သတင်း

ဗကသဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကို၏ဖခင် ထောင်သုံးနှစ် ချမှတ်ခံရ

ကျောင်းသားခေါင်းဆောင်ဟောင်း၏ ၆၈ နှစ်အရွယ် ဖခင်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ချလိုက်သည်။ ထောင် ၂ နှစ်သာ ချနိုင်သည့် ထိုပုဒ်မကို အာဏာသိမ်းပြီး မကြာမီ ၃ နှစ်သို့ ပြင်ဆင်ထားသည်။

 ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ ကိုကျော်ကျော်ကို၏ ဖခင်ဖြစ်သူကို အင်းစိန်ထောင်အထူးတရားရုံးက ယနေ့ (ဇန်နဝါရီ ၂၉) နေ့လယ်တွင် ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

လွန်ခဲ့သော ၄လကျော်ခန့်က ရန်ကုန်မြို့ နေအိမ်တွင် ဖမ်းဆီးခြင်းခံရပြီး အင်းစိန်ထောင်တွင် ပုဒ်မ ၅၀၅(က) ဖြင့် အမှုရင်ဆိုင်နေရသည့် ဦးကျော်အေးကို ရုံးချိန်းစုစုပေါင်း ၂၀ နီးပါး စစ်ဆေးပြီးနောက် လျှော့ရက်ခံစားခွင့်မပြုဘဲ ထောင် ၃ နှစ် ချလိုက်ခြင်း ဖြစ်သည်။

တရားလိုမှာ ဒုရဲမှူး စန်းဝင်းအောင် ဖြစ်ပြီး ယနေ့ချမှတ်သည့်အမိန့်ကို လာရောက်ဖတ်ကြားသူမှာ တာမွေမြို့နယ် တရားသူကြီး ဦးတင်ထွန်းအောင် ဖြစ်သည်ဟု သိရသည်။

ထောင်နှင့် လက်ရှိရာသီဥတုအခြေအနေကြောင့် အသက် ၆၈ နှစ်အရွယ် ဦးကျော်အေး ကျန်းမာရေး ထိခိုက်မည်ကို စိတ်ပူမိသည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အခုက အင်းစိန်ထောင်မှာ ညဘက်ဆို ရာသီဥတုအေးတဲ့ဒဏ်ကို အတော်ခံနေရတယ်လို့ သိရတယ်။ အသက်ကြီးပိုင်းဆိုတော့ အဲ့တစ်ခုတော့ စိုးရိမ်စရာ ရှိတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုသတင်းရင်းမြစ်က ပြောသည်။

၂၀၂၃ခုနှစ်၊ စက်တင်ဘာ ၁၀တွင် ရဲ ၃ ဦးက သွားရောက်ပြီး ဦးကျော်အေးကို ရန်ကုန်၊ တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်၊ ဗညားဒလလမ်းရှိ နေအိမ်တွင် ဖမ်းဆီးကာ ဆူပူအောင်လှုံ့ဆော်မှုဖြင့် အမှုဖွင့်ခဲ့သည်။

စစ်ကောင်စီက အာဏာသိမ်းမှု ဆန့်ကျင်သူများ၊ ဆန့်ကျင်သည်ဟု ၎င်းတို့ ယူဆထားသူများကို ထောင်ချရန် ထိုပုဒ်မကို အများဆုံးအသုံးပြုလေ့ရှိသည်။

ဖမ်းဆီးလိုသူကို မတွေ့သဖြင့် မိသားစုဝင်တစ်ဦးဦးကို ခေါ်ဆောင်သွားပြီးလျှင်လည်း ထိုပုဒ်မကို သုံးတတ်သည်။

ဗိုလ်ချုပ်ကြီးများက ၂၀၂၁ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီး ရက်များမကြာမီ ထိုပုဒ်မကို ပြင်ဆင်ကြောင်း ကြေညာသည့်အထဲတွင် ယခင်က ၂ နှစ်အထိသာ ထောင်ချနိုင်သည့်  ပြစ်ဒဏ်ကို ၃ နှစ်သို့ ပြောင်းလဲကြောင်း ဖော်ပြထားသည်။ ထိုသို့ ပြင်ဆင်ပြီးနောက်တွင် နိုင်ငံအနှံ့ အဖမ်းအဆီးများ ပိုမို ပေါ်ပေါက်လာပြီး အများအပြားကို ထိုပုဒ်မဖြင့် ထောင်ချခဲ့သည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကို၏ဖခင်ဖြစ်သူကို ဖမ်းဆီးရန် စစ်ကောင်စီ ဝါဒဖြန့်အွန်လိုင်းတွင် လှုံ့ဆော်ရေးသားနေကြကြောင်း မိတ်ဆွေအချို့က  သတိပေးခဲ့သော်လည်း ဦးကျော်အေးက တိမ်းရှောင်ခဲ့ခြင်း မရှိပေ။

ကိုကျော်ကိုကိုသည်လည်း အာဏာသိမ်းမှုဆန့်ကျင်သည့် လှုပ်ရှားမှုတွင် ပါဝင်ခဲ့ရာ ထိုပုဒ်မ ၅၀၅(က) ဖြင့်ပင် ၂၀၂၁၊ မတ်လဆန်းပိုင်းကတည်းက ဖမ်းဝရမ်းထုတ်ခံထားရသူ ဖြစ်သည်။

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) အဖွဲ့ဝင်ဖြစ်သူ ကိုကျော်ကိုကိုသည် ၂၀၂၁၊ မတ်လ ၃ ရက်က တာမွေမြို့နယ် GSC သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖြိုခွင်းစဉ် ရိုက်နှက်ဖမ်းဆီးခံခဲ့ရသည်။ ထိုစဉ်က အချုပ်ခန်းထဲသို့ မရောက်မီ ပြန်လည်လွတ်မြောက်လာသူများထဲတွင် သူလည်း ပါဝင်သည်။ အချုပ်ကားထဲ ရှိနေစဉ် ပရိယာယ်ဆင် ပြောဆိုနိုင်၍ လွတ်မြောက်သွားခြင်း ဖြစ်သည်ဟု သိရသည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်မှုမှစ၍ နိုင်ငံရေးပုဒ်မများဖြင့် အကြိမ်ကြိမ် ဖမ်းဆီးခံခဲ့ရသူ အသက် ၄၂ နှစ်အရွယ် ကိုကျော်ကိုကိုသည် ၁၉၈၈ နိုင်ငံရေးမျိုးဆက်နောက်ပိုင်း နိုင်ငံရေးတက်ကြွသူ လူငယ်ထုများအကြား ဩဇာရှိသည့် ထင်ရှားသူတစ်ဦးလည်းဖြစ်သည်။

ယခုအခါတွင် တောတွင်းတစ်နေရာတွင် ရှိနေပြီး အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ဆက်လက် ပါဝင်နေသူဖြစ်သည်။

Show More

Related Articles

Back to top button