သတင်း

ရခိုင် ၁၇ မြို့နယ်အနက် ၃ မြို့နယ်သာ စစ်ကောင်စီ အပြည့်အဝထိန်းချုပ်နိုင်

ရခိုင်ပြည်နယ်အတွင်း ဂွ၊ သံတွဲနှင့် မာန်အောင်မြို့နယ်တို့တွင်သာ စစ်ကောင်စီအုပ်ချုပ်မှုကို တွေ့နိုင်ပြီး ကျန်ဒေသများသည် ထိုးစစ်ကြောင့် ထိန်းချုပ်နိုင်ခြင်း ပျက်ယွင်းလာနေသည်။

ပြည်နယ်ဖွဲ့စည်းပုံအရ မြို့နယ် ၁၇ မြို့နယ်ရှိသည့် ရခိုင်ပြည်နယ်တွင် ဂွ၊ သံတွဲနှင့် မာန်အောင် ၃ မြို့နယ်သာ စစ်ကောင်စီ၏ အပြည့်အဝထိန်းချုပ်မှုအောက်တွင် ကျန်ရှိပြီး ကျန်ဒေသများမှာ ရက္ခိုင့်တပ်တော် (AA) က သိမ်းထားသော၊ ဆက်လက် ထိုးစစ်ဆင်နေသော ဒေသများ ဖြစ်လာသည်။

AA သည် ရခိုင်ပြည်နယ်မှ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပေါက်တော၊ ချင်းပြည်နယ် ပလက်ဝမြို့တို့ကို သိမ်းပိုက်ထားပြီး ဖြစ်သည်။

လက်ရှိတွင် ရမ်းဗြဲ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး၊ စစ်တွေ၊ မြေပုံ၊ အမ်း၊ တောင်ကုတ်တို့တွင် နှစ်ဖက်တပ်များ စစ်ပြင်လျက်ရှိသည်။

မင်းပြားမြို့နှင့် ၁၀ မိုင်ခန့် ဝေးကွာသည့် စစ်ကောင်စီ၏ အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကိုလည်း AA တပ်များက ဝိုင်းထားကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက Myanmar Now ကို ပြောသည်။

“မင်းပြားမြို့နဲ့ တိုင်းဗဟို ၉ နဲ့က တခြားစီပဲ။ ဘာလို့လဲဆိုတော့ ဝေးတယ်။ ပြီးတော့ တိုင်းဗဟို ၉ အခြေအနေကလည်း အပြင်ထွက်လို့လည်း မရဘူး၊ မြို့ကို စစ်ကူပေးဖို့ကလည်း မဖြစ်နိုင်တော့ဘူး။ မင်းပြားမြို့ကတော့ AA ထိန်းချုပ်မှုအောက် လုံးဝရောက်သွားပြီ” ဟု ရခိုင့်နိုင်ငံရေးလေ့လာသူလည်းဖြစ်သူ ဦးဖေသန်းက ပြောသည်။

AA သည် ကိုးကန့်တပ် (MNDAA)၊ တအာင်း/ပလောင်တပ် (TNLA) တို့နှင့်အတူ ၂၀၂၃ အောက်တိုဘာ ၂၇ မှ စတင်ကာ ရှမ်းပြည်မြောက်ပိုင်း တပ်စခန်းများကို တရစပ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ထိုးစစ်ကို “၁၀၂၇ စစ်ဆင်ရေး” ဟု ညီနောင် ၃ ဖွဲ့က အမည်ပေးခဲ့သည်။

စစ်ဆင်ရေး ရက်သတ္တနှစ်ပတ် ကျော်လာချိန်တွင် AA က ၎င်း၏ အဓိကနယ်မြေဖြစ်သည့် နိုင်ငံအနောက်ပိုင်းတွင် စတင်တိုက်ခိုက်ရာမှ ၁၀၂၇ စစ်ဆင်ရေးနယ်မြေ ပိုမို ကျယ်ပြန့်လာသည်။

တရုတ်၏ ဖိအားကြောင့် ထိုးစစ်ကို တရုတ်နှင့် ကပ်လျက်တည်ရှိသော ရှမ်းပြည်နယ်တွင် ရပ်တန့်ပေးလိုက်ရသော်လည်း ရခိုင်ပြည်နယ်တွင်မူ ထိုးစစ် ဆက်ရှိနေသည်။

ခံစစ်ဆင်နေရသည့် စစ်ကောင်စီတပ်တွင် အထူးအားကိုးရသည်မှာ လေကြောင်းတိုက်ခိုက်မှု၊ ရေတပ်နှင့် ကြည်းတပ်၏ လက်နက်ကြီးပစ်ခတ်မှုတို့ ဖြစ်သည်။

ဖေဖော်ဝါရီ ၇ နှင့်၈ တို့တွင် မြစ်တွင်း သွားလာနေသည့် စစ်ကောင်စီ၏ ကမ်းထိုးယာဉ်အပါအဝင် ရေယာဉ် ၃ စီးမှာ AA လက်ချက်ကြောင့် နစ်မြုပ်သွားသည်၊ အခြားစစ်သင်္ဘောတစ်စီးကိုလည်း ထိခိုက်ပျက်စီးသွားစေရန် တုံ့ပြန်တိုက်ခိုက်နိုင်ခဲ့သည်ဟု ညီနောင်သုံးဖွဲ့က ယမန်နေ့က ထုတ်ပြန်သည်။

ထိုစစ်သင်္ဘောတို့ကို မည်သည့်နေရာတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခြင်းမရှိပေ။

ဖေဖော်ဝါရီ ၇ တွင် ကျောက်တော်မြို့နယ် အပေါက်ဝရွာအနီး မြစ်ကြောင်းအတွင်း စစ်သင်္ဘော ၂ စီး တိုက်ခိုက်ခံခဲ့ရပြီး မီးခိုးလုံးများကိုလည်း မြင်တွေ့ခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီ ၈ ဖြစ်စဉ်ကိုမူ မသိရသေးပေ။

ယမန်နေ့တွင်လည်း AA ထိုးစစ်ဆင်နေသည့် ရမ်းဗြဲမြို့တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းတို့မှ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်ခဲ့သဖြင့် လူနေအိမ်များ မီးလောင်သွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

အလားတူ ယမန်နေ့က ရသေ့တောင်မြို့နယ်၊ အနောက်တောင်ပိုင်း အငူမော်-မောင်တောကားလမ်းမဘေးရှိ စစ်ကောင်စီ၏ “ကိုးတန်ကောက်နယ်ခြားစောင့်စခန်း” ကို AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ထိုစခန်းအနီးရှိ ဒုံးပိုက်နှင့် ချိန်ခါလီ နယ်ခြားစောင့်တပ်စခန်းတို့သည် AA တိုက်ပွဲဖော်ဆောင်သည့် နိုဝင်ဘာ ၁၃၊ ၁၄ တွင် တိုက်ခိုက်သိမ်းပိုက်ခံခဲ့ရသည်။

တောင်ကုတ်မြို့နယ် ကုလားရောင်ကျွန်းအနီးရှိ လောင်းတောင်ဗွေကျွန်းကို ယမန်နေ့ ညနေ ၃နာရီကျော်ခန့်တွင် စစ်လေယာဉ်တစ်စီး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် စက်သေနတ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီး ဆန္ဒပြသူတို့ကို အကြမ်းဖက်၊ ပစ်သတ်ရာမှ လက်နက်ကိုင်တော်လှန်ရေး ဒေသအသီးအသီးတွင် ပေါ်ပေါက်လာရာ စစ်ကောင်စီတပ်သည် နိုင်ငံအနှံ့တွင် တပ်ဖြန့်ထားရသည်။

စစ်သည်အင်အား လုံလောက်မှုမရှိသည့် အခြေအနေတွင် ရခိုင်စစ်မြေပြင်သို့ စစ်ကူပေးပို့သည်ကို မတွေ့ရပေ။

ထိုးစစ်အတွက် ကာလရှည် ကြိုတင်ပြင်ဆင်ခဲ့သော AA တပ်များက လက်ရှိထိုးစစ်အတွင်း အောင်မြင်မှုအများအပြား ရရှိနေသည်။ အာဏာသိမ်းတပ်၏ စခန်းအများအပြားကို သိမ်းပိုက်နိုင်ခဲ့သည်။

တချို့သော စခန်းသိမ်းတိုက်ပွဲများကို ရက်ပေါင်းများစွာ ခက်ခက်ခဲခဲ တိုက်ယူခဲ့ရသည်၊ နှစ်ဖက် ထိခိုက်ကျဆုံးမှု များပြားသည်ဟု သိရသည်။

Show More

Related Articles

Back to top button