
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ကို လေတပ်က ယမန်နေ့ (ဇန်နဝါရီ ၂၉) မွန်းလွဲ ၁ နာရီခန့်တွင် သွားရောက် တိုက်ခိုက်ရာ အရပ်သား ၇ ဦး သေဆုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ရက္ခိုင့်တပ်တော် (AA) သိမ်းယူထားသည့် ပလက်ဝမြို့နှင့် ချင်းတော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးထားသည့် မင်းတပ်မြို့အကြား လေးမြို့မြစ်ကမ်းဘေးရှိ ဟုန်းရွာကို ၃ ကြိမ် တိုက်ခိုက်ရာ ဗုံးကျသည့် နေရာတစ်ခုဖြစ်သည့် ထိုရွာအရှေ့ဘက်ဝန်းကျင်တွင် ရောက်နေသူများ အထိအခိုက်များခဲ့ရသည်။
ဆီကုန်သည်များ နေထိုင်သည့် နေရာအနီး ဗုံးကျစဉ် သေဆုံးသူတို့မှာ မင်းတပ်မြို့နယ် ကြုတ်ရွာဒေသခံ ၆ ဦး၊ ပလက်ဝမြို့နယ် ဒိုက်ချောင်းရွာမှ ၁ ဦး ဖြစ်ကြောင်း၊ ဆီအရောင်းအဝယ်လုပ်ကိုင်နေသူများ ဖြစ်ကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ဖြစ်သည့် CDF Daai ထံမှ သိရသည်။
“အဲဒီမြစ်နားကမ်းပေါ်က ဆီကုန်သည်တွေဆီ (ဗုံး) ကျတာ။ အရင် ရခိုင်ပြည်နယ်မှာ ဈေးပြုကြတာပေါ့၊ တိုက်ပွဲတွေရှိလာတော့ ရွာနီးနားက ဆီတွေကို အဲမှာ လာရောင်းကြတာ” ဟု CDF Daai မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
နေအိမ်ပျက်စီးသည်ဟု သတင်းရကြောင်း၊ ဆက်သွယ်ရေးအခြေအနေ အခက်အခဲကြောင့် အသေးစိတ် မသိရသေးကြောင်း ချင်းပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်နေသည့် ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization – CHRO) မှ စီမံချက်မန်နေဂျာ ဦးတီရာက ပြောသည်။
“ဗုံးကြဲတဲ့နေရာက ဟုန်းရွာက တိုက်ပွဲဖြစ်ပွားမှုလည်း မရှိဘူး။ စစ်ရေးတင်းမာတဲ့နေရာလည်း မဟုတ်ဘူး။ စစ်ရေးလှုပ်ရှားမှု လုပ်တဲ့နေရာလည်း မဟုတ်ဘူး။ အရပ်သားပြည်သူတွေ နေတဲ့နေရာ” ဟု ဦးတီရာက ဆက်ပြောသည်။
၂၀၂၃ ဒီဇင်ဘာ ၁၉ ရက်တွင်လည်း ဟုန်းရွာကို ပထမအကြိမ်လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးတစ်ဦး ခြေထောက် ဒဏ်ရာရရှိခဲ့ပြီး လက်ရှိအချိန်ထိ ဆေးကုသမှုခံယူနေရဆဲ ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၈၀ နီးပါး ရှိသည့် ဟုန်းရွာမှ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ တောတောင်များထဲတွင် ခိုလှုံနေရသူများလည်း ရှိကြောင်း သိရသည်။
“အများစုက အိမ်မှာမနေကြဘူး။ တောမှာ အိပ်ကြတယ်။ စစ်ရှောင်တာနဲ့တော့ အတူတူပေါ့။ အိမ်ခဏပြန်နေ၊ တောမှာ ပြန်အိပ် စသည်ဖြင့်” ဟု CDF Daai မှ တာဝန်ရှိသူက ဆိုသည်။
“အခုချိန်က အေးတော့ ပြည်သူတွေအတွက် ပိုဆိုးတာပေါ့။ အိမ်မှာနေရင် ဗုံးကြဲမယ်ဆိုတာ သူတို့ကြောက်နေကြတာ၊ ကြောက်နေရင်းနဲ့ ဖြစ်သွားတာ”
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင်လည်း မတူပီမြို့နယ်၊ ဝေလူးရွာကို လေတပ် တိုက်ခိုက်စဉ် အရပ်သား ၁၃ ဦး သေဆုံးရာ ထိုအထဲတွင် ကလေးငယ် ၈ ဦး၊ CDM ကျောင်းဆရာတစ်ဦး ပါဝင်သည်။
ယခုနှစ် ဇန်နဝါရီလဆန်းတွင်လည်း တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားသည့် ခမ်းပါတ်မြို့နှင့် ကပ်လျက်ရှိ ကနန်ရွာကို လေတပ်က တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၉ ဦးအပါအဝင် အရပ်သား ၁၇ ဦး သေဆုံးခဲ့ပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်။
စစ်ကောင်စီကမူ အရပ်သားများကို တိုက်ခိုက်ခြင်း မရှိကြောင်း ငြင်းဆိုလေ့ရှိသည်။
ရှမ်းမြောက်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က အောက်တိုဘာလကုန်တွင် “၁၀၂၇ စစ်ဆင်ရေး“ အမည်ဖြင့် ထိုးစစ်ဆင်ရာ စစ်တပ်က ရာနှင့်ချီသည့် စခန်းများလက်လွတ်ခဲ့ရပြီးနောက် တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် တိုက်ခိုက်မှုရပ်စဲထားချိန်တွင် မြန်မာနိုင်ငံအလယ်ပိုင်း အပါဝင် စစ်ရေးအရှိန်မြင့်နေပြီး အရပ်သားပြည်သူကိုပါ ပစ်မှတ်ထားသည့် လေတပ်၏ တိုက်ခိုက်မှုများ ဆက်တိုက် ပေါ်ပေါက်နေသည်။
“လေကြောင်းတိုက်ခိုက်တာကို တိုက်ပွဲဖြစ်တဲ့နေရာထက် အရပ်သားရှိတဲ့နေရာကို ပိုပြီးဦးစားပေးပြီးတော့ လုပ်တယ်ဆိုတော့ ပြည်သူကို အကြောက်တရားဖြစ်သွားအောင် တမင်သက်သက်လုပ်သွားတာ” ဟု ဦးတီရာက မှတ်ချက်ပြုသည်။