ရွေးကောက်ပွဲ

ရှမ်းမြောက်တွင် ပါတီစည်းရုံးရေးဆောင်ရွက်နေသူတစ်ဦး သေနတ်ပစ်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် ယမန်နေ့က ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) ရွေးကောက်ပွဲအောင်နိုင်ရေး ဆောင်ရွက်ပေးနေသူ စိုင်းအောင်ဝင်း သေနတ်ဖြင့် ပစ်ခတ်ခံရသည်ဟု ပါတီဥက္ကဋ္ဌက ပြောသည်။ 

နမ့်ခမ်းမြို့၊ နောင်စန့်ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ၎င်းနေအိမ်ရှေ့၌ ယမန်နေ့ နိုဝင်ဘာ ၄ ၊  ညနေ ၆ နာရီခွဲခန့်တွင် အမည်မသိလူတစ်ဦးက သေနတ်ဖြင့် အနီးကပ်ပစ်ခတ်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။  

“ဆိုင်ကယ်စီးလာပြီးတော့ အနီးကပ်လာပစ်သွားတာ။ ဒါပေမယ့် နေကောင်းသွားပါပြီ။ ဒါက အကြမ်းဖက်နည်းတစ်မျိုးပါပဲ” ဟု SNDP ပါတီဥက္ကဋ္ဌ စိုင်းအိုက်ပေါင်က ပြောသည်။

ပစ်ခတ်မှုကြောင့် တင်ပါးဆုံတွင် ဒဏ်ရာရခဲ့ပြီး လက်ရှိတွင် နမ့်ခမ်းဆေးရုံ၌ ဆေးကုသမှု ခံယူနေရသော်လည်း အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။

ပါတီစည်းရုံးရေးဆောင်ရွက်နေသူတစ်ဦး သေနတ်ပစ်ခံရခြင်းနှင့် ပတ်သက်၍ နမ့်ခမ်းမြို့နယ် ရဲစခန်းနှင့် အုပ်ချုပ်ရေးမှူးရုံးကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။ 

စိုင်းအောင်ဝင်းအနေဖြင့် ယခုကဲ့သို့ တိုက်ခိုက်ခံရသည်မှာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် နေအိမ်ကို လက်ပစ်ဗုံးဖြင့် အပစ်ခံရဖူးသော်လည်း ထိခိုက်မှုမရှိခဲ့ကြောင်း နမ့်ခမ်းမြို့နယ်၊ တအာင်းအမျိုးသားပါတီ ဥက္ကဋ္ဌဦးဘသန်းက ပြောသည်။

လတ်တလောတွင် စိုင်းအောင်ဝင်းသည် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကျားဖြူပါတီဟု လူသိများသည့် SNDP ပါတီအောင်နိုင်ရေးအတွက် နမ့်ခမ်းမြို့တွင် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ကူညီလုပ်ဆောင်ပေးနေခြင်း ဖြစ်သည်။ 

သို့သော် SNDP ပါတီတွင် စိုင်းအောင်ဝင်း ပါတီဝင်ထားခြင်း ရှိမရှိကိုမူ ပါတီဘက်က အတည်ပြုပေးခြင်း မရှိဘဲ နမ့်ခမ်းမြို့ရှိ ရှမ်းတိုင်းရင်းသားညီညွတ်ရေးအဖွဲ့တွင် လူမှုရေးကိစ္စများ ဆောင်ရွက်နေသူတစ်ဦးဟုသာ ပါတီဥက္ကဋ္ဌ စိုင်းအိုက်ပေါင်က ပြောသည်။

စိုင်းအောင်ဝင်းသည် ယခင်က ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တွင် နမ့်ခမ်းမြို့နယ်တာဝန်ရှိသူတစ်ဦးအနေဖြင့် ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲမတိုင်ခင် SNLD မှ နုတ်ထွက်ခဲ့သူ ဖြစ်သည်။

“ကျွန်တော်တို့က ပြောရခက်တယ်။ ဘယ်သူလုပ်လို့ လုပ်မှန်းလည်း မသိဘူး။ အဲဒီဘက်တွေက အရမ်းရှုပ်တယ်” ဟု SNLD ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) စိုင်းကျော်ညွန့်က စိုင်းအောင်ဝင်း သေနတ်ပစ်ခံရသည့်ကိစ္စအပေါ် မှတ်ချက်ပေးသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်နယ်စပ်မြို့တစ်မြို့ဖြစ်သည့် နမ့်ခမ်းမြို့သည် တပ်မတော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA) ၏ တိုက်ပွဲဧရိယာအတွင်း တည်ရှိနေပြီး ပစ်ခတ်၊ ဖမ်းဆီးမှုများလည်း မကြာခဏဖြစ်ပွားလေ့ရှိသည်။ 

၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ နမ့်ခမ်းမြို့နယ်မဲဆန္ဒနယ်တွင် တအာင်းအမျိုးသားပါတီ (TNP)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) တို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

နမ့်ခမ်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်း ၅ ဦး၊ ပြည်နယ်လွှတ်တော် နှစ်နေရာအတွက် ကိုယ်စားလှယ်လောင်း ၁၁ ဦး၊ စုစုပေါင်း ၁၆ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

Show More

Related Articles

Back to top button