သတင်း

စစ်ကောင်စီနှင့်ပေါင်းပြီး လူသားချင်းစာနာမှုအကူအညီပေးရန် သဘောတူထားဟု ထိုင်းဒုဝန်ကြီးချုပ်ပြော

ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပနေသည့် World Economic Forum ၌ ထိုင်းအစိုးရအဖွဲ့မှ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Parnpree Bahiddha Nukara က မြန်မာ့အရေး အကျယ်တဝင့် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးစတင်ရန် စစ်ကောင်စီနှင့် သဘောတူထားသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပနေသည့် World Economic Forum ၌ ထုတ်ဖော်ပြောဆိုသည်။

ဆွစ်ဇာလန်နိုင်ငံ Davos မြို့တွင် ယခုလ ၁၆ ရက်က ပြောဆိုခဲ့သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ မြန်မာ့အရေး အကျယ်တဝင့်မိန့်ခွန်းကို ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ပို့စ်သတင်းစာက ယမန်နေ့ (ဇန်နဝါရီ ၁၈) ပြန်လည်ဖော်ပြခြင်းဖြစ်ကာ ထိုင်း မြန်မာနယ်စပ်တစ်လျှောက်သာမက မြန်မာနိုင်ငံတွင်း၌ပါ လူသားချင်းစာနာမှု အကူအညီများဖြန့်ဝေပေးနိုင်ရေး ရည်ရွယ်ထားသည်ဟု ဆိုသည်။

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံစဉ် သဘောတူခြင်းဖြစ်သည်ဟု ထိုင်းအစိုးရအဖွဲ့မှ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Parnpree Bahiddha Nukara က ဆိုသော်လည်း မည်သည့်အချိန်က တွေ့ဆုံခဲ့ခြင်းဖြစ်သည်ကိုမူ ထည့်သွင်းဖော်ပြခြင်း မရှိပေ။

လွန်ခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းက တရုတ်နိုင်ငံမြို့တော် ဘေဂျင်း၌ ပြုလုပ်သည့် (၈) ကြိမ်မြောက် မဲခေါင်-လန်ချန်းအစည်းအဝေးအတွင်း ဦးသန်းဆွေက ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

“နှစ်ဖက်ပူးပေါင်းဆောင်ရွက်ဖို့ ကနေဦးအဆင့်ဖြစ်ပါတယ်။ လက်တွေ့အကောင်အထည်ဖော်ရာမှာ နှစ်နိုင်ငံကြက်ခြေနီအဖွဲ့တွေက တာဝန်ယူမှာဖြစ်ပါတယ်။ ဒီလကုန်ပိုင်းမှာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဖွဲ့စည်းနိုင်ရေး တွေ့ဆုံဖို့ရှိပါတယ်။ အမြန်ဆုံး စတင်နိုင်ဖို့လည်း မျှော်လင့်ထားပါတယ်” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

လူသားချင်းစာနာမှု အကူအညီဖြန့်ဝေရေးနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိရန် စောင့်ကြည့်ရေး လုပ်ငန်းစဉ်အတွက် အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစင်တာကို အဆိုပြုထားသည်ဟုလည်း သိရသည်။

မြန်မာ့အရေးတွင် အာဆီယံအနေဖြင့် အားလုံးပူးပေါင်းပြီး ထိတွေ့ဆက်ဆံကာ ပိုပြီးတက်တက်ကြွကြွ ဆောင်ရွက်သင့်သည်ဟုလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောဆိုသည်။

ထို့ပြင် မြန်မာ့အိမ်နီးချင်းနိုင်ငံများသာမက ဂျပန်၊ အမေရိကန်၊ ဥရောပသမဂ္ဂ၊ တောင်ကိုရီးယားနှင့် ဩစတြေးလျတို့ကလည်း ခိုင်ခိုင်မာမာ ပူးပေါင်းပါဝင်သင့်ကြောင်း၊ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးပါဝင်ပြီး တွေ့ဆုံဆွေးနွေးခြင်းမရှိဘဲ ရေရှည်ငြိမ်းချမ်းရေး ရမည်မဟုတ်ကြောင်းလည်း ၎င်းက ဆိုသည်။

“မြန်မာဦးဆောင်တဲ့ မြန်မာ့ကိုယ်ပိုင်ဖြစ်တဲ့ ဖြေရှင်းနည်းသာ ဖြစ်သင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်စေချင်ပါတယ်။ ဒီအတွက် ကျွန်တော်တို့အနေနဲ့ နှစ်ဆအားထုတ်ရပါမယ်”

အာဏာသိမ်းပြီးနောက် စစ်တပ်ဦးဆောင်သည့် ထိုင်းအစိုးရနှင့် စစ်ကောင်စီတို့အကြား ပုံမှန်ကူးလူးဆက်ဆံမှုများရှိခဲ့ကာ လွန်ခဲ့သည့်နှစ်အတွင်း တက်လာသည့် ထိုင်းအရပ်သားအစိုးရသစ်သည်လည်း မြန်မာစစ်ခေါင်းဆောင်များနှင့် ထိတွေ့ဆက်ဆံရန် ပို၍ကြိုးပမ်းလာသည်ကို တွေ့ရသည်။

မြန်မာ့အရေးတွင် ထိုင်းနိုင်ငံက ဦးဆောင်သင့်သည်ဟု လွန်ခဲ့သည့် ဒီဇင်ဘာလအတွင်းက နိုင်ငံခြားသတင်းဌာနတစ်ခုနှင့်အင်တာဗျူးတွင် ထိုင်းအစိုးရအဖွဲ့ကို ဦးဆောင်နေသည့် ဝန်ကြီးချုပ်အသစ် Srettha Thavisin က ထုတ်ဖော်ပြောဆိုထားသည်။

လွန်ခဲ့သည့် ဒီဇင်ဘာလနှင့် ယခုလအတွင်း ထိုင်းစစ်တပ်မှ ထိပ်တန်းဗိုလ်ချုပ်တချို့ နေပြည်တော်သို့ လာရောက်ကာ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံပြီး နယ်စပ်ရေးရာနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများ နှိမ်နင်းရေးဆွေးနွေးခဲ့သည်ကို တွေ့ရသည်။

Show More

Related Articles

Back to top button