
စစ်အာဏာရှင်များ ရေးဆွဲအတည်ပြုခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်မှတဆင့် ပြင်ဆင်နိုင်ရန် မျှော်မှန်းချက်ဖြင့် လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) သည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
NLD ပါတီသည် အာဏာရမရမီ အချိန်ကတည်းပင် တပ်မတော်အား လုပ်ပိုင်ခွင့်များအများအပြား အပ်နှင်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်မှတ်ထိုးလှုပ်ရှားမှု ပြုလုပ်ကာ ကြိုးပမ်းခဲ့ဖူးသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လှုံ့ဆော်မဲဆွယ်ခဲ့ပြီး ရွေးကောက်ပွဲအပြီး အာဏာရပါတီဖြစ်လာပြီးနောက် ငါးနှစ်တာအတွင်း၌လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အားထုတ်ကြိုးပမ်းခဲ့သည်လည်း ရှိသည်။
NLD ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲကြေညာစာတမ်းတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ရည်မှန်းချက်ကို ထည့်သွင်းထားသည်။
သို့သော် ၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် အာဏာရပါတီအဖြစ် ဆက်လက်ရပ်တည်နိုင်မည်ဆိုပါက လွှတ်တော်တွင်းမှနေ၍ အခြေခံဥပဒေပြင်ဆင်ရေး မည်မျှအောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုသည်က လက်ရှိအခြေအနေတွင် မေးခွန်းထုတ်စရာဖြစ်နေသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ၂၀၂၀ တွင် ရွေးကောက်ပွဲမကျင်းပနိုင်သော မဲဆန္ဒနယ် ၂၂ ခုအထိ ရှိနေသည်ဖြစ်ရာ ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၂၂ ဦးအထိ လစ်လပ်မည်ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပါအချက်များကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် သဘောတူလက်ခံမှသာ ပြင်ဆင်နိုင်မည်ဖြစ်သောကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လက်ရှိထက်ခက်ခဲမည့် အခြေအနေဖြစ်နေသည်။

အာဏာရပါတီ၏ ခြေဥပြင်ဆင်ရေး ကြိုးပမ်းမှု
အခြေခံဥပဒေပြင်ဆင်ရေးဖြင့် အဓိကကြွေးကြော်မဲဆွယ်ခဲ့သည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီက ၄၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၄၃ နေရာ အနိုင်ရရှိခဲ့သည်။
ပုဒ်မ ၄၃၆ (က) အပါအဝင် ဖွဲ့စည်းပုံပြင်ဆင်ရေးအဆိုပြုဥပဒေကြမ်းအတွက် ပြည်ထောင်စုလွှတ်တော်၌ NLD ပါတီက ၂၀၁၅ ဇွန်လအတွင်း အဆိုတင်သွင်းခဲ့သော်လည်း မဲခွဲဆုံးဖြတ်ရာ၌ ရှုံးနိမ့်ခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် တစ်နိုင်ငံအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရာ၌လည်း NLD ပါတီက ဖွဲ့စည်းပုံပြင်ဆင်ရေးဖြင့်ပင် အဓိကမဲဆွယ်စည်းရုံးခဲ့သည်။ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ် အနိုင်ရရှိကာ အာဏာရပါတီဖြစ်လာခဲ့သည်။
အာဏာရပါတီ၏ ပထမဆုံးအရပ်သားသမ္မတ ဦးထင်ကျော်က ၂၀၁၅ ခုနှစ် မတ်လ ၃၀ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ မိန့်ခွန်းပြောကြားရာ၌ “အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေးကို ရှေးရှုသော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ပေါ်ပေါက်ရေး” ဆိုသောအချက်ကို ထည့်သွင်းပြောကြားခဲ့သည်။
ဦးထင်ကျော်အစား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ်မှ နိုင်ငံတော်သမ္မတဖြစ်လာသူ ဦးဝင်းမြင့်ကလည်း ပြည်ထောင်စုလွှတ်တော်၌ မိန့်ခွန်းပြောကြားရာ၌ “ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
NLD ပါတီက လွှမ်းမိုးထားသည့် လွှတ်တော်သက်တမ်းအတွင်း ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် အဖွဲ့ဝင် ၄၅ ဦးပါဝင်သော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ဖွဲ့စည်းခဲ့သည်။
အခန်း ၁၅ ခန်းပါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းကို ပူးပေါင်းကော်မတီက ၂၀၂၀ ဇန်နဝါရီလတွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သော်လည်း မဲခွဲဆုံးဖြတ်ရာတွင် အထူးအရေးမပါလှသော ပုဒ်မအနည်းငယ်ကိုသာ ပြင်ဆင်နိုင်ခဲ့သည်။
ထိုပူးပေါင်းကော်မတီနှင့်အပြိုင် တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီတို့ကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်း တင်သွင်းခဲ့ကြသည်။ သို့သော်လည်း တစ်စုံတစ်ရာ အပြောင်းအလဲ မရှိခဲ့ပေ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ NLD ပါတီအပါအဝင် နိုင်ငံရေးအလွှာအသီးသီးက လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပမှနေ၍ ကျယ်ကျယ်လောင်လောင် ပြောဆိုကာ ကြိုးပမ်းခဲ့ကြသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေသည်ကား ပိုနေမြဲကျားနေမြဲအတိုင်းသာ ရှိနေသည်။

၂၀၂၀ ရွေးကောက်ပွဲအလွန် ဖွဲ့စည်းပုံပြင်ဆင်ရေး အလားအလာ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များအရ ၂၀၂၀ တွင် ရွေးကောက်ပွဲမကျင်းပနိုင်သော နေရာအများအပြားရှိနေရာ ပြည်သူ့လွှတ်တော် ၁၅ နေရာနှင့် အမျိုးသားလွှတ်တော် ၇ နေရာ စုစုပေါင်း ၂၂ နေရာ လစ်လပ်မည် ဖြစ်သည်။
ပြည်ထောင်စုအဆင့်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၂၄ ဦး (ရွေးကောက်ခံ အရပ်သားကိုယ်စားလှယ် ၁၆၈ ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ၅၆ ဦး) နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၄၀ဦး (ရွေးကောက်ခံ ၃၃၀ ဦးနှင့် တပ်မတော်သား ၁၁၀ ဦး) စုစုပေါင်း ၆၆၄ ဦး ရှိသည်။
စုစုပေါင်း ၆၆၄ နေရာရှိသည့် ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးနှင့် ရွေးကောက်ပွဲမကျင်းပနိုင်သောကြောင့် ၂၂ လစ်လပ်မည်ဖြစ်ရာ ရွေးကောက်ခံ အရပ်သားလွှတ်တော်ကိုယ်စားလှယ် ၄၇၆ နေရာသာ ကျန်ရှိတော့မည်ဖြစ်သည်။
ထိုအရေအတွက်မှာ လွှတ်တော်တွင်း၌ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် အရေအတွက် ၇၁ ဒသမ ၆၈ ရာခိုင်နှုန်းသာ ရှိတော့မည်ဖြစ်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပို၍ခက်ခဲသော အခြေအနေကို ညွှန်ပြနေသည်။
NLD ပါတီအနေဖြင့် အမျိုးသားရင်ကြားစေ့ရေးကို အဓိကထားပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တပ်မတော်ကို စည်းရုံးသွားမည်ဟု NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာမျိုးညွန့်က ပြောသည်။
“အဓိက ကျွန်တော်တို့ မဲဆွယ်တာကတော့ အမျိုးသားရင်ကြားစေ့ရေးပါပဲ။ တပ်မတော်ကို ရန်သူလို သဘောမထားဘူး။ တပ်မတော်ကို ပူးပေါင်းဆောင်ရွက်လာအောင် ကျွန်တော်တို့ တဖြည်းဖြည်း စည်းရုံးနေပါတယ်။ ကျွန်တော်တို့ရဲ့ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတာ တပ်မတော်ကို ဖယ်ထုတ်ဖို့၊ သူတို့ဂုဏ်သိက္ခာ နိမ့်ကျဖို့ဆိုတဲ့သဘောမျိုး မဟုတ်ပါဘဲနဲ့ နိုင်ငံကောင်းစားရေးအတွက် တပ်မတော်ဟာ အဲဒီနေရာကနေ ဖယ်ရှားပေးဖို့ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
“အဲဒါကို သဘောပေါက်လာတဲ့တစ်နေ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးက အောင်မြင်မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟုလည်း ဒေါက်တာမျိုးညွန့်က ဆိုသည်။
NLD ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲကြေညာစာတမ်းတွင်လည်း စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်ထွန်းစေမည့် အခြေခံဥပဒေပေါ်ပေါက်ရေးဟု ထည့်သွင်းထားသည်။
အခြေခံဥပဒေပြင်ဆင်ရေး ကန့်ကွက်နေခြင်းမဟုတ်ဘဲ သတ်မှတ်ထားသည့် ဥပဒေလမ်းကြောင်းအတိုင်းသာ ဆောင်ရွက်ရန် သဘောထားရှိပြီး ဥပဒေကို ကျော်လွန်လုပ်ဆောင်သည်ဆိုပါက ကန့်ကွက်သွားမည်ဖြစ်ကြောင်း ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ထုတ်ဖော်ပြောဆိုခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စောင့်ရှောက်ကာကွယ်ရမည့် တာဝန်ရှိကြောင်း တပ်မတော်က အစဉ်အမြဲဆုပ်ကိုင် ပြောကြားလေ့ရှိပြီး ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခုရက်ပိုင်းအတွင်း ထုတ်ဖော်ပြောကြားရာတွင်လည်း ထိုအတိုင်းပင် ပြောဆိုခဲ့သည်။
ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက “လက်တွေ့ကျကျပြောရင် စစ်တပ်နဲ့ ညှိနှိုင်းဆောင်ရွက်မှု မရှိဘဲ၊ သဘောတူညီမှု မရှိဘဲနဲ့ ဖွဲ့စည်းပုံ ပြင်လို့မရဘူး။ စစ်တပ်သဘောတူလက်ခံတဲ့ ဘယ်ပုဒ်မတွေ ပြင်မယ်ဆိုတာမျိုးကို နိုင်ငံရေးအရ အနုပညာမြောက်အောင် ညှိနှိုင်းဆောင်ရွက်နိုင်ရင် ပြင်လို့ရမယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ တစ်ပါတီတည်းနဲ့ကတော့ အကုန်နိုင်သွားလည်း ပြင်လို့မရဘူး။ ပြီးခဲ့တဲ့ငါးနှစ်သက်တမ်းမှာလည်း သက်သေပြပြီးပြီ။ တောင်ပြိုကမ်းပြိုနိုင်ထားတာပဲ” ဟု ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရလက်ထက် ပထမအကြိမ်လွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှုဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ၅၄ ချက် ပြင်ဆင်နိုင်ခဲ့သော်လည်း NLD လွှမ်းမိုးသည့် လွှတ်တော်သက်တမ်းတွင် အချက် ၂ ချက်ကိုသာ ပြင်နိုင်ခဲ့သည်ဟုလည်း ဦးကိုကိုကြီးက ပြောသည်။
တစ်ပါတီတည်းဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပိုခက်ခဲသွားမည်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အတွင်းရေးမှူး(၁) စိုင်းကျော်ညွန့်က Myanmar Now ကို ပြောသည်။
“ဖွဲ့စည်းပုံက ၇၅ ရာခိုင်နှုန်းမကျော်ရင် မရဘူး။ NLD တစ်ပါတီတည်းဆိုရင်တော့ ပိုဝေးပြီပေါ့ဗျာ။ ၇၅ ရာခိုင်နှုန်း အပြည့်ရစရာ အကြောင်းလည်း မရှိဘူး။ ပါတီတစ်ခုတည်း ကြိုးစားရမှာ မဟုတ်ဘူး။ အားလုံး ဝိုင်းကြိုးစားရမှာ။ အားလုံးဝိုင်းကြိုးစားရင်တောင် တပ်ဘက်က သဘောမတူရင် ပြင်လို့ရတဲ့အရာ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။
၂၀၁၀ မှ ၂၀၁၅ အထိ ပြည်ခိုင်ဖြိုးပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သူ ဦးတင်ယုကလည်း “ပါတီပေါင်းစုံကတော့ ရွေးကောက်ပွဲကတိကဝတ် ပေးကြတာပဲ။ ပြင်သင့်တာကတော့ ပြင်ရမှာပဲ။ တိုင်းရင်းသားတွေ ကွဲလို့မရဘူး။ အမျိုးသားရေးမူဝါဒကို မထိခိုက်ရင် ခေတ်စနစ်နှင့် လျော်ညီအောင် ပြင်ရမှာပါပဲ” ဟု ပြောသည်။

အခြေခံဥပဒေကို NLD အပြင် ဘယ်သူပြင်ချင်သေးလဲ
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) နှင့် အခြားတိုင်းရင်းသားပါတီများကလည်း ပုဒ်မ ၂၆၁ အပါအဝင် ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်လိုကြသည်။
‘‘ဒီနေ့အခြေအနေမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အစမှအဆုံးတိုင် ပြန်လည်ပြုပြင်ရေးဆွဲမယ့် တာဝန်တစ်ရပ်တိုးလာတဲ့အပြင် နဂိုရင်းစွဲ စစ်အာဏာရှင်တိုက်ဖျက်ရေး၊ လူမျိုးကြီးဝါဒ ပပျောက်ရေးကိစ္စတွေကိုလည်း ဆက်လက်ဆင်နွှဲနေကြရမှာ ဖြစ်ပါတယ်’’ ဟု SNLD ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက အောက်တိုဘာ ၂၆ ရက်က ကျင်းပခဲ့သည့် ပါတီတည်ထောင်ခြင်း ၃၂ နှစ်ပြည့်အခမ်းအနားတွင် ပြောကြားခဲ့သည်။
SNLD ပါတီအနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကို အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟုလည်း ပါတီအတွင်းရေးမှူး(၁) စိုင်းကျော်ညွန့်က ပြောသည်။
“ကျွန်တော်တို့နိုင်ရင်လည်း အတိုင်းအတာတစ်ခုထိပဲ နိုင်မှာ။ ကျွန်တော်တို့က ဒီမိုကရေစီကို ယုံကြည်သက်ဝင်တဲ့ အဖွဲ့အစည်းအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်။ နည်းလမ်းကတော့ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ အကုန်သွားရမှာဖြစ်တယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ အာဏာရပါတီဖြစ်သည့် NLD သည် ဖွဲ့စည်းပုံပြင်ရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကြွေးကြော်သံများဖြင့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရရေး မဲဆွယ်စည်းရုံးခဲ့သည်။
နိုင်ငံရေးပါတီများ မက်လုံးပေးသော ရွေးကောက်ပွဲကတိကဝတ်များနှင့်ပတ်သက်ပြီး ပြည်သူက ဆုံးဖြတ်ရမည့်ကိစ္စဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောသည်။
“NLD အပါအဝင် နိုင်ငံရေးပါတီတွေသည် ရွေးကောက်ပွဲဝင်တဲ့အခါမှာ ရွေးကောက်ပွဲကတိကဝတ်တွေကို ပေးကြပါတယ်။ လူထုအနေနဲ့ကတော့ ရွေးကောက်ပွဲပြီးတဲ့အချိန်မှာ သူတို့ ဘာလုပ်သလဲဆိုတာနဲ့ပဲ ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ဦးမောင်မောင်စိုးသည် နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးကိစ္စရပ်များအပါအဝင် မြန်မာ့နိုင်ငံရေးများ သုံးသပ်နေသူတစ်ယောက်လည်း ဖြစ်သည်။
“ပြည်သူကြားထဲ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိနေတဲ့ အတွေးအခေါ်ပေါ့။ အစိုးရဖွဲ့နိုင်တဲ့ပါတီကို မဲပေးပါ။ နောက်တစ်ခုက တစ်ပါတီတည်းအနိုင်ရမှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်နိုင်မယ်။ အဲဒါက ပြည်သူတွေကို၊ မသိနားမလည်မှုကို အမြတ်မထုတ်စေချင်ဘူး။ မှန်မှန်ကန်ကန် ရှင်းပြပြီး စည်းရုံးတာ ကောင်းတယ်လို့ ကျွန်တော်မြင်တယ်” ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။