္ကသိုလ်ကျောင်းသူ စစ်တွေမြို့ခံ မခင်ခင်လည်း ပါဝင်သည်။

စစ်တွေတွင် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်၍ စစ်ဘေးရှောင်ရန် ပြင်ဆင်နေသည့်ကြားမှ စစ်မှုထမ်းဥပဒေ ပေါ်ပေါက်လာရာ စစ်တွေကို ရှောင်ခွာရမည်မှာ အသေအချာဖြစ်သွားသည်။

“ဘာလုပ်လို့ ..ဘာကိုင်ရမှန်းမသိ။ ကျွန်မသူငယ်ချင်းတွေလည်း ကျောင်းဆက်တက်ရမယ့်လိုလို၊ ရှောင်ရမယ့်လိုလို ဖြစ်နေတယ်”ဟု မခင်ခင်က ပြောသည်။

စစ်မှုထမ်းဥပဒေမပေါ်ပေါက်ပါက ရန်ကုန်သို့ စစ်ရှောင်ရန် စဉ်းစားထားသော်လည်း ထိုဥပဒေ ပေါ်ပေါက်လာရာ ရန်ကုန်သို့ မသွားရဲတော့ပေ။

ထို့ကြောင့် ရခိုင်ရှိ လွတ်မြောက်နယ်မြေတစ်နေရာသို့ရှောင်တိမ်းရန်စဥ်း စားထားသည်ဟု ဆိုသည်။

ကိုမောင်ခင်ကလည်း ၎င်းတို့ရပ်ကွက်ရှိ ရန်ကုန်သို့ သွားရန်ပြင်ဆင်နေသူများလည်း ထိုဥပဒေပေါ်ပေါက်လာသော ကြောင့် သွားမည့်အစီအစဥ်များဖျက်သိမ်း လိုက်ကြသည်ဟုဆိုသည်။

“စိုးရိမ်ကြတာပေါ့။ လူပျိုပေါက်အရွယ်ရှိတဲ့သူတွေဆိုရင်လည်း ရန်ကုန်သွားမယ့်လက်မှတ် ဖျက်လိုက်ကြတယ် “ဟု ၎င်းက ပြောသည်။

 စစ်တွေမြို့ အမှတ် (၁) ရဲစခန်းကို ၂၀၂၀ ဇွန်လ ၁၂ ညနေပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ -Myanmar Now)

လူမှုစီးပွားဘဝ

ရခိုင်ပြည်နယ်ကို ပြည်မနှင့် ရေလမ်း၊ ကုန်းလမ်း အဆက်အသွယ်ဖြတ်တောက်ထားရာ လေကြောင်းလိုင်း တစ်ခုတည်းကသာ ကုန်ပစ္စည်းတင်သွင်းခွင့် ရနေသည်။

မိုခါမုန်တိုင်းတိုက်ခတ်စဉ်ကပင် ကုန်ပစ္စည်းမြင့်တက်နေသော စစ်တွေတွင် တိုက်ပွဲဖြစ်ပွားပြီး လမ်းပိတ်ဆို့လိုက်သဖြင့် ကုန်စျေးနှုန်း အဆမတန်မြင့်တက်သွားသည်။

ပြီးခဲ့သည့်ဇန်နဝါရီလလယ်ပိုင်းက စစ်ကောင်စီနှင့် ကုန်သည်တစ်ချို့၏ အစီအစဥ်ဖြင့် ရေလမ်းခရီးဖြင့် ကုန်ပစ္စည်း အချို့ရောက်လာ၍ စျေးနှုန်းအနည်းငယ် ကျသွားသော်လည်း လက်ရှိတွင် စျေးနှုန်းမြင့်တက်သွားပြီဟု ကိုမောင်ညို (အမည်လွှဲ) က ပြောသည်။

“ဓာတ်ဆီတစ်လီတာကို ၁၈၀၀၀ တောင်းတယ်။ ၁၅၀၀၀ ယူဆိုပြီးပြောတာ လျှော့လို့ကိုမရဘူး။ တခြားကုန်ပစ္စည်း တွေလည်း အဲလိုပါပဲ”ဟု ၎င်းကဆိုသည်။

ကုန်ပစ္စည်းသင်္ဘော ဝင်လာသော်လည်း ကုန်စျေးနှုန်း မကျသွားကြောင်း၊ ဓာတ်ဆီ တစ်လီတာကို ၁၈၀၀၀မှ ၂၀၀၀၀ ကျပ်အထိရှိကြောင်း၊ ကြက်သွန်တစ်ပိဿာကို ၂၀၀၀၀ ကျပ်၊ စားအုန်းဆီ တစ်လီတာကို ၁၀၀၀၀ ကျပ် စသည်ဖြင့် မြင့်တက်နေသည်ဟု မခင်ခင်ကလည်း ပြောသည်။

“စျေးနှုန်းတွေကသုံးဆလောက်တက်သွားတယ်။အရင်က တစ်သောင်းဆိုရင် အခု သုံးသောင်း။ လေယာဉ်နဲ့ချရလို့ ပြောတယ်။ ပစ္စည်းတစ်ခုကုန်ရင် ဝယ်ဖို့ဟာ မလွယ်တော့ဘူး”

“အခု ငါးဖမ်းလှေတွေ မလာတော့ဘူး။ ဆိုတော့ ငါးတွေ စျေးခက်တယ်။ ငါးတွေအရင်ကလောက် မပေါတော့ဘူး။ ဟင်းတွေကလည်း ကိုယ့်ပြည်တွင်းကဟင်းတွေ၊ မွတ်ဆလင်ရွာတွေမှာစိုက်ပျိုးတဲ့ မုန်လာဥတွေ။ တခြား ဟင်းအဆန်းတွေ အများ မစားရတော့ဘူး” ဟု စစ်တွေသူ ထိုအမျိုးသမီးငယ်က ဆိုသည်။

လက်ရှိတွင် စစ်တွေမြို့လမ်းမထက်တွင် လူသူသွား လာမှုနည်းပါးနေပြီး လမ်းလျှောက်သွားလာသူအနည်းငယ်နှင့် ဓာတ်ဆီစျေးနှုန်းမြင့်မားမှုကြောင့် စက်ဘီးစီး၍ သွားလာနေသူအချို့ကိုတွေ့မြင်ရသည်။ ညနေပိုင်း ၄ နာရီခန့်ဆို လျှင် လူသူကင်းမဲ့နေပြီးတိတ်ဆိတ်လျက်ရှိသည်ဟုဆိုကြသည်။

ထို့ပြင် ဖုန်းလိုင်း၊အင်တာနက်လိုင်းများပြတ်တောက်နေ၍ အင်တာနက်အသုံးပြုပြီးအလုပ်လုပ်ကိုင်သူများ၊ ငွေလွှဲ ငွေထုတ်ဝန်ဆောင်မှုပေးသူများလည်း အခက်အခဲဖြစ်နေကြသည်။

လက်ရှိတွင် Mytel ဖုန်းလိုင်းတစ်ခုတည်းသာ ရရှိပြီး Mytel အင်တာနက်လိုင်းလည်း ဖေဖော်ဝါရီ ၁၃ ရက်မှ ပြန်လည် ရရှိသည်ဟု ဒေသခံများက ဆိုကြသည်။

ရေပတ်လည်ဝိုင်းရံနေသည့် စစ်တွေမြို့သည် တိုက်ပွဲ ကြီးကြီးမားမား မဖြစ်သေးသော်လည်း တိုက်ပွဲ၏ ခေါ်သံများ နှင့် စိုးရိမ်မှုဖြင့်ပြည့်နှက်နေသည်။

စစ်ပွဲကို စိုးရိမ်၍ စစ်တွေကိုရှောင်မည့်သူများလည်း ဒုနှင့်ဒေးပင်။

“စစ်တွေမြို့မှာ ဘာမှမဖြစ်သေးဘူး။ ဖောင်း- — ဖောင်းနဲ့ ပစ်ပေးနေတာလောက်ပဲ ရှိသေးတယ်။ သူတစ်ပြန် ကိုယ်ပြန် ဖြစ်ကြရင် အားလုံးငတ်သေကြမှာ။ အလုပ်လည်း လည်ပတ်မှုမရှိဘူး”ဟု ကိုမောင်ခင်က ပြောသည်။

Show More

Related Articles

Back to top button