
စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခဲ့သော စစ်ကိုင်းတိုင်း ရွှေဘိုမြို့အနောက်ဘက် ၈ မိုင်အကွာရှိ ဇီးဖြူကုန်းရွာတွင် အရပ်သား ၈ ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များက ယနေ့ (ဖေဖော်ဝါရီ ၆) တွင် ပြောသည်။
ဇီးဖြူကုန်းရွာ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ၎င်းတို့ တပ်စွဲထားသည့် ထိုရွာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဝင်ရောက်စီးနင်းကာ ဒေသခံ ၅၀ ကျော်ကို ဖမ်းဆီးခဲ့သည်၊ ထိုအထဲမှ အများအပြား အသတ်ခံရခြင်း ဖြစ်သည်ဟု ပြောသည်။
ရွာဘုန်းကြီးကျောင်းထဲတွင် အမျိုးသမီး ၁ ဦး အပါအဝင် စုစုပေါင်း ၄ ဦး၊ ရွာထဲတွင် ၃ ဦး၊ ဘောလုံးကွင်းထဲတွင် ၁ ဦး သေဆုံးနေသည်၊ တချို့မှာ မီးရှို့ အလောင်းဖျောက်ခံထားရသည်ကို တွေ့ရသည်ဟု ၎င်းက ပြောသည်။
“(ရွာ) အတွင်းထဲမှာ ဘယ်နှယောက် သတ်ခံထားရလဲဆိုတာ မသိရသေးဘူး။ ကျွန်တော်တို့ အတည်ပြုနိုင်တာ ရှစ်ယောက်ပဲရှိသေးတာ၊ ဒီထက်မကလောက်ဘူး ထင်တယ်” ဟု ၎င်းက ဆိုသည်။
ရွာ၏ဧရိယာအများစုတွင် စစ်ကောင်စီတပ်များက ယနေ့တိုင် တပ်စွဲထားသဖြင့် ကာကွယ်ရေးအဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေးမပြုလုပ်နိုင်သေးဘဲ ရုပ်အလောင်းများ ကောက်ယူနိုင်ရေး ကြိုးပမ်းနေဆဲဖြစ်ကြောင်း သိရသည်။
ပျူစောထီးအဖွဲ့များ နှစ်နှစ်ကျော်တပ်စွဲထားသည့် အိမ်ခြေ ၈၀၀ ခန့်ရှိ ထိုကျေးရွာကို ယမန်နှစ် နိုဝင်ဘာလက ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်သိမ်းယူကာ တပ်စွဲခဲ့ခြင်း ဖြစ်သည်။

ကာကွယ်ရေးအဖွဲ့များတပ်စွဲပြီး နှစ်လအကြာတွင် အင်အား ၈၀ ခန့်ပါသည့် စစ်သားနှင့် ပျူစောထီးအဖွဲ့များက ထိုကျေးရွာကို ဖေဖော်ဝါရီ ၁ ရက်နေ့က ပြန်လည်တိုက်ခိုက်ကာ ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။
ထို့နေ့နံနက်စောစောပိုင်းတွင် ကျေးရွာ၏ တောင်ဘက်နှင့် အရှေ့ဘက်မှ စတင်စီးနင်းခြင်းဖြစ်ကြောင်း၊ ဒေသခံအချို့ကို အချိန်မီ ကယ်မထုတ်နိုင်ခဲ့သဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ဆိုသည်။
“ကျွန်တော်တို့ကလည်း တတ်နိုင်သမျှ ခံပစ်သေးတယ်..ကျည်အားမပြည့်စုံတော့ (ဆုတ်ခွာရတာ)… မြောက်ပိုင်းတစ်ခြမ်းက ထွက်နိုင်လိုက်တယ်၊ တောင်ခြမ်းက မပြေးနိုင်တဲ့သူတွေနဲ့ သက်ကြီးရွယ်အိုတွေ ဖမ်းခံရတာ”
ကာကွယ်ရေးအဖွဲ့ဝင်များက ရွာအတွင်း ပြန်ဝင်ပြီး တိုက်ခိုက်စဉ် ရုပ်အလောင်းများကို တွေ့ရှိရခြင်း ဖြစ်သည်။
ဘုန်းကြီးကျောင်းတွင်း ရုပ်အလောင်း လေးခုမှာ မီးလောင်ပြာကျနေသည်၊ ထိုသူတို့ ပြင်းပြင်းထန်ထန် နှိပ်စက်ခံခဲ့ရသည်ဟု ပြန်လည်လွတ်မြောက်လာသူအချို့ကို ကိုးကားပြီး ကျေးရွာပကဖအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“နှိပ်စက်ပြီးမှ ခေါင်းကို ပုဆိန်နဲ့ ထုသတ်တာ ပြောတယ်၊ ကျွန်တော်တို့ ရောက်တဲ့အချိန်မှာတော့ အလောင်းက မပီတော့ဘူး၊ မီးထည့်ရှို့သတ်ထားတာ” ဟု ဆိုသည်။
ကျန်ရုပ်အလောင်းများကို အနီးကပ် စစ်ဆေးနိုင်ခြင်း မရှိသေးသဖြင့် မည်သည့်ဒဏ်ရာများဖြင့် သေဆုံးသည်ကို မသိရသေးကြောင်း ဆိုသည်။
သတ်ဖြတ်ခံရသူများမှာ ဦးဘို (၄၀ ဝန်းကျင်)၊ ဦးစိုးနိုင်ဦး (၅၀)၊ ကိုဝင်းမိုး (၃၅) နှင့် ဇနီးဖြစ်သူ မဝါဝါမြင့် (၃၀)၊ ကိုဇော်ထွန်း (၄၀)၊ ကိုညိုကြီး (၆၀) နှင့် အမည်အတည်မပြုနိုင်သေးသူ နှစ်ဦးဖြစ်ကြောင်း သိရသည်။
ထိုကျေးရွာကို စီးနင်းမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
အာဏာသိမ်းပြီး သုံးနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် ရင်ဆိုင်ခဲ့သည့် စစ်ပွဲများတွင် အင်အားသောင်းနှင့်ချီ လက်နက်ချခဲ့ပြီး နယ်မြေအမြောက်အမြား လက်လွှတ်ရကာ ရှုံးနိမ့်ခဲ့သည့် စစ်တပ်သည် လက်နက်အင်အားနှင့် စစ်ရေးအတွေ့အကြုံ အားနည်းသည့် တော်လှန်ရေးအဖွဲ့များ တည်ရှိရာ စစ်ကိုင်းတိုင်းကို ပိုမိုအားပြု တိုက်ခိုက်နေသည်ကို တွေ့ရသည်။
ယခုလပိုင်းအတွင်းမှာပင် ဒီပဲယင်းနှင့် ခင်ဦးမြို့နယ်တို့တွင် စစ်ကြောင်းထိုးကာ အရပ်သား ၈ ဦးကို သတ်ဖြတ်ခဲ့ပြီး အလောင်းအချို့ကို ခန္ဓာကိုယ်များ အပိုင်းပိုင်းဖြတ်တောက်ထားခဲ့ကာ ကျေရွာများကိုလည်း မီးတင်ရှို့ခဲ့သည်။