သတင်း

ရခိုင်တွင် စစ်ရှုံးနေစဉ် စစ်ကောင်စီက ပလက်ဝကို လေကြောင်းမှ တိုက်ခိုက်

ရခိုင်စစ်မျက်နှာပြင်တွင် အထိနာနေသည့် စစ်တပ်က AA သိမ်းပိုက်ထားသည့် ချင်းပြည်နယ်တောင်ပိုင်းမှ မြို့ကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အသက် ၈ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ၂ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရသည်ဟု သိရသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများတွင် ဆက်တိုက်အရှုံးပြနေစဉ် စစ်ကောင်စီက ယမန်နေ့ (ဖေဖော်ဝါ ရီ ၁၁) နေ့တွင် ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်ထားသည့် ချင်းပြည်နယ်တောင်းပိုင်းရှိ ပလက်ဝမြို့ကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ယမန်နေ့ ညနေပိုင်းတွင် စစ်ကောင်စီက ပလက်ဝမြို့ပေါ်ကို နှစ်ကြိမ်တိုင် ဗုံးကြဲသည့်အပြင် လေ​ယာဉ်အသုံးပြုကာ စက်သေနတ်ဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း၊ ၈ နှစ်အရွယ် ကလေးတစ်ဦး အပါ အဝင် ၂ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရကြောင်း AA နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။

ရခိုင်နှင့် ချင်းပြည်နယ်အစပ် ကုလားတန်မြစ်အထက်ပိုင်းရှိ ပလက်ဝမြို့ကို လွန်ခဲ့သည့် နိုဝင်ဘာလ အလယ်ပိုင်းတွင် AA က စတင်တိုက်ခိုက်ခဲ့ပြီး နှစ်လအကြာ ဇန်နဝါရီလတွင် အပြည့်အဝထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့သူများနှင့်ပတ်သက်၍ အသေးစိတ်မသိရပေ။

ပလက်ဝမြို့ကို AA က ထိန်းချုပ်ပြီးနောက် ဒေသခံအချို့ မြို့ထဲ ပြန်ဝင်သော်လည်း အများစုမှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေဆဲဟု ချင်းတော်လှန်ရေးအင်အားစုများ ဖွဲ့စည်းထားသည့် “ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီ”  (Paletwa Autonomous District Council) မှ သိရသည်။

အာဏာရှင်စနစ် အမြတ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ်ဖြင့် နိုင်ငံတော်သစ်ပေါ်ပေါက်လာရေးဟူသော ရည်ရွယ်ချက်ဖြင့် ပလက်ဝဒေသကို အခြေပြုဖွဲ့စည်းထားခြင်းဖြစ်ကာ ထိုကောင်စီတွင် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) လည်း ပါဝင်သည်ဟု သိရသည်။

“မြို့ပေါ်ပြန့်နေတဲ့လူဦးရေလည်း ခန့်မှန်းဖို့ ခက်ပါတယ်။ အနည်းအကျဉ်းလောက်ပဲ ပြန်မှာပါ။ မြို့နယ်တစ်ခုလုံးကို ခြုံပြီးပြောမယ်ဆို ရင် စစ်ရှောင်တွေရော၊ ပြည်သူတွေရော အကုန်လုံးက အကျပ်အတည်းတွေနဲ့။ အားလုံးက စစ်ရှောင်လို နေရတဲ့အနေအထားပါ။ အားလုံးက ချောင်ပိတ်မိတဲ့ အနေအထားပေါ့” ဟု ခရိုင်ကောင်စီဥက္ကဋ္ဌက ပြောသည်။

 ပလက်ဝမြို့ဝင်ဆိုင်းဘုတ်ကို ယခုနှစ် ဖေဖော်ဝါရီလအတွင်းက တွေ့မြင်ရစဉ်။ (ဓာတ်ပုံ – ကျော်လင်းထွန်း/ Myanmar Now)

စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်တာအတွင်း ချင်းပြည်နယ်နှင့် ချင်းတိုင်းရင်းသားများ နေထိုင်ရာ ဒေသများ၌ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၈၄ ဦး သေဆုံးခဲ့သည်ဟု ချင်းရေးရာအဖွဲ့ (Institute of Chin Affairs ) က ယခုလ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။

ဇန်နဝါရီလကုန်ပိုင်းကလည်း ပလက်ဝမြို့နယ် ဟုန်းရွာကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၇ ဦးသေဆုံးခဲ့သည်။

ယမန်နေ့က ပလက်ဝမြို့ ဗုံးကြဲတိုက်ခိုက်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာထုတ်ပြန်ခြင်း မရှိပေ။ စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း ဆက်တိုက်အရှုံးပြနေသော တိုက်ပွဲများနှင့်ပတ်သက်၍လည်း ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စတင်ခဲ့သည့် “၁၀၂၇” စစ်ဆင်ရေး၏ အစိတ်အပိုင်းအဖြစ် ရခိုင်ပြည်နယ်အတွင်း နိုဝင်ဘာ ၁၃ ရက်မှစ၍ AA က ထိုးစစ်စတင်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီဘက်က ကုန်းလမ်း၊ ရေလမ်း အလုံးစုံပိတ်ဆို့ခဲ့သော်လည်း ဆက်တိုက်အရေးနိမ့်နေသည်ကို တွေ့ရသည်။

စစ်ကောင်စီအနေဖြင့် ရခိုင်ပြည်နယ်အတွင်း မြို့နယ်သုံးခုခန့်ကိုသာ အပြည့်အဝထိန်းချုပ်နိုင်ပြီး တပ်စခန်းပေါင်းများစွာ လက်လွတ်ဆုံးရှုံးထားသည်။ ထို့ပြင် တပ်ဖွဲ့ဝင် ရာနှင့်ချီကာ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း ထွက်ပြေးခဲ့ကြသည်။

စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးသည့် အရေအတွက်ကို မသိရသော်လည်း AA နှင့် တိုက်ပွဲများအတွင်း ဗိုလ်မှူးချုပ်အဆင့်ထိ ကျဆုံးခဲ့သည်ကို တွေ့ရသည်။ ယခုရက်ပိုင်းအတွင်း၌ပင် စစ်တပ်သုံး သင်္ဘောသုံးစီးကို နှစ်မြှုပ်ပစ်နိုင်ခဲ့သည်ဟု AA က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဆက်ဖြစ်နေပြီး ရမ်းဗြဲ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်းတို့တွင် တိုက်ပွဲများပြင်းထန်လျက်ရှိသည်ဟု သိရသည်။

တရုတ်စီမံကိန်းကြီးများရှိရာ ကမ်းရိုးတန်းဒေသတစ်လျှောက် အရေးမလှဖြစ်နေချိန် မန္တလေးမြို့ပေါ်ရှိ လူစည်ကားရာနေရာများ၌ ရခိုင်ဆန့်ကျင်ရေး လူမျိုးရေးမုန်းတီးရေး စာရွက်များလိုက်ကပ်နေသည်ကို တွေ့ရသည်။ မြို့ခံများအဆိုအရ စစ်ကောင်စီ၏ အရပ်ဝတ်လက်နက်ကိုင်များက ထိုစာရွက်များ ကပ်ခြင်းဖြစ်သည်ဟု သိရသည်။

AA က ကျောက်တော်မြို့အနီး တိုက်ခိုက်သိမ်းပိုက်ခဲ့သော စစ်သင်္ဘောတစ်စီးကို ဖေဖော်ဝါရီ ၁၁ ရက်က ထုတ်ပြန်ခဲ့စဉ်။ (ဓာတ်ပုံ-AA info Desk)

Show More

Related Articles

Back to top button