စစ်အာဏာရှင်စနစ်တော်လှန်ရေး ၃ နှစ်ပြည့်တွင် ထူးခြားသော စစ်ရေးအောင်မြင်မှုများနှင့်အတူ ပိုမိုရှင်းလင်းပြတ်သားသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေး နိုင်ငံရေးလမ်းပြမြေပုံကို မြင်တွေ့လာရသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည့် ထိုဘုံသဘောတူညီချက်သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (EROs) တို့အကြား တော်လှန်ရေးကာလ ၃ နှစ်အတွင်း ပထမဆုံးအကြိမ် ပူးတွဲထုတ်ပြန်နိုင်သည့် သဘောတူညီချက်ဖြစ်လာသည်။
ချင်းအမျိုးသားတပ်ဦး (CNF) ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့သည် ဘုံသဘောတူညီချက်တွင် ပါဝင်ကြောင်းနှင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နှင့် ရခိုင်တပ် AA တို့လည်း ပါဝင်လာရန် ဆက်လက်ကြိုးပမ်းမည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ ကဖေဖော်ဝါရိ ၆ ရက်နေ့ အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောဆိုခဲ့သည်။
“စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရက်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန်တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်အား ထုတ်ပြန်ကြေညာခြင်း” ဟု ခေါင်းစဉ်ဖြင့် ထိုကြေညာချက်သည် NUG နှင့် EROs အဖွဲ့များအကြား နိုင်ငံရေးအရ ဘုံသဘောထား ရပ်တည်ချက်တစ်ခုကို ပြည်သူအား ပွင့်လင်းစွာ ကတိကဝတ်ပြု ထုတ်ပြန်အသိပေးခဲ့ခြင်းအဖြစ် နားလည်နိုင်ပါသည်။
စင်စစ် “K3C” ဟု အတိုကောက် လူသိများကြသော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၊ KNU ၊ KNPP နှင့် CNF တို့သည့် အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်ရာတွင် NUG နှင့် တစ်လျှောက်လုံး လက်တွဲတိုက်ပွဲဝင်နေသော အဓိကတိုင်းရင်းသားတော်လှန်ရေးအဖွဲ့များဖြစ်ကြသည်။
နွေဦးတော်လှန်ရေး၏ ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်နေကြသော ထိုအဖွဲ့အစည်းများကို လေ့လာမည်ဆိုလျှင် NUG ကို ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်အရ De Jure အာဏာစွဲကိုင်ထားသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဖွဲ့စည်းခဲ့ပြီး၊ K3C သည် ထိန်းချုပ်နယ်မြေအသီးသီးရှိထားခြင်း၊ ထိုနယ်မြေအတွင်း နေထိုင်သော လူဦးရေ၊ ဒေသန္တရအုပ်ချုပ်ရေးစနစ်များနှင့် နယ်မြေကို ကာကွယ်သော လက်နက်ကိုင်တပ်ဖွဲ့များ ရှိထားသော De Facto အာဏာစွဲကိုင်ထားသည့် အဖွဲ့အစည်းများအဖြစ် တွေ့မြင်နိုင်ပါသည်။
လွန်ခဲ့သော ၃ နှစ်အတွင်း အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်စစ် ဆင်နွှဲရာတွင် De Jure နှင့် De Facto အာဏာနှစ်ရပ် ကိုင်စွဲထားသော အစုအဖွဲ့များ၏ စစ်ရေးနှင့် နိုင်ငံရေးအရ စုပေါင်းခေါင်းဆောင်မှုကို တွေ့မြင်နိုင်ပါသည်။
သို့ရာတွင် လက်တွေ့ဖြတ်သန်းမှုသမိုင်း မတူကွဲပြားခြင်းများကြောင့်၊ စစ်အာဏာရှင်ကို တော်လှန်နေသည့် တစ်ပြိုင်တည်း NUG နှင့် K3C အကြားတွင်လည်းကောင်း၊ K3C အချင်းချင်းအကြားတွင်လည်းကောင်း ယုံကြည်မှုတည်ဆောက်ခြင်းနှင့် ဘုံသဘောထားရပ်တည်ချက် ရှာဖွေနေရခြင်းကြောင့် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုကို နှေးကွေးစေခဲ့သည်ကို လေ့လာတွေ့ရှိရသည်။
ဗမာလူများစုအပါအဝင် တိုင်းရင်းသားအားလုံးအပေါ် အာဏာသိမ်းစစ်တပ်၏ တစ်ပြေးညီ ရက်စက်ကြမ်းကြုတ်မှုများကြောင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ဖယ်ရှားရေးတွင် ဗမာနိုင်ငံရေးသမားများနှင့် တိုင်းရင်းသား ERO ခေါင်းဆောင်များအကြား ခိုင်မာသော ပူးပေါင်းမှုနှင့် သဘောညီမျှမှုများကို ရရှိစေခဲ့ပါသည်။
သို့သော်ငြားလည်း ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးတွင် လက်တွေ့ကျသော အသွင်ကူပြောင်းရေးအဆင့်များကို မည်သို့ဖြတ်သန်းကြမည်နည်း ဆိုသည်မှာ လွန်ခဲ့သော ၃ နှစ်အတွင်း နိုင်ငံရေးအရ အလွန်အကဲဆတ်သော အခြေအနေအဖြစ် ရှိနေခဲ့သည်။
ထိုအခြေအနေတွင် ညီနောင်မဟာမိတ် ၃ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” ပေါ်ပေါက်လာမှုနှင့်အတူ စစ်ရေးချိန်ခွင်လျှာ အလှည့်အပြောင်းတစ်ခု လျင်မြန်စွာ ဖြစ်ပေါ်လာပြီး၊ မပြိုလဲနိုင်သော စစ်တပ် (Unbeatable Army) အဖြစ် နိုင်ငံတကာက သတ်မှတ်ထားခဲ့သော စစ်တပ်၏ ပြိုလဲနိုင်ခြေကို မြင်တွေ့လာရသောအခါ၊ တော်လှန်ရေးအင်အားစုများအကြား မဟာမိတ်ညီညွတ်ရေးသည် စစ်ရေးတွင်သာမက နိုင်ငံရေးအရ ဘုံသဘောထားရပ်တည်ချက်တစ်ခု အချိန်ကိုက် ထွက်ပေါ်လာသည်အထိ တိုးတက်ခိုင်မာလာခဲ့သည်။
ထို့ပြင် အဆိုပါ ဘုံသဘောထားရပ်တည်ချက်သည် နိုင်ငံရေးအယူအဆ မတူကွဲပြားသော အစုအဖွဲ့များအကြား ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးဆိုင်ရာ ဝိဝါဒကွဲပြားမှုများနှင့် စိုးရိမ်မှုများကြောင့် ဖြစ်ပေါ်နေသော အခက်အခဲတစ်ချို့ကို ဖြေရှင်းကျော်လွှာပြီး၊ တော်လှန်ရေးရှေ့ခရီးတွင် ကြုံတွေ့ရမည့် ပိုမို ကြီးမားသော စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် ညီညွတ်မှု အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောင်နိုင်ခဲ့ခြင်းဟု သုံးသပ်တွေ့ရှိရသည်။
ဘုံသဘောထားရပ်တည်ချက်က ဝိဝါဒကွဲပြားမှုများကို ဖယ်ရှားနိုင်ခဲ့ခြင်း
လွန်ခဲ့သော ၃ နှစ်အတွင်း ၎င်းတို့ထက် အဆမတန် အင်အားကြီးပြီး၊ သွေးခွဲမှုဗျူဟာ ကြွယ်ဝသော စစ်တပ်နှင့် စစ်ခေါင်းဆောင်များကို ခုခံတော်လှန်ရာတွင်၊ တော်လှန်ရေးအင်အားစုများအကြား ညီညွတ်ရေးသည် အသက်တမျှအရေးကြီးကြောင်း နားလည်ခဲ့ကြပါသည်။
သို့သော် ထိုအစုအဖွဲ့များအကြား ပင်ကိုယ်အရ ကွဲပြားသောသမိုင်းကြောင်းနှင့် ရပ်တည်ချက်အခြေခံအမျိုးမျိုး ရှိနေခဲ့ကြခြင်းကြောင့်လည်းကောင်း၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေး တော်လှန်ရေးလမ်းညွှန်အဖြစ် ပေါ်ထွက်လာသော “ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အပိုင်း (၁) နှင့် (၂) တို့ကို တော်လှန်ရေးပထမနှစ် (၂၀၂၁) ခုနှစ်အတွင်း ရေးဆွဲခဲ့ကြရာတွင်၊ ယေဘုယျဆန်မှုများ ပါဝင်နေသဖြင့်လည်းကောင်း၊ လက်တွေ့ဆောင်ရွက်သည့်အခါ တော်လှန်ရေးအဖွဲ့များအကြား ဝိဝါဒကွဲပြားမှုများ ရှိနေခဲ့ပြီး၊ အချင်းချင်းအကြား စဉ်ဆက်မပြတ် နားလည်မှု တည်ဆောက်နေရခြင်းနှင့် စိုးရိမ်းမှုများကို ဖြေရှင်းနေရခြင်းတို့ ရှိနေခဲ့သည်ဟု ကြားသိရသည်။
ပထမ ဝိဝါဒကွဲပြားမှုတစ်ခုမှာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်တွင် ဖော်ပြထားသော နိုင်ငံရေးလမ်းပြမြေပုံအရ ကြားကာလ (Interim) အစိုးရမှ အသွင်ကူးပြောင်းရေးကာလ (Transitional) အစိုးရသို့ ပြောင်းလဲဖွဲ့စည်းခြင်းဆိုင်ရာပြဌာန်းချက်များ ပါဝင်သော်လည်း အချိန်ကာလဆိုင်ရာ ပိုင်းခြားသတ်မှတ်မှု တိတိကျကျ မပါဝင်ခဲ့ပါ။
သို့သော် ယခုထွက်ပေါ်လာသော NUG နှင့် K3C + တို့၏ ဘုံသဘောထားရပ်တည်ချက် လုပ်ငန်းစဉ်အဆင့်ဆင့်၏ အချက် (ဂ) တွင် “စစ်အာဏာသိမ်းမှု အဆုံးသတ်၍ စစ်ကောင်စီ (သို့) မြန်မာစစ်တပ် ကျောထောက်နောက်ခံ အုပ်ချုပ်ရေးအဖွဲ့အား အပြီးသတ်ဖယ်ရှားပြီးနောက် ဖက်ဒရယ်အဆင့်တွင် အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (T-NUG) နှင့် အသွင်ကူးပြောင်းရေးကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ် အစိုးရများဖွဲ့စည်းပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ပြန်လည်တည်ဆောက်ခြင်း” ဟု ဖော်ပြထားသည်။
ထို့ကြောင့် ကြားကာလနှင့် အသွင်ကူးပြောင်းရေးကာလဆိုင်ရာ အချိန်ပိုင်းခြားသတ်မှတ်မှုကို ရှင်းလင်းစွာ ဖော်ပြလာခြင်းကြောင့် ထိုဝိဝါဒကွဲပြားမှုကို ဖယ်ရှားနိုင်ခဲ့ပြီဟု ဆိုနိုင်ပါသည်။
ထို့ပြင် ယခုထွက်ပေါ်လာသော ဘုံသဘောထားရပ်တည်ချက် လုပ်ငန်းစဉ်အဆင့်ဆင့်၏ အချက် (ဂ-၁) တွင် “အာဏာရှင်စနစ်တော်လှန်ရေးတွင် ပါဝင်ခဲ့သော သက်ဆိုင်သည့် နိုင်ငံရေးအစုအဖွဲ့များ ပါဝင်၍ အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းခြင်း” ဟု ဖော်ပြထားသည်။
ထို့ကြောင့် အသွင်ကူးပြောင်းရေးကာလကို တော်လှန်ရေးအလွန်ကာလအဖြစ် သတ်မှတ်ခြင်းနှင့် ထိုကာလကျမှ အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးလုပ်ငန်စဉ် စတင်ရန်နှင့် ထိုလုပ်ငန်းစဉ်တွင် “တော်လှန်ရေးထဲ ပါဝင်ခဲ့သော နိုင်ငံရေးအစုအဖွဲ့များ” သာ ပါဝင်နိုင်မည့် သတ်မှတ်ချက်ကိုပါ လေ့လာတွေ့ရှိရသည်။
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အပိုင်း (၂) ၏ ပုဒ်မ ၅၄ တွင် ပြဋ္ဌာန်းထားသော “ကြားကာလမှာပင် အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်မည်” ဟု ပြဋ္ဌာန်းထားသဖြင့် ဝိဝါဒကွဲပြားနိုင်ပါသည်။ သို့သော် လုပ်ငန်းစဉ်အဆင့်ဆင့်၏ အချက် (ဂ-၁) တွင် ပါဝင်မည့် အစုအဖွဲ့များကို အတိအကျသတ်မှတ်ထားခြင်းနှင့် စတင်ရေးဆွဲမည့် အချိန်ကာလကို အတိအကျဖော်ပြထားခြင်းကြောင့် တော်လှန်ရေးအင်အားစုများအကြား ပိုမိုရှင်းလင်းသော လမ်းပြမြေပုံအဆင့်တစ်ခု ဖြစ်လာစေပြီး၊ ပုဒ်မ ၅၄ ကိုလည်း ပြင်ဆင်ရန် လိုအပ်မည်ဖြစ်သည်။
ထို့အပြင် NUG နှင့် K3C + ၏ ဘုံသဘောထားရပ်တည်ချက် လုပ်ငန်းစဉ်အဆင့်ဆင့်၏ အချက် (ဃ-၁) တွင် “ပြည်နယ်/ဖက်ဒရယ်ယူနစ်များ သတ်မှတ်ဖွဲ့စည်းရေးနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များ၏ နယ်နိမိတ် ပိုင်းခြားသတ်မှတ်ရေးကိစ္စများကို အသွင်ကူးပြောင်းရေးကာလ ရောက်ရှိသည့်အခါ အဓိက သက်ဆိုင်သူအားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများတွင် ငြိမ်းချမ်းစွာညှိနှိုင်းဆောင်ရွက်ခြင်း” ဆိုသည့် အချက် ပါဝင်လာခြင်းသည် ထူးခြားသော တိုးတက်မှုတစ်ခု ဖြစ်ခဲ့သည်။
အကြောင်းမှာ တော်လှန်ရေးအင်အားစုများအကြား လွန်ခဲ့သော ၃နှစ်အတွင်း “ဗမာပြည်နယ်” မဖြစ်မနေ ဖွဲ့စည်းရေး တွန်းအားပေးနေသော အစုအဖွဲ့များနှင့် တော်လှန်ရေးကာလတွင် ထိုသို့ဖွဲ့စည်းရန် မဖြစ်နိုင်ဟု ခုခံချေပနေကြသော အစုအဖွဲ့များအကြား နိုင်ငံရေးငြင်းခုံမှုများနှင့် အပြန်အလှန်စွပ်စွဲမှုများ ပြင်းထန်ခဲ့ပြီး၊ ညီညွတ်ရေးပျက်ပြားစေနိုင်သည်အထိ အန္တရာယ်ကြီးမားခဲ့သည်။ ယခုအခါ အဆိုပါ ဘုံသဘောထားရပ်တည်ချက်က ညီညွတ်ရေးပျက်ပြားစေနိုင်သော “ဗမာပြည်နယ်” ဖွဲ့စည်းရေး ငြင်းခုံမှုများကို အဆုံးသတ်စေခဲ့သည်။
သို့ရာတွင် NUG နှင့် K3C + ၏ ဘုံသဘောထားရပ်တည်ချက်ပါ အချက်များကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အပိုင်း (၂) အရ NUCC နှင့် ပြည်သူ့ညီလာခံတွင် ပြင်ဆင်ခြင်းနှင့် အတည်ပြုခြင်းတို့ ပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။ NUG နှင့် K3C + သည် NUCC ၏ သက်ဆိုင်ရာ အစုအဖွဲ့များတွင် ပါဝင်နေကြသဖြင့် ထိုသို့ဆောင်ရွက်ရန် ခက်ခဲမည်မဟုတ်ဟု ယူဆနိုင်ပါသည်။
ဘုံသဘောထားရပ်တည်ချက်က နိုင်ငံရေးသံသယများကို ဖယ်ရှားနိုင်ခဲ့ခြင်း
ဗမာလူမျိုးကြီးဝါဒကြီးစိုးမှု ချုပ်ငြိမ်းရေးကို စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့်အတူ အကြိမ်ကြိမ် ထုတ်ဖော် ပြောဆိုနေကြသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များအကြား၊ ဗမာနိုင်ငံရေးသမားများနှင့် ဗမာစစ်တပ်အကြား တစ်ချိန်ချိန်တွင် ပြန်လည်သင့်မြတ်ရေးအခြေခံပေါ်မှ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီး၊ ပြဿနာကို အချင်းချင်းဖြေရှင်းကာ ဗမာလူမျိုးကြီးဝါဒ ဆက်လက်ကြီးစိုးမည့် နိုင်ငံရေးသံသယ ကြီးမားစွာ ရှိနေသည်ကို လေ့လာတွေ့ရှိရပါသည်။
ထိုနိုင်ငံရေး သံသယနောက်ကွယ်က စိုးရိမ်စိတ်များထဲ အထူးသဖြင့် ပြည်သူများအပေါ် ဩဇာလွှမ်းမိုးမှု ကြီးမားသော ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ နိုင်ငံရေးခေါင်းဆောင်နှင့် စစ်ခေါင်းဆောင်တို့အကြား နှစ်ဖက် အပေးအယူလုပ်ပြီး စစ်တပ်၏ နိုင်ငံရေးထွက်ပေါက်ရှာနိုင်သော ဖြစ်နိုင်ခြေနှင့် ထိုသို့ဖြစ်လာပါက ဗမာနိုင်ငံရေးသမားများက ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်နောက် လိုက်သွားကြမည်လား ဆိုသည့်အချက် ပါဝင်သည်။
တစ်ဖန် စစ်တပ်သည် သွေးခွဲရေးဗျူဟာ ကျွမ်းကျင်မှုကြောင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တစ်ခုသည် တော်လှန်ရေး လမ်းခုလတ်တွင် စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီပြီး၊ ဒေသန္တရအုပ်ချုပ်ရေးအာဏာကို ခွဲဝေကြသည့် အပေးအယူလုပ်ပြီး၊ ပြည်သူ့တော်လှန်ရေးကို စစ်ခေါင်းဆောင်များ ဖြိုခွဲနိုင်ခြင်း ဖြစ်နိုင်ခြေအပေါ် နိုင်ငံရေးသမားများကလည်း စိုးရိမ်နေကြောင်း လေ့လာတွေ့ရှိရပြန်ပါသည်။
ထိုအခြေအနေတွင် NUG နှင့် K3C + ဘုံသဘောထားရပ်တည်ချက် ကြေညာချက် လုပ်ငန်းစဉ်အဆင်ဆင့်၏ အချက် (ခ) တွင် “မြန်မာစစ်တပ်တာဝန်ရှိသူများအနေဖြင့် နိုင်ငံရေးဦးတည်ချက် (၆) ရပ်အား လက်ခံလာလျှင် စစ်အာဏာသိမ်းမှု အဆုံးသတ်ခြင်းနှင့် အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ဆွေးနွေးခြင်း” ဆိုသည့်အချက် ထည့်သွင်းထားခြင်းကြောင့် တွေ့ဆုံဆွေးနွေးရေး (Dialogue) နှင့် ပတ်သက်သော ရှင်းလင်းသည် သဘောထားရပ်တည်ချက် ပေါ်ထွက်လာပြီး၊ နိုင်ငံရေးသံသယနှင့် စိုးရိမ်စိတ်များ ချေဖျက်ပြီသား ဖြစ်သွားသည်ဟု ဆိုနိုင်ပါသည်။
ထို့ပြင် ကြေညာချက်ပါ ရပ်တည်ချက် (Position) ၏ အချက် (ဆ) တွင် “နိုင်ငံရေးအခွင့်ထူးခံများ အချင်းချင်းအကြား ပြုလုပ်သည့် အာဏာခွဲဝေမှုကို လက်ခံမည် မဟုတ်ပါ” ဆိုသည့်အချက် ထည့်သွင်းထားသည်ကို သတိပြုမိသည်။
ယခုအခါ NUG နှင့် K3C + တို့ အကြား အဆိုပါ ဖြစ်နိုင်ခြေအားလုံးကို လက်မခံနိုင်သော ဘုံသဘောထားရပ်တည်ချက်တစ်ခု ချမှတ်နိုင်ခဲ့ခြင်းအား ပြည်သူကို ပြတ်သားစွာအသိပေးလိုက်ခြင်းက နွေဦးတော်လှန်ရေး ဦးဆောင်အဖွဲ့များအကြား စုစည်းညီညွတ်မှု ပိုမိုခိုင်မာလာခြင်းကို လေ့လာတွေ့ရှိရသည်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်ဆိုင်ရာ နိုင်ငံရေးသံသယနှင့် အငြင်းပွားမှုကို အဆုံးသတ်နိုင်ခဲ့ခြင်း
နွေဦးတော်လှန်ရေးသည် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က လက်မခံနိုင်ဘဲ၊ အာဏာသိမ်းခဲ့ခြင်းကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သော်လည်း၊ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များက ထိုရလဒ်ကို အသုံးချပြီး စစ်အာဏာသိမ်းမှုကို အာခံတော်လှန်ရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဖွဲ့စည်းခဲ့ခြင်းအပေါ် နိုင်ငံရေးသံသယဖြင့် ထိုးနှက်ငြင်းခုံမှုများ ရှိခဲ့ခြင်းကလည်း တော်လှန်ရေးအစုအဖွဲ့များအကြား ဝိဝါဒကွဲပြားစရာ အရှိတရားတစ်ခုအဖြစ် ရှိခဲ့သည်။
အချို့တော်လှန်ရေးအင်အားစုများက စစ်တပ်က အာဏာသိမ်းခြင်းသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ(ခြေ/ဥ) ကို ဖောက်ဖျက်ခြင်းဖြစ်၍၊ ခြေ/ဥ ပျက်ပယ်သွားပြီ ဖြစ်သည်။ ထိုကြောင့် CRPH က ၂၀၀၈ ခြေ/ဥ ကို ဖျက်သိမ်းခဲ့ပြီးမှ၊ ထိုခြေ/ဥအရ ကျင်းပခဲ့သော ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲထားခြင်းက ကျိုးကြောင်းမညီညွတ်ဟု အငြင်းပွားကြခြင်းဖြစ်ကြောင်း လေ့လာသိရှိရသည်။ ထိုကိစ္စက တော်လှန်ရေးအင်အားစုများအကြား အဘယ်ကြောင့် ငြင်းခုံစရာဖြစ်ခဲ့ရသနည်း။ အကြောင်းရှိပါသည်။
နွေဦးတော်လှန်ရေး အစောပိုင်းတွင် စစ်အာဏာသိမ်းမှုသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အရပ်သားအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြား၊ သို့မဟုတ် စစ်တပ်နှင့် အာဏာရ NLD ပါတီအကြား ဖြစ်ပွားသော နိုင်ငံရေးပဋိပက္ခအဖြစ် တိုင်းရင်းသားခေါင်းဆောင်တစ်ချို့က ယူဆခဲ့ကြသည်။
ဥပမာ ထိုအချက်ကို နိုင်ငံမြောက်ပိုင်းတွင် အခြေစိုက်သော ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) နှင့် NDAA မိုင်းလားအဖွဲ့တို့က ထိုကဲ့သို့ရှု့မြင်ပြီး၊ တိုင်းရင်းသားများအနေဖြင့် ထိုပြဿနာတွင် ကြားမဝင်ဘဲ စစ်အာဏာရှင်စနစ် တော်လှန်ရေးနှင့် ခပ်ကင်းကင်းနေသင့်သည်ဟု ၎င်းတို့၏သဘောထားကို လူသိရှင်ကြား ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့သည်။ ထိုကဲ့သို့ သဘောထားမျိုး နိုင်ငံတောင်ပိုင်းတွင် အခြေစိုက်ပြီး၊ NCA (တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်) ချုပ်ဆိုထားသော EAOs အဖွဲ့အချို့တွင်လည်း တွေ့ရသည်။
သို့သော် ‘ဝ’ နှင့် မိုင်းလားကဲ့သို့ ရပ်တည်ချက်မျိုး မရှိသော်လည်း၊ အချို့တိုင်းရင်းသားများက CRPH နှင့် NUG ကို NLD ပါတီ၏ အစိတ်အပိုင်းအဖြစ် ရှုမြင်ခြင်း၊ တိုင်းရင်းသားတန်းတူရေးအတွက် ဗမာပြည်နယ်ဖွဲ့စည်းရေး ဆောင်ရွက်ရန် မလုပ်ဆောင်ခြင်း၊ ထို့မှတစ်ဆင့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်လိုသော နိုင်ငံရေးအာသီသ အမှန်တကယ်ရှိမရှိ ထပ်ဆင့်သံသယပွားခြင်း၊ ထိုမှ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲထားခြင်းအပေါ် နိုင်ငံရေးသံသယများ ဖြစ်တည်ခဲ့ကြသည်ကို လေ့လာတွေ့ရှိရသည်။
သို့သော် CRPH အနေဖြင့် ရွေးကောက်ပွဲသည် ဒီမိုကရေစီနိုင်ငံရေးစနစ်အရ ကျင်းပခြင်းဖြစ်ပြီး၊ ရွေးကောက်ပွဲရလဒ်သည် ပြည်သူလူထု၏ ဆန္ဒမဲပေး ရွေးချယ်အပ်နှင်းခဲ့သော အခွင့်အာဏာ (People’s Mandate) သည် နိုင်ငံရေးအရ တရားဝင်မှု (Political Legitimacy) အဖြစ် အသုံးချခြင်းသည် နိုင်ငံတကာဥပဒေများအရ ပြည်သူကို ကိုယ်စားပြုခြင်းဆိုင်ရာ ခိုင်မာသော သက်သေအထောက်အထားဖြစ်၍ ကိုင်စွဲထားခြင်း ဖြစ်သည်။
လက်တွေ့တွင် CRPH နှင့် NUG သည် မြန်မာနိုင်ငံပြည်သူများကို တရားဝင်ကိုယ်စားပြုသော အဖွဲ့အစည်းများအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုလက်ခံရာတွင် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ် တစ်ခုတည်းအပေါ် အခြေခံထားစဉ်းစားဆုံးဖြတ်ကြခြင်း ဖြစ်သည်။
သို့သော် NUG နှင့် K3C + ဘုံသဘောထားရပ်တည်ချက် ကြေညာချက်၏ ရပ်တည်ချက် (Position) အချက် (ဂ) တွင် “၂၀၂၀ ရွေးကောက်ပွဲရလဒ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ရှိ နိုင်ငံရေးစနစ်ကို အကောင်အထည်ဖော်ရန် မဟုတ်ဘဲ တော်လှန်ရေးအောင်မြင်ရေးနှင့် စနစ်ပြောင်းနိုင်ငံရေးတည်ဆောက်မှုအတွက် အသုံးချရန် ဖြစ်သည်” ဟု ဖော်ပြထားရာ၊ ထိုရလဒ်ကို ကိုင်စွဲထားမှုအပေါ် နိုင်ငံရေးသံသယနှင့် အငြင်းပွားမှုများ အဆုံးသတ်သွားပြီ ဖြစ်သည်။
ခြုံ၍သုံးသပ်ရလျှင် လွန်ခဲ့သော ၃ နှစ်အတွင်း အာဏာသိမ်းစစ်တပ်ကို တော်လှန်နေကြသော တော်လှန်ရေးအင်အားစုများအကြား ဖြစ်ပေါ်ခဲ့သော ဝိဝါဒကွဲပြားမှုများ၊ နိုင်ငံရေးသံသယများနှင့် ညီညွတ်ရေးကို ထိပါးနိုင်သော အငြင်းပွားမှုများနှင့် အပြန်အလှန်ထိုးနှက်မှုများကို NUG နှင့် K3C + ဘုံသဘောထားရပ်တည်ချက် ကြေညာချက်က အဆုံးသတ်ပေးနိုင်ခဲ့သည်။
ပို၍အရေးကြီးသည့်အချက်မှာ ၂၀၂၄ ခုနှစ် တော်လှန်ရေးရှေ့ခရီးတွင် ပိုမိုအရေးကြီးလာသော မဟာမိတ်များအကြား ညီညွတ်ရေး ပိုမိုအားကောင်းလာသည့် လက္ခဏာကို တွေ့မြင်လာရပြီး၊ နိုင်ငံရေးလမ်းပြမြေပုံကို ပိုမိုရှင်းလင်းမြင်သာစေသော အရေးပါသည့် ထုတ်ပြန်ကြေညာချက်အဖြစ် ရှုမြင်ပါသည်။