
ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့ကို စစ်ကောင်စီလေတပ်က ဇန်နဝါရီ ၂၅ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ခန့် ပြုလုပ်ခဲ့သည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) က သတင်းထုတ်ပြန်ထားသည်။
“Y12 လေယာဉ်များဖြင့် အကြိမ် ၂၀ နီးပါး တိုက်ခိုက်ခဲ့သည်၊ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီသည် ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးအလုံးပေါင်း ၁၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုကြောင့် ပအိုဝ်းပြည်သူများ၏ အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးမှုအများအပြား ရှိခဲ့သည်” ဟု PNLA ပြန်ကြားရေးဌာန လူမှုကွန်ရက်စာမျက်နှာရှိ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုခိုက်ပျက်စီးမှုအခြေအနေ အသေးစိတ်ကို ဖော်ပြမထားသော်လည်း ဆီဆိုင်မြို့နှင့် ကျေးရွာ ၄ ရွာ တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။
ဆီဆိုင်မြို့ဗုံးကြဲခံရသည်ဟူသော ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်း မပြုသေးပေ။
ဆီဆိုင်မြို့သည် ဟိုပုန်း၊ ပင်လောင်း စသည့်မြို့များနှင့်အတူ ၂၀၀၈ ဖွဲ့စည်းပုံအရ ဖြစ်လာသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပါဝင်ပြီး တိုက်ပွဲများပြင်းထန်နေသည့် ကရင်နီဒေသနှင့် ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ကြားတွင်တည်ရှိသည်။
ဆီဆိုင်မြို့ရှိ စစ်ကောင်စီစခန်းများကို PNLA နှင့် ကရင်နီတော်လှန်ရေးတပ်များက ယမန်နေ့ (ဇန်နဝါရီ ၂၅ ရက်တွင်) တိုက်ခိုက်နေကြောင်း ဒေသခံတစ်ဦးက Myanmar Now ကို ယမန်နေ့တွင် ပြောသည်။
ရဲစခန်း၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ဌာနဆိုင်ရာ ရုံးများတွင် PNLA အလံများ လွှင့်ထူထားသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုဒေသခံအမျိုးသားက ပြောသည်။
PNLO/PNLA သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။ PNLO ၏ နာယကဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာသည် စစ်ခေါင်းဆောင်နှင့် နီးစပ်သည့် ဆက်ဆံရေးရှိပြီး စစ်ခေါင်းဆောင်က ဝဏ္ဏကျော်ထင်ဘွဲ့ ပေးထားသူဖြစ်သည်။
PNLO/PNLA ၏ ထိပ်ပိုင်းခေါင်းဆောင်များသည် အာဏာသိမ်းစစ်တပ်၏ “ငြိမ်းချမ်းရေး” ဆွေးနွေးပွဲတိုင်းတွင် ပူးပေါင်းဆောင်ရွက်နေချိန်မှာပင် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်သည်။
ယခုတိုက်ပွဲများ ဖြစ်ပွားနေသည့် ဆီဆိုင်မြို့ အရှေ့တောင်ဘက်ရှိ နောင်ထော်ဒေသသည် ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ – ရလလဖ ခေါ် ပအိုဝ်းနီအဖွဲ့၏ ဌာနချုပ်ဖြစ်ခဲ့ဖူးသည်၊ ထိုအဖွဲ့၏ အစိတ်အပိုင်းဖြစ်ခဲ့ဖူးသော PNLO/PNLA သည် မဟာမိတ်များနှင့်အတူ ယခု ပြန်ဝင်လာခြင်း ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ ရေးသားသည်။
“မဟာမိတ်များက အားကောင်းပုံရသည်။ နောင်ထော်နယ်မှ စခန်းများသာမက တပ်ရင်းဌာနချုပ်နှစ်ခုရှိသည့် ဆီဆိုင်မြို့ကိုပါ ရက်ပိုင်းအတွင်း ဝင်သိမ်းသည်နိုင်သည်ကို အံ့ဩဘွယ်တွေ့ရသည်” ဟု သူက သုံးသပ်ထားသည်။
PNLO/PNLA ၏ တိုက်ခိုက်မှုသည် ဇန်နဝါရီ ၂၀ ရက်နေ့က ရှမ်းပြည်နယ် ဟိုပုံးမြို့၊ စံဖူးရွာအနီးတွင် ၎င်း၏ လက်နက်သယ်ယာဉ်တန်း ဟန့်တားခံရပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဟန့်တားခံရစဉ် ပစ်ခတ်မှုများဖြစ်ပွားပြီး လက်နက်များ မီးလောင်သွားသည်။
ကရင်နီဒေသ တော်လှန်ရေးအဖွဲ့များထံသို့ ပေးပို့မည့်လက်နက်များဖြစ်သည်ဟု လေ့လာသူများက ယုံကြည်ကြသည်။ ယခင်ကလည်း လက်နက်များ ရာနှင့်ချီ ဖမ်းဆီးရမိသောလမ်းကြောင်း ဖြစ်သည်။
စစ်ကောင်စီက လေတပ် အသုံးပြုပြီး ပြင်းပြင်းထန်ထန် ခုခံကာကွယ်နေသော နောင်ထော်ဒေသသည် ရှမ်းပြည်နယ်နှင့် ကရင်နီဒေသကြား ကူးသန်းဆက်သွယ်ရေးအတွက် အချက်အချာကျသည့် နေရာဖြစ်သည်။
ထိုဒေသကို စစ်ကောင်စီက ဆက်လက် ထိန်းချုပ်ထားနိုင်လျှင် ကရင်နီဒေသသို့ လက်နက်ခဲယမ်းစီးဆင်းမှုကို ဆက်လက် ဟန့်တားနိုင်မည် ဖြစ်သည်။