သတင်း

ပုလောမြို့တိုက်ပွဲတွင် နှစ်ဖက်သေဆုံးမှုရှိ၊ အရပ်သားတစ်ဦးလည်း သေဆုံး

တနင်္သာရီတိုင်း၊ ပုလောရှိ စခန်းငယ်တစ်ခုကို တိုက်ခိုက်ရာ စစ်တပ်မှ ၄ ဦး၊ တော်လှန်ရေးတပ်မှ ၅ ဦး သေဆုံးသည်။ ရဟတ်ယာဉ်ရောက်လာသဖြင့် တိုက်ပွဲအခြေအနေ ပြောင်းသွားသည်ဟု ဆိုသည်။

ယမန်နေ့ (ဇန်နဝါရီ ၃၀) နံနက်ပိုင်းက တနင်္သာရီတိုင်း၊ ပုလောမြို့အနီး မီးလောင်ချောင်းရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်စဉ် စစ်ရဟတ်ယာဉ် လာရောက် ပစ်ခတ်ရာ ပြည်သူ ၁ ဦး၊ တော်လှန်ရေးအဖွဲ့ဝင် ၅ ဦး သေဆုံးသွားပြီး ဒဏ်ရာရသူ ၈ ဦး  ရှိခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြိတ်ခရိုင် တပ်ရင်း (၁) ၏ ပြန်ကြားရေးတာဝန်ရှိသူက သေဆုံးသူများမှာ ၎င်းတို့၏ တပ်ခွဲမှူး မိုးညို၊ ရဲဘော် ကျော်ကြီး၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) မှ အမည်မသိ ရဲဘော် ၃ ဦး ဖြစ်သည်ဟု ပြောသည်။

သေဆုံးသူ အရပ်သား မည်သူမည်ဝါဖြစ်သည်ကို မသိရသေးသလို ဒဏ်ရာရသူများအကြောင်းလည်း မသိရသေးပေ။

ဌာနေပြည်သူ့စစ်တပ်စခန်းငယ်ကို တိုက်ခိုက်ခြင်း ဖြစ်၍ လေကြောင်းသုံးပြီး ခုခံမည်ဟု မထင်ခဲ့ကြောင်း၊ စခန်းသိမ်းပြီး ၁ နာရီခန့် အကြာတွင် စစ်တပ်ရဟတ်ယာဉ်ရောက်လာခြင်း ဖြစ်ကြောင်း အထက်ပါ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။ 

“ပထမဦးဆုံး စခန်းသိမ်းတိုက်ပွဲ ဆိုတော့ ရဟတ်ယာဉ်လာတဲ့ အချိန်မှာ အမျိုးအစားမခွဲနိုင်ဘဲနဲ့ ပြာသွားတဲ့ အချိန်မှာ၊ ဗုံးသီးချတဲ့ အချိန်မှာ အထိအခိုက်လဲ များတယ်” ဟု ၎င်းက ပြောသည်။

“ရဟတ်ယာဉ်က အနိမ့်ပျံပြီးတော့ ၆၀ မမ နဲ့ ချသွားတယ်။ ရဟတ်ယာဉ်က မဆင်းဘူး၊ ကောင်းကင်မှာ ၂ ခေါက်လောက် ဝဲပြီးတော့ ပစ်သွားတာ”

စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးပြီး လက်နက် ၄ လက်ကို သိမ်းနိုင်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“စခန်းသိမ်းပြီးတော့ ၂ နာရီလောက် အကြာမှာ ရောက်လာတယ်။ ကျွန်တော်တို့က စခန်းတစ်ဝက်လောက် သိမ်းပြီးသွားပြီ။ စစ်တပ်က  ၅ယောက်လောက်ပဲ ကျန်တော့တယ်။ သူတို့က စာသင်ကျောင်းထဲက ပြန်ပစ်နေတုန်းမှာ ရဟတ်ယာဉ်ရောက်လာတာပါ” ဟု ၎င်းက ပြောသည်။

ထို့နောက် ယမန်နေ့ (ဇန်နဝါရီ ၃၀) မွန်းလွဲပိုင်းတွင် မြိတ်မြို့မှ စစ်ကောင်စီတပ်ဖွဲ့များက ရေကြောင်းလမ်းကို အသုံးပြုကာ ပလောက်မြို့သို့ စစ်ကူ ရောက်ရှိလာပြီး မီးလင်းချောင်းကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာရာ တော်လှန်ရေးတပ်ဖွဲ့များ ပြန်ဆုတ်ပေးလိုက်ရသည်ဟု သိရသည်။

ပုလောမြို့နယ်နှင့် မြိတ်မြို့နယ်ကြား အဆိုပါရွာမှာ အိမ်ခြေ ၁၀၀ ကျော်ရှိသည့် ဌာနေပြည်သူ့စစ် ပျူစောထီးများ အထိုင်ချထားသည့် ကျေးရွာတစ်ရွာဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက်တွင် ပျူစောထီးနှင့် စစ်တပ်ရန်ကြောင့် ရွာသူရွာသားများ တိမ်းရှောင်နေကြသည်ဟု သိရသည်။ 

ဒေသတွင်း ပထမဆုံး စခန်းသိမ်းမှု

တော်လှန်ရေးအဖွဲ့များက ထားဝယ်ခရိုင်ရှိ ကျောက်ထု အမည်ရှိ စခန်းကို မကြာသေးမီ ရက်များအတွင်းက တိုက်ခိုက် သိမ်းပိုက်လိုက်သည်။

ကျောက်ထုစစ်ဆင်ရေးခြေကုပ်စခန်းသည် တနင်္သာရီတိုင်းအတွင်း ပထမဆုံး သိမ်းပိုက်နိုင်ခဲ့သော စစ်ကောင်စီတပ်စခန်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၆ တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီက ထားဝယ်-ထီးခီးလမ်းနှင့် တောင်ပျောက်တိုက်နယ်တို့တွင် စစ်ကြောင်း ၂ ကြောင်း ခွဲကာ အင်အား အလုံးအရင်းဖြင့် ဝင်ရောက် စီးနင်းနေသည်။

ထိုဖြစ်ရပ်ကြောင့် ဒေသတွင်း နေရာအများအပြားတွင် တိုက်ပွဲပြင်းထန်နေသည်ဟု တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ကိုစတားက ပြောသည်။

“ပြီးခဲ့တဲ့ ကျောက်ထု စခန်းသိမ်းတိုက်ပွဲမှာ စခန်းသိမ်းခံရတဲ့အတွက် အဲဒီဘက်ကို စစ်ကြောင်းထိုးနေပါတယ်။ ပြီးတော့ ထားဝယ် မောင်းမကန်ဘက်မှာလည်း စစ်ရေး ပြင်းထန်နေတယ်။ မနေ့ကလည်း လောင်းလုံးရဲစခန်းနဲ့ စအဖရုံးကို သွားပစ်ခတ်ခဲ့တဲ့အတွက် သူတို့ဘက်က အဲဒီတစ်ဝိုက်မှာ လှုပ်ရှားမှုတွေရှိတယ်” ဟု ၎င်းက ဇန်နဝါရီ ၃၁ ရက်နေ့တွင် Myanmar Now  ကို ပြောသည်။

Related Articles

Back to top button