သတင်း

မင်းအောင်လှိုင်အာဏာသိမ်းမှု မအောင်မြင်ဟု ကုလကျွမ်းကျင်သူများဆို 

တစ်နှစ်ရှိပြီဖြစ်သော်လည်း မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အာဏာသိမ်းမှု အောင်မြင်မှုမရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ ကျွမ်းကျင်သူများ စုဖွဲ့ထားသည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက ယနေ့ (ဇန်နဝါရီ ၂၈) တွင် ထုတ်ပြန်လိုက်သည်။

စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်၍ အကောင်းဘက်မှ နေ၍ ရှုမြင်ရမည့်အကြောင်းများလည်း ရှိနေသည်ဟု ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အကြံပေးကောင်စီအဖွဲ့ဝင်များက ပြောကြားခဲ့သည်။

“မင်းအောင်လှိုင်က ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းဖို့ ကြိုးစားခဲ့တယ်။ တစ်နှစ်ကြာသွားတဲ့အထိ မအောင်မြင်ပါဘူး။ ဘာလို့မအောင်မြင်လဲဆို မြန်မာပြည်သူတွေက ဆန့်ကျင်ခုခံနေတဲ့အတွက်ပါ” ဟု ကောင်စီအဖွဲ့ဝင် မြန်မာနိုင်ငံဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူဟောင်းဖြစ်သူ Yanghee Lee က ပြောသည်။​

စစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းသည့်ရက်ပိုင်းအတွင်း ဒီမိုကရေစီတော်လှန်ရေး ပေါ်ပေါက်ကာ ဖက်ဒရယ်ဒီမိုကရက်တစ်ပဋိညာဉ် ကြေညာနိုင်ခဲ့ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခန့်အပ်ခြင်းနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ခြင်းသည် အောင်မြင်မှုများဖြစ်ကြောင်း Yanghee Lee က ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

မင်းအောင်လှိုင် ကြံရာမရဖြစ်လာခြင်းနှင့်အတူ ၎င်း၏စစ်တပ်သည်လည်း ပို၍ရိုင်းစိုင်းလာပြီး လွန်ခဲ့သည့် လေးလတာအတွင်း မြန်မာနိုင်ငံမှ အကြမ်းဖက်မှုအရှိန်အဟုန်သည် ဆီးရီးယား၊ အာဖဂန်နစ္စတန်နှင့် အီရတ်အရေးများကိုပင် ကျော်တက်သွားသည်ဟုလည်း ဆိုသည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ၊ တရားမျှတမှု၊ တာဝန်ရှိမှုတို့နှင့် ပတ်သက်၍ မြန်မာပြည်သူများကို အကူအညီပေးရန် ကုလဆိုင်ရာကျွမ်းကျင်သူများက အကြံပေးကောင်စီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။​

“တိုင်းပြည်တစ်ခုက သူ့ဟာသူ ဖက်ဒရယ်ဒီမိုကရေစီကို မျှော်မှန်းသွားနေတဲ့ သမိုင်းဝင်အကူးအပြောင်းဖြစ်ပါတယ်။ တိုင်းပြည်က လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းချင်တဲ့အခါ ဘယ်အရာကမှ မတားဆီးနိုင်ပါဘူး။ စစ်တပ်လည်း မတားနိုင်ပါဘူး” ဟု အကြံပေးကောင်စီအဖွဲ့ဝင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှစ် ဥက္ကဋ္ဌ Marzuki Darusman က ဆိုသည်။

တစ်နှစ်တာအတွင်း စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး၏ အောင်မြင်မှုများအနေဖြင့် စစ်အုပ်စုကို တရားမဝင်ဖြစ်စေခြင်းအပြင်၊ အထင်ကရ ကော်ပိုရေးရှင်းလုပ်ငန်းကြီးများ ထွက်ခွာခြင်း၊ NUG အစိုးရကို နိုင်ငံတကာက ပို၍ အသိအမှတ်ပြုလာခြင်းများဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

သို့သော် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် လက်တွေ့ဆောင်ရွက်ရန် ပျက်ကွက်နေသည့်အတွက် ပြစ်တင်ဝေဖန်ခံနေရသည်ဟုလည်း အကြံပေးကောင်စီအဖွဲ့ဝင် အခြားသူတစ်ဦးဖြစ်သည့် Chris Sidoti က ဆိုသည်။

ကုလသမဂ္ဂအနေဖြင့် ကုလပဋိညာဉ်စာတမ်းအရ မြန်မာ့အရေးဖြေရှင်းပေးရန် တာဝန်ရှိသည်ကို လက်ခံရမည်ဖြစ်ကြောင်း၊ စစ်လက်နက်ပစ္စည်း တင်ပို့မှုဖြတ်တောက်ခြင်း၊ ငွေကြေးစီးဆင်းမှု ဖြတ်တောက်ခြင်း၊ အရေးယူမခံရခြင်းမှ ကင်းလွတ်နေခြင်းကို ဖြတ်တောက်ခြင်း စသည့် ဖြတ်သုံးဖြတ်ဖြင့် စစ်ကောင်စီကို အရေးယူရမည်ဟု ၎င်းက ပြောသည်။

“ကျွန်တော်တို့ နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူများဘက်က ရပ်တည်ဖို့ အခွင့်အရေးရှိပါတယ်။ လူထုအောင်ပွဲက ရှင်းရှင်းလင်းလင်းပါပဲ။ အဲဒါ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ နိုင်ငံတကာရဲ့ အခန်းကဏ္ဍကို ဘယ်လိုဆုံးဖြတ်မလဲဆိုတာ ဒီသမိုင်းဝင်နှစ်တွေမှာ ရေးထားတဲ့အတိုင်းပါပဲ” 

လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မင်းအောင်လှိုင်​ ဦးဆောင်သော စစ်တပ်က မဲစာရင်းအကြောင်းပြ အာဏာသိမ်းယူခဲ့သည်မှာ တစ်နှစ်ပြည့်မည်ဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီက နိုင်ငံတစ်ဝန်းရှိ အာဏာသိမ်းမှု ဆန့်ကျင်သူများကို အပြင်းထန်ဆုံး ဖိနှိပ်လျက်ရှိရာ ဒေသအသီးသီးတွင် လူထောင်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေရသည်။ တိုက်ပွဲများ ပိုပြင်းထန်လာသည်နှင့်အမျှ စစ်ဘေးရှောင်သူဦးရေ ၄ သိန်းဝန်းကျင်ရှိပြီဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) က ယခုလ ၂၆ တွင် ထုတ်ပြန်သည်။ 

အာဏာသိမ်းတစ်နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသံတိတ်သပိတ်ဆင်နွှဲရန် တော်လှန်ရေးအင်အားစုများက စည်းရုံးဆော်သြနေသည့်နည်းတူ စစ်ကောင်စီကလည်း အပြင်းအထန် ဖိအားပေးခြိမ်းခြောက်နေသည်။

အသံတိတ်သပိတ်တွင် ပါဝင်လှုပ်ရှားသူများကို ကြီးလေးသော ပုဒ်မများဖြင့် အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာထားသည့်နည်းတူ ထိုလှုပ်ရှားမှုအကြောင်း လူမှုကွန်ရက်တွင် မျှဝေသူများကို ဖမ်းဆီးအရေးယူထားကြောင်း ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button