သတင်း

စစ်တပ်နှင့် မပူးပေါင်းကြရန် မြန်မာနိုင်ငံဆိုင်ရာအကြံပေးကောင်စီ (SAC-M) တိုက်တွန်း

စစ်တပ် အာဏာသိမ်းအုပ်ချုပ်မှု ၃ နှစ် ပြည့်လာချိန်တွင် ဗိုလ်ချုပ်ကြီးများကို အရေးယူရန်၊ စစ်မျက်နှာ နှစ်ခု ဖွင့်ထားရသည့် NUG နှင့် ထိတွေ့ကြရန် ကုလအရာရှိဟောင်းများက နိုင်ငံတကာကို ဆော်သြလိုက်သည်။

စစ်ဗိုလ်ချုပ်များကို အရေးယူရန်၊  ပြည်သူကို ကိုယ်စားပြုသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများကို ဇန်နဝါရီ ၃၀ ရက်နေ့တွင် ပြုလုပ်သည့် မြန်မာ့အရေး အွန်လိုင်းဆွေးနွေးပွဲတစ်ခုတွင် တိုက်တွန်းလိုက်သည်။

SAC-M ကောင်စီသည် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့သူ မစ္စယန်ဟီးလီ အပါအဝင် ကုလသမဂ္ဂဆိုင်ရာ ကျွမ်းကျင်သူများနှင့် စုဖွဲ့ထားသည်။

SAC-M တည်ထောင်သူတစ်ဦးဖြစ်သူ မစ္စယန်ဟီးလီက အများထောက်ခံသော၊ ပြည်သူရွေးကောက်တင်မြှောက်ထားသော သူများနှင့် ဖွဲ့စည်းသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ထိတွေ့ကြရန် ထိုဆွေးနွေးပွဲတွင် တိုက်တွန်းလိုက်သည်။ 

“UN အနေနဲ့က သူ့ရဲ့ ပုံစံတွေကို ပြောင်းလဲဖို့ လိုနေပါပြီ။ လူသားချင်း စာနာထောက်ထားမှုတွေ ကူညီဖို့ကိုလည်း UN အခြေခံမူတွေကနေ ဘက်မလိုက်ဘဲနဲ့ တကယ်လုပ်ဖို့ လိုပါတယ်” ဟု ၎င်းက ပြောသည်။

“UN ကို ဦးဆောင်နေတဲ့ လူတွေက NUG နဲ့ ထိတွေ့ဖို့ လိုပါတယ်။ UN က အလုပ်လုပ်နေတဲ့ ပုံစံတွေကို ပြောင်းဖို့ လိုပါတယ်။ စစ်တပ်နဲ့ ပူးပေါင်း ဆောင်ရွက်နေတာတွေကိုလဲ ပြောင်းဖို့ လိုပါတယ်”

ထို့ပြင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) မှာ အာဏာသိမ်း စစ်တပ်နှင့် စစ်ရေးအရ ရင်ဆိုင်နေရရုံသာမကဘဲ နိုင်ငံတကာအသိုင်းအဝိုင်း၏ ယုံကြည်မှု၊ ထောက်ခံမှုပါ ရရှိအောင် ဆောင်ရွက်နေရသဖြင့် စစ်မျက်နှာ ၂ ခု နှင့် ရင်ဆိုင်နေရသည်ဟု ပါမောက္ခစယန်ဟီးလီက ဆိုသည်။

“ကုလသမဂ္ဂ နဲ့ အာဆီယံအနေနဲ့ တစ်ယောက်နဲ့ တစ်ယောက် ဘော်လီဘော ပုတ်နေတာကို ရပ်ဖို့ ကျွန်မက ပြောလိုပါတယ်။ အာဆီယံက လုပ်ချင်တဲ့ နိုင်ငံရေးအာသီသလည်း မရှိဘူး။ ကုလသမဂ္ဂကလည်း လုပ်ချင်တဲ့ ပုံစံလည်း မရှိပါဘူး။ တစ်ဖက်နဲ့ တစ်ဖက် ဘော်လီဘော ပုတ်နေပြီး သူလုပ်ငါလုပ်ဆိုပြီး လွှဲနေလို့ မရပါဘူး” ဟု ၎င်းက ဆက်ပြောသည်။

၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံရေးအတွက် အဓိကအရေးပါသည့်နှစ် တစ်ခုဖြစ်ခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက စစ်တပ်နှင့် ပုံမှန် ဆက်ဆံရေး ရရှိရန် ကြိုးပမ်းနေသည်ကို တွေ့ရကြောင်း၊ စစ်တပ်က ရွေးကောက်ပွဲအကြောင်းပြပြီး နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဆက်ဆံရေးထူထောင်ရန် ကြိုပမ်းနေသည်ကိုလည်း မယုံကြည်သင့်ကြောင်း SAC-M တည်ထောင်သူ တစ်ဦးဖြစ်သူ ပါမောက္ခ Marzuki Darusman က ပြောသည်။

“နိုင်ငံတကာအသိုင်းအဝိုင်းက ဘာမှ မလုပ်ဘဲ ဘေးကနေပဲ ရပ်ကြည့်နေတာကို တွေ့ရပါတယ်။ မြန်မာပြည်သူတွေဟာ သူတို့ အနာဂတ်ကို သူတို့ကိုယ်တိုင်ပဲ အထောက်အကူမရှိဘဲ တိုက်ပွဲ ဝင်နေကြရတာကို တွေ့ရပါတယ်” ဟု ၎င်းက ပြောသည်။  

Marzuki Darusman မှာ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေး မစ်ရှင် (UNFFM) ၏ ဥက္ကဋ္ဌဟောင်းလည်း ဖြစ်သည်။

အာဏာသိမ်း စစ်တပ်ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများအားလုံးကို စစ်ဆေးနိုင်ရန် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က မစွမ်းဆောင်နိုင်သောကြောင့် အထူးခုံရုံးဖွဲ့ပြီး စစ်ဆေးအရေးယူရန် လိုအပ်ကြောင်း နိုင်ငံတကာစစ်ရာဇဝတ်မှုများကို လေ့လာစောင့်ကြည့်သူ Martin Witteveen က ဆွေးနွေးပွဲတွင် ပြောသည်။

“လုပ်နိုင်တာက တစ်ခုတည်း ရှိပါတယ်။ မြန်မာနိုင်ငံအတွက်ကို အထူးခုံရုံးဖွဲ့မှာဖြစ်တယ်။ မြန်မာနိုင်ငံအတွင်းမှာပဲ ဖြစ်စေ၊ မြန်မာနိုင်ငံရဲ့ စီရင်ပိုင်ခွင့်မှာပဲ ဖြစ်စေ၊ သီးခြားစီရင်ပိုင်ခွင့်မှာပဲ ဖြစ်စေ။ NUG နဲ့ သဘောတူညီချက် ယူပြီးတဲ့အခါမှာ အထူးခုံးရုံးတစ်ခု ဖွဲ့ဖို့ လိုတယ်လို့ မြင်ပါတယ်” ဟု ၎င်းက ပြောသည်။

ထိုအထူးခုံရုံးတွင် တရားစီရင်ရေးနှင့် ပတ်သတ်သည့် မြန်မာပညာရှင်များသာမက၊ နိုင်ငံတကာပညာရှင်များပါ ထိုအထူးခုံရုံးတွင် ပါဝင်ရန်လိုပြီး အထူးခုံရုံး ဖွဲ့စည်းနိုင်ရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝန်း၏ ထောက်ပံ့မှုများလိုအပ်နေသည်၊ ​NUG အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်လည်း ဆွေးနွေးနေသည်ဟု ၎င်းက ဆက်ပြောသည်။

“စစ်တပ်က ကျူးလွန်နေတဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ စစ်ရာဇဝတ်မှု ချိုးဖောက်မှုတွေ အကုန်လုံးကို တာဝန်ခံဖို့လိုပါတယ်။ အဲဒါတွေက ခုချိန်ထိလည်း မြန်မာနိုင်ငံအနှံ့အပြားမှာ ကျူးလွန်နေဆဲဖြစ်ပါတယ်။ စစ်တပ်ရဲ့ အပြစ်ပေးခံရမှုကနေ လွတ်မြောက်နေတာကနေပြီးတော့ အရေးယူဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ပြောသည်။

ကုလသမဂ္ဂ၏  မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က ယနေ့ (ဇန်နဝါရီ ၃၀) ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ရာ အရပ်သားများကို တိုက်ခိုက်မှု တိုးချဲ့ လုပ်ဆောင်နေသဖြင့် အပြစ်မဲ့ပြည်သူများကို ကယ်တင်နိုင်ရေးအတွက် စစ်ကောင်စီတပ်ကို ထိထိရောက်ရောက် အရေးယူရမည်ဖြစ်ကြောင်း တိုက်တွန်း ဖော်ပြထားသည်ကို တွေ့ရသည်။

စစ်ကောင်စီ အာဏာသိမ်းမှု ၃ နှစ်ပြည့်ချိန်တွင် နိုင်ငံတကာကို ထိုသို့ ဝိုင်းဝန်း တိုက်တွန်းနေကြခြင်း ဖြစ်သည်။

မဲစာရင်းမှားသည်ဟု အကြောင်းပြပြီး အာဏာသိမ်းထားသည့် စစ်ကောင်စီကမူ ရွေးကောက်ပွဲ ပြုလုပ်ပေးမည်၊ ပြည်သူများကို အကာအကွယ်ပေးနေသည်ဟု ပြောဆိုထားသည်။

စစ်ဗိုလ်ချုပ်ကြီးများ၏ ဆောင်ရွက်ချက်များကြောင့် နိုင်ငံတကာက ကန့်သတ်ပိတ်ဆို့မှုများပြုလုပ်ပြီး အရေးယူထားသည်ကို တွေ့ရသည်။

သို့သော်လည်း စစ်ကောင်စီသည် တရုတ်၊ ရုရှား စသည့် နိုင်ငံကြီးနှစ်ခု၏ ထောက်ခံအားပေးမှုကို ရရှိထားသည်။

စစ်ကောင်စီတပ်၏ ရာဇဝတ်မှုကြီးများထဲတွင် အစုအပြုံလိုက်သတ်ဖြတ်မှုများလည်း ပါဝင်သည်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများအနက် ၂၀၂၂ ဧပြီလက  စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ တိုက်ခိုက်မှုလည်း ပါဝင်သည်။

ထိုစဉ်က လေတပ်၏ တိုက်ခိုက်မှုကြောင့် ထိုရွာရှိ သေဆုံးသူတို့၏ ရုပ်အလောင်းအပိုင်းအစများကို ကယ်ဆယ်ရေးသမားများက ၄ ရက်နီးပါး ကောက်ယူခဲ့ရသည်၊ ၆ လသားအရွယ် မိန်းကလေးအပါအဝင် ကလေး၊ လူကြီး စုစုပေါင်း ၁၆၈ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

Show More

Related Articles

Back to top button