
ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ် ဝင်ရောက်သွားသည့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ကျေးရွာ နှစ်ရွာ မီးတင်ရှို့ခံခဲ့ရပြီးနောက် နှိပ်စက်သတ်ဖြတ်ခံထားရသည့် အမျိုးသား ၃ ဦး၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ရကြောင်း ဒေသတွင်း သတင်း ရင်းမြစ်များက ပြောသည်။
ကလုံကျေးရွာတွင် နယ်မြေရှင်းလင်းရေးပြုလုပ်နေသည့် ဒေသကာကွယ်ရေးအဖွဲ့ဝင်များက ဆိုသည်။
သတ်ဖြတ်ခံရသူများမှာ မြို့အနောက်ဘက် ၈ မိုင်အကွာ ကလုံရွာမှ ဦးရဲအောင်၊ စစ်ဘေးရှောင်များဖြစ်သည့် သရက်ကုန်းရွာသား ဦးသိန်းထွန်း၊ ကင်းပြစ်ရွာမှ ဦးသန်းလွင် ဆိုသူတို့ဖြစ်ကြသည်။
ဦးသိန်းထွန်းမှာ ခေါင်းဖြတ်ခံထားရသည်ဟု အလောင်းများ တွေ့မြင်ခဲ့သူတို့ကို ကိုးကားပြီး ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“တစ်ယောက်ကတာ့ ခေါင်းဖြတ်ခံထားရတာ၊ တစ်ယောက်ကတော့ ကျည်ဒဏ်ရာပဲ တွေ့တာ၊ အခြားတစ်ယောက်ကတော့ ဓားတွေနဲ့ တော်တော်မွှန်းခံထားရတယ်… တစ်ကိုယ်လုံး ရစရာမရှိဘူး” ဟု ဆိုသည်။
ရေဦးမြို့မှ ထွက်လာသည့် စစ်သားအင်အား ၈၀ ခန့်ပါ စစ်ကြောင်းသည် ပျူစောထီး အထိုင်စခန်းရှိရာ ပျဉ်ထောင်ရွာတွင် တစ်ညအိပ်ပြီးနောက် ယမန်နေ့ နံနက်အစောပိုင်းတွင် ကလုံကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။
ဒေသခံများကို သတ်ဖြတ်ပြီးနောက် စစ်သားများက ကလုံကျေးရွာကို မီးတင်ရှို့ခဲ့ရာ နေအိမ် ၁၄ လုံး မီးတင်ရှို့ခဲ့ကြောင်း အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
ထို့နောက် အနောက်ဘက် နှစ်မိုင်ခွဲအကွာရှိ သာဝတ္ထိရွာကို ဝင်ရောက် စီးနင်းပြီး ထပ်မံမီးတင်ရှို့ခဲ့သဖြင့် ၂၆၄ လုံး မီးလောင်ပြာကျပြီး စပါးတင်းရေ တစ်သောင်းကျော် ပျက်စီးခဲ့ကြောင်း ခင်ဦးမြို့နယ်ပကဖအဖွဲ့စာရင်းများအရ သိရသည်။
သာဝတ္ထိကျေးရွာကို စစ်သားများက မီးရှို့နေစဉ် ကာကွယ်ရေးအဖွဲ့များက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုများရှိခဲ့ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများရှိကြောင်း ကာကွယ်ရေးအဖွဲ့များမှ ပြောသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
ယနေ့ နံနက်တွင် အဆိုပါ စစ်သားများသည် ရေဦးမြို့သို့ ပြန်ဆုတ်သွားသဖြင့် သာဝတ္ထိရွာကျေးရွာအတွင်းသို့ ဝင်ရောက်ရှင်းလင်းစဉ် မီးလောင်ကျွမ်းနေသည့် ကျား/မ၊ မည်သူမည်ဝါ ခွဲခြားမရနိုင်သော ရုပ်အလောင်းတစ်ခု တွေ့ရှိရကြောင်း ထိုရွာအတွင်း ရောက်ရှိခဲ့သည့် ဒေသခံပကဖခေါင်းဆောင်တစ်ဦးက ပြောသည်။
“Dead Body (အလောင်းက) က တော်တော်ပျက်စီးနေပြီး၊ နေအိမ်ထဲမှာ ထည့်ရှို့ထားတာ၊ ပြည်သူအလောင်းလား၊ xx အလောင်းလား မသိဘူး” ဟု ဆိုသည်။

စစ်ကိုင်းတိုင်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်ရုပ်အလောင်းများကို ရွာမီးရှို့ရာတွင် ထည့်သွင်းရှို့လေ့ရှိတတ်သဖြင့် အဆိုပါ ရုပ်အလောင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် သို့မဟုတ် ဒေသခံအလောင်း ဆိုသည်ကို အတည်မပြုနိုင်သေးပေ။
ပြီးခဲ့သည်လကလည်း ခင်ဦးမြို့နယ်အနောက်ခြမ်းကို စီးနင်းခဲ့သည့် စစ်သားများက ကျွန်းတောကြီးကျေးရွာမှ ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် အရပ်သားလေးဦးကို သေနတ်ဖြင့် ပစ်သတ်ခြင်း၊ လည်ပင်းကို ဓားဖြင့် လှီးဖြတ်ခြင်းတို့ ပြုလုပ်ခဲ့သည်။
၂၀၂၃ ဒီဇင်ဘာလအတွင်းကလည်း ခင်ဦးမြို့နှင့်ကပ်လျက် ဒီပဲယင်းမြို့နယ်ကို စစ်ကြောင်းထိုးခဲ့သည့် စစ်တပ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥပဒေအထောက်အကူပြု တာဝန်ယူခဲ့သည့် အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သားလေးဦးကို ခန္ဓာကိုယ်အပိုင်းပိုင်း ခုတ်ထစ်ကာ သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းများကို လူမြင်ကွင်းတွင် ချန်ထားခဲ့သည်။
သတ်ဖြတ်မှု၊ မီးရှို့မှုများနှင့် ပတ်သက်ပြီး အာဏာသိမ်းတပ်က ဝန်ခံလေ့မရှိပေ။
မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကာလတွင် စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲအရှိန် လျော့ကျခဲ့သော်လည်း အပစ်ရပ်ပြီးနောက် အညာဒေသတွင် စစ်ကောင်စီ၏ ထိုးစစ် ပြန်လည်မြင့်တက်လာခဲ့သည်။
ရှမ်းမြောက်တွင် အပစ်ရပ်ပြီးနောက် စစ်ကောင်စီသည် စစ်ကိုင်းတိုင်းအတွင်းရှိ ဒီပဲယင်း၊ ရေဦး၊ ဆားလင်းကြီးနှင့် ယင်းမာပင်မြို့နယ်သို့ တပ်များကို ပိုမိုစေလွှတ်ထားသည်။
ထို့ပြင် ပျူစောထီး ပြည်သူ့စစ်များနှင့် ပေါင်းကာ တော်လှန်ရေးအဖွဲ့များ သိမ်းယူထားသည့် စစ်ကိုင်းတိုင်းအတွင်းမှ ရွှေပြည်အေးမြို့သစ်နှင့် ကောလင်းမြို့ကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ရန် စစ်ကောင်စီက စစ်ပြင်နေသည်။