
စစ်ကောင်စီလက်အောက်ခံ ပျူစောထီးလက်နက်ကိုင်များရှိရာ စစ်ကိုင်းတိုင်း ရွှေဘိုနှင့် ရေဦးမြို့နယ်ရှိ ရွာ ၅ ရွာကို ယခုရက်ပိုင်းအတွင်း ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ယခုလ ၂၄ ရက်နေ့တွင် ရေဦးမြို့နယ်အစွန်ရှိ အောင်သာယာရွာမှ ပျူစောထီးစခန်းကို တိုက်ခိုက်ပြီး နောက်တစ်ရက်တွင် ရွှေဘိုခရိုင်အတွင်းရှိ ညောင်ကိုင်း၊ ဇီးဖြူကုန်း၊ တည်သီးတော၊ သီးကုန်း စသည့် ပျူစောထီးကျေးရွာများကို တစ်ပြိုင်နက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အောင်သာရွာရှိ ပျူစောထီးများကို တိုက်ခိုက်ရာတွင် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ ဦးဆောင်ကာ 96 Soldiers အဖွဲ့နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အဖွဲ့လည်း ပါဝင်ကြောင်း၊ ရွှေဘိုခရိုင်အတွင်းမှ ပျူရွာများကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့နှင့် မြင်းခြံအခြေစိုက် ZERO ပြောက်ကျားအဖွဲ့၊ မိထ္ထီလာအခြေစိုက် ဒရုန်းတပ်ဖွဲ့နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ကြောင်း သိရသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အောင်သာယာရွာရှိ ပျူစခန်းကို မသိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်သားနှစ်ဦးနှင့် ပျူစောထီးအဖွဲ့ဝင် ၅ ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့သည်ဟု 96 Soldiers အဖွဲ့က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်သည်။
ထိုတိုက်ပွဲအကြောင်းအသေးစိတ်ကိုမူ မသိရပေ။

ပျူစောထီးအင်အားများသည့် ရွှေဘိုခရိုင်မှ တည်သီးတောရွာကို BNRA နှင့် ZERO ပြောက်ကျားအဖွဲ့မှ စစ်ကြောင်းသုံးခုက တိုက်ခိုက်နေချိန်တွင် စစ်ကောင်စီဘက်မှ စစ်ကူမလာနိုင်စေရန် ဒေသခံပကဖအဖွဲ့များက အနီးပတ်ဝန်းကျင်ရှိ ပျုအထိုင်ရွာများဖြစ်သော ညောင်ကိုင်း၊ ဇီးဖြူကုန်း၊ သီးကုန်းကျေးရွာများကို တစ်ပြိုင်နက် ဝင်တိုက်ပေးခဲ့သည်ဟု သိရသည်။
“စစ်ကူလာမှာစိုးလို့ (ကျန်တဲ့ပျူရွာတွေကို) ကျွန်တော်တို့က လက်နက်ကြီးတွေနဲ့ ဟန့်ပေးရတာ။ ပင်မကတော့ တည်သီးတောကို သိမ်းတာ” ဟု ရွှေဘိုမြို့နယ်မှ ပကဖအဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်သားနှင့် ပျူစောထီး ၅၀ ခန့်ရှိ တည်သီးတောရွာကို နံနက် ၆ နာရီမှစ၍ တိုက်ခိုက်ခဲ့ကြောင်း၊ ကင်းစခန်းများ သိမ်းယူပြီးချိန်တွင် စစ်တပ်က ရဟတ်ယာဉ်ဖြင့် လာပစ်သဖြင့် တိုက်ပွဲခဏနားခဲ့ရသည်ဟု ZERO ပြောက်ကျားအဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။
ရဟတ်ယာဉ်ပြန်ဆုတ်သွားချိန်တွင် တိုက်ပွဲပြန်စရာ စခန်းတစ်ခုလုံးကို သိမ်းယူနိုင်သည်အထိဖြစ်ခဲ့သော်လည်း စစ်ကောင်စီဘက်က နောက်တစ်ကြိမ် လေကြောင်းပစ်ကူလာသည်ဟု ဆိုသည်။
“စခန်းအလုံးစုံ သိမ်းပိုက်ဖို့ ဘန်ကာတစ်ခုပဲ ကျန်တော့တာ။ ကျွန်တော်တို့ ရဲရဲဝံ့ဝံ့ကပ်ခဲ့တာ၊ နောက်ထပ် ရဟတ်ယာဉ်နဲ့ လူချဖို့ ဖရဲသီးက သတင်းပို့လို့ ပြန်ဆုတ်လာတာ။ လုံးဝသိမ်းပိုက်နိုင်ခြင်း မရှိပေမဲ့ ရန်သူ ၂၀ လောက်ထိ ရှင်းလင်းနိုင်တယ်” ဟု ကိုသက်ကြီးက ပြောသည်။
တည်သီးတောရွာကို အလုံးအရင်းနှင့် ဝင်တိုက်ခဲ့သည်ဟု BNRA မှ ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“တည်သီးတောကို ထုနဲ့ထည်နဲ့ ဝင်တိုက်တာ၊ တိုက်ပွဲက နေ့တစ်ဝက်လောက် ကြာတာ။ အလောင်းတွေ၊ လက်နက်တွေတော့ မရလိုက်ဘူး၊ လေကြောင်းတိုက်နေတော့ အလျင်အမြန် ရွေ့လျားနေရတာ” ဟု ၎င်းက ဆိုသည်။
ထိုသို့တိုက်ခိုက်ခံရပြီး နောက်တစ်ရက်တွင် တည်သီးတောနှင့် ဇီးဖြူကုန်းရွာမှ ပျူစောထီးအဖွဲ့များ စခန်းကို စွန့်ခွာကာ စစ်တပ်ရှိရာ သီးလုံးကျေးရွာသို့ သွားရောက်ပူးပေါင်းကြသည်ဟု ဒေသခံတို့ထံမှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိုးစစ်ကြောင့် စစ်ကောင်စီဘက်မှ အထိနာနေချိန် စစ်ကိုင်းတိုင်းရှိ PDF အဖွဲ့များက တိုက်ပွဲများ ဆက်တိုက်ဖော်ဆောင်နေသည်။
မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ခရိုင်မြို့ကြီးတစ်မြို့ဖြစ်သော ကောလင်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်ဖွဲ့များက သိမ်းယူထားသည်။