ရွေးကောက်ပွဲ

နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ပေးချင်သည်ဆိုသော ဇိုပါတီဥက္ကဋ္ဌ

မြန်မာနိုင်ငံ၏ လျှပ်စစ်လိုအပ်ချက် ဖြည့်တင်းနိုင်ရန် နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ပေးလိုသည်ဟု ပြောကြားလာသူမှာ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခမ်အင်ထန်း ဖြစ်သည်။ အသက် ၆၀ အရွယ် တီးတိန်ဇာတိသား ဦးခမ်အင်ထန်းသည် ရေတပ်ဝန်ထမ်းဟောင်းတစ်ဦးလည်း ဖြစ်သည်။ 

ဦးခမ်အင်ထန်းသည် ၂၀၁၅ တွင် ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီကို စတင်တည်ထောင်ခဲ့သည်။ ပါတီအမည်မှာ ချင်းတိုင်းရင်းသား မျိုးနွယ်စု ၅၃ ခုအနက် ဇိုလူမျိုးကို အစွဲပြုမှည့်ခေါ်ထားခြင်းဖြစ်ကာ လူမျိုးအမွေအနှစ်ကို ထိန်းသိမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်လိုသည့် ရည်ရွယ်ချက်ဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

ပါတီဝင် ၄,၀၀၀ ခန့် ရှိသည်ဟုဆိုသည့် ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီသည် ၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲတွင် ဇိုလူမျိုးတို့၏ မူရင်းဒေသများဖြစ်သော တွန်းဇံ၊ တီးတိန်၊ ကလေးနှင့် တမူးမြို့နယ်များရှိ မဲဆန္ဒနယ် ၆ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း တစ်နေရာမှ အနိုင်မရခဲ့ပေ။ ၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီဥက္ကဋ္ဌကိုယ်တိုင် ဝင်ရောက်မယှဉ်ပြိုင်တော့ဘဲ တွန်းဇံမြို့နယ်တစ်မြို့နယ်တည်းရှိ လွှတ်တော်ကိုယ်စားလှယ်လေးနေရာစလုံးအတွက် ရွေးကောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ ပေါ်ပေါက်လာရသည့် နောက်ခံအကြောင်းအရာနှင့် ပါတီဥက္ကဋ္ဌ ဦးခမ်အင်ထန်း၏ ဘဝဖြတ်သန်းမှု၊ နိုင်ငံရေးခံယူချက်နှင့် ရည်မှန်းချက်များအကြောင်း Myanmar Now က ဆက်သွယ်မေးမြန်းထားသည်များမှ ထုတ်နုတ်ဖော်ပြလိုက်ရပါသည်။

မေး ။    ။  အရင်ဆုံး ဥက္ကဋ္ဌရဲ့ ဘဝဖြတ်သန်းမှု၊ နိုင်ငံရေးအတွေ့အကြုံရယ်၊ နောက်ပြီး ဒီဇိုလူမျိုးစုနဲ့ ပတ်သက်တာရယ် နည်းနည်းပြောပြပေးပါ။

ဖြေ ။     ။ ကျွန်တော့်မှာ နိုင်ငံရေးဖြတ်သန်းမှုကတော့ မရှိခဲ့ဘူး ဆိုရမယ်။ မဆလခေတ်တုန်းကတော့ အစိုးရဝန်ထမ်းဆိုတော့ သူများတွေလိုပဲ တင်းပြည့်ပါတီဝင်ပေါ့။ တပ်မတော် ရေတပ်မှာ တာဝန်ထမ်းဆောင်ပြီး ၈၈ မတိုင်ခင်က တပ်က ထွက်လာခဲ့တယ်။

ကျွန်တော်တို့ ဇိုဆိုတာကတော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား ၁၃၅ မျိုးထဲက ချင်းပြည်နယ်မှာ အများဆုံးရှိတယ်။ ၅၃ မျိုး။ ၅၃ မျိုးထဲမှာ ဇိုဆိုတာက တစ်မျိုးပေါ့။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကုဒ်နံပါတ်က ၄၂၁။ ဇိုဆိုတာကတော့ တကယ်တမ်းပြောရမယ်ဆိုရင် ကျန်တဲ့ဟာတွေနဲ့ မတူတဲ့ တစ်ချက်က ဘာလဲဆိုတော့ အဲဒီဇိုဆိုတဲ့ အမည်က ဇိုဆိုတဲ့ ပုဂ္ဂိုလ်ကနေ ဆင်းသက်လာတာ။ ဇိုဆိုတာ လူရဲ့နာမည်။

ကျန်တဲ့ ချင်းလူမျိုးတွေ ဆိုတာတွေက … ချင်းနာမည်တွေအားလုံးက ဒေသနာမည်တွေ၊ လူနာမည်မဟုတ်ဘူး၊ ဥပမာ တီးတိန်၊ ဖလမ်း၊ ဟားခါး စသဖြင့်ပေါ့နော်။ ချင်းကို ဘာသာပြန်လို့ရှိရင် ဇိုလို့ ဘာသာပြန်တယ်ခင်ဗျ။ အဲဒီဇိုက One Tribe (မျိုးနွယ်စုတစ်ခု) ဖြစ်ပေမယ့် ချင်းတောင်တစ်ခုလုံးကိုလည်း Represent (ကိုယ်စားပြု) လုပ်တယ်။

အမျိုးသားအမှတ်သင်္ကေတကို ထိန်းသိမ်းဖို့လိုတယ်ဆိုတဲ့ အသိနဲ့ ကျွန်တော်တို့ ပါတီရဲ့ နာမည်မှာ ဒီ ဇိုဆိုတာကို ထည့်တာပါ။ နောက်ပြီး အခုလွတ်လပ်လာတဲ့ အနေအထားမှာ ကိုယ့်ဒေသအသီးသီးကို ကိုယ့်လူမျိုးကပဲ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မယ်ဆိုတဲ့ အကြံဉာဏ်ပေါ်လာတဲ့အခါမှာ ကျွန်တော်တို့ ဒီနှစ်ခုကို ပေါင်းပြီး တိုင်းရင်းသားဒေသဖွံ့ဖြိုးရေးဆိုတာကို နာမည်ပေးဖြစ်တာပါ။

မေး ။    ။ ဥက္ကဋ္ဌရဲ့ ငယ်ဘဝဖြတ်သန်းမှုကရော ဘယ်လိုရှိပါလဲ။

ဖြေ ။     ။ ကျွန်တော့်အဖေက တီးတိန်မှာ ငွေတိုက်အရာရှိ၊ တစ်နည်းအားဖြင့် အရပ်အခေါ်နဲ့ဆို ငွေတိုက်ဝန်ထောက်ပေါ့နော်။ နောက်တော့ မင်းတပ်ကို ပြောင်းရတယ်။ မင်းတပ်မှာ ၄ တန်းအထိ နေခဲ့တယ်။ ၁၉၇၀ ပြည့်နှစ်မှာ တွန်းဇံကို ပြောင်းလာပြီး တွန်းဇံ အ.ထ.က ကနေ ဆယ်တန်းအောင်ခဲ့တယ်။

ဆယ်တန်းအောင်ပြီးတော့ ၁၉၇၉ ခုနှစ်မှာ ရန်ကုန်ရောက်လာတယ်။ ၁၉၈၀ ပြည့်နှစ်မှာ ရေတပ်ထဲကို ဝင်တယ်။ ရန်ကုန်ရောက်စတုန်းက RO (Radio Officer) သင်တန်းတစ်နှစ်တက်တယ်၊ Radio Officer (ရေဒီယိုအရာရှိ) ဖြစ်ချင်လို့ဆိုပြီး၊ ဒါပေမယ့် အခြေအနေက တစ်မျိုးတစ်ဖုံနဲ့ RO စာမေးပွဲမမီလိုက်ချိန်မှာ ရေတပ်ထဲ ဝင်လိုက်တယ်။

၁၉၈၇ ခုနှစ်မှာ တပ်က ထွက်တယ်။ အရေးအခင်းမတိုင်ခင်လေးမှာပဲ။ ကျွန်တော့်ရဲ့ခွင့်က ၁၉၈၈ ဧပြီမှာ ပြည့်မှာ။ ဒါပေမယ့် အဲဒီအချိန်မှာက ရန်ကုန်မြို့ထဲမှာ တော်တော်လေးကို ရှုပ်ထွေးနေပြီ။ ၈ လေးလုံးအရေးအခင်းဖြစ်တော့ တပ်ထဲက အသိအိမ်မှာ နေပြီးတော့ အဲဒီအချိန်မှာ အရပ်သားဖြစ်နေပြီ။

မေး ။    ။ တပ်မှာ ဘာတာဝန်အထိ ထမ်းဆောင်ခဲ့လဲ၊ တပ်က ထွက်ပြီးနောက်ပိုင်း ဘာလုပ်ဖြစ်လဲ။

ဖြေ ။     ။ ၁၉၉၀ ပြည့်နှစ်မှာ ကလေးမြို့ဘက်မှာ ခဏနေတယ်။ မိသားစုနဲ့။ တပ်ထဲမှာတုန်းက စာပေးစာယူ တက်လိုက်ပျက်လိုက်နဲ့ဆိုတော့ ၁၉၉၂ ခုနှစ်မှ ကျောင်းပြီးတယ်။ ဥပဒေနဲ့။ တပ်မတော်မှာကတော့ ရာထူးမတက်တော့ဘူး။ ရဲဘော်အနေနဲ့ပဲ ထွက်လာတာ။

၁၉၉၄ မှာ ကလေးကနေ ရန်ကုန်ကို ပြောင်းလာတယ်။ ၉၅ ခုနှစ်မှာ ချိန်ဘာ (Chambers) တက်ပြီး ကျွန်တော် ရန်ကုန်မှာ ရှေ့နေစလုပ်ခဲ့တယ်။ အဲဒီအချိန်ကစပြီးတော့ ရှေ့နေလုပ်ငန်းနဲ့ အသက်မွေးခဲ့တာ အခုထိဆိုပါတော့။ အထက်တန်းရှေ့နေပါ။

မေး ။    ။ နိုင်ငံရေးလောကထဲဝင်ဖို့ ဘယ်အချိန်က စိတ်ဖြစ်ပေါ်လာတာလဲ။ နောက်ပြီး ‌တခြားပါတီတစ်ခုခုကို ဝင်တာမဟုတ်ဘဲ ကိုယ်တိုင်ပါတီထောင်ပြီး ဝင်ရောက်လာခဲ့တာကရော ဘာကြောင့်လဲ။

ဖြေ ။    ။ ပြောရမယ်ဆို ၂၀၁၃ လောက်ကတည်းက အဲဒီစိတ်ဆန္ဒရှိလာတယ်။ အချိန်ကာလအလိုက် တချို့တွေက သမိုင်းတွေကို လျှောက်ပြောင်းချင်တဲ့ လူတွေရှိတယ်။ ကျွန်တော်တို့ ချင်းသမိုင်းတွေ၊ ဇိုသမိုင်းတွေကို ပေါက်ကရလုပ်တဲ့ … ပညာရှိမဟုတ်ဘူးနော်၊ ပညာတတ်တွေ ရှိလာတဲ့အခါမှာ ကျွန်တော်တို့ရဲ့ သမိုင်းကို ထိန်းသိမ်းဖို့၊ ကျွန်တော်တို့ အမျိုးသားသင်္ကေတကို ထိန်းသိမ်းဖို့ နိုင်ငံရေးပါတီအနေနဲ့ လုပ်လိုက်ရင် တစ်ချက်ခုတ်နှစ်ချက်ပြတ် ဖြစ်မယ်၊ ထိန်းသိမ်းပြီးသားဖြစ်မယ်၊ ကိုယ့်ရဲ့ဒေသဖွံ့ဖြိုးရေးနဲ့ ကိုယ့်လိုမျိုးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်တဲ့ အခန်းကဏ္ဍကိုလည်း ထဲထဲဝင်ဝင် ပါဝင်နိုင်မယ်။ အဲဒါပါပဲ။

ပြောင်းလဲလာတဲ့ တိုင်းပြည်ရဲ့အနေအထားမှာ တခြားတိုင်းရင်းသားပါတီတွေလည်း အများကြီးပေါ်ထွက်လာတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့လည်း တစ်ထောင့်တစ်နေရာက ပါဝင်ဖို့အတွက် အဲဒီကနေ စပြီး ကျနော်တို့ နိုင်ငံရေးပါတီတည်ထောင်ဖြစ်တာပါ။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကာလတွင် တမူးခရိုင်အတွင်း ဇိုပါတီက မဲဆွယ်စည်းရုံးရေး လှုပ်ရှားစဉ်။ (ဓာတ်ပုံ – ပေးပို့) 

မေး ။    ။ ဒီနှစ်ရွေးကောက်ပွဲမှာ ပါတီက တွန်းဇံတစ်မြို့နယ်တည်းမှာပဲ ပြိုင်မယ်လို့ သိရတယ်။ ဘာကြောင့်တစ်နေရာပဲ ပြိုင်တော့တာလဲ။

ဖြေ ။     ။ ဟုတ်ကဲ့၊ ကျွန်တော်တို့ ၂၀၁၅ တုန်းကတော့ တွန်းဇံမှာ သုံးနေရာ၊ တီးတိန်မှာ တစ်နေရာ၊ ကလေးနဲ့ တမူးတို့မှာ တစ်နေရာစီ ပြိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီနှစ်တော့ ကျွန်တော်တို့ တွန်းဇံမှာပဲ လွှတ်တော်နေရာ လေးနေရာစလုံးကို ပြိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။

ကျွန်တော်တို့ စပါးစိုက်လို့ရှိရင်တောင် အရင်ဆုံး သူ့ရဲ့ပျိုးခင်းရှိတာကို သေးသေးလေးပဲ အရင်ဆုံးလုပ်ရတာပေါ့။ အဲဒီပျိုးခင်းလေးကနေ စပါးအမျိုးကောင်းလေးဖြစ်လာအောင် စိုက်ရတာ။ အဲဒီလိုပဲ ကျွန်တော်တို့ မြို့နယ် တစ်မြို့နယ်ကနေ အရင်ဆုံးလုပ်မယ်ဆို တဖြည်းဖြည်းချင်း ကျယ်ပြန့်လာမယ်လို့ မျှော်လင့်တယ်။

ချက်ချင်းကြီးလုပ်လို့ မရဘူးလေနော်။ ကွန်ဖြူးရှပ်ရဲ့ စကားလိုပေါ့။ မိုင်တစ်ထောင် သွားချင်လို့ရှိရင် ခြေတစ်လှမ်း အရင်စလှမ်းရမယ် ဆိုတာကိုး။ အဲဒါ စပြီးလှမ်းတဲ့ သဘောပါ။ ကျွန်တော်တို့ ပြိုင်တဲ့ အဲဒီတစ်မြို့နယ်တည်းကိုပဲ ရ၊ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ပြည့်စုံတယ်။ ကျွန်တော်တို့က လွှတ်တော်အသီးသီးမှာ ပါဝင်နိုင်လောက်တဲ့ အနေအထား ဖြစ်ရင်တော်ပြီ။

မေး ။    ။ ဇိုပါတီအနေနဲ့ မဟာမိတ်ဖွဲ့ထားတာ ရှိလား။

ဖြေ ။     ။ ရှိပါတယ်။ ကျွန်တော်တို့က NBF (Nationalities Brotherhood Federation) ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း အဖွဲ့ဝင်ပါ။ တိုင်းရင်းသားပါတီ ၂၄ ခုပေါင်းထားတဲ့ မဟာမိတ်အဖွဲ့ပါ။

မေး ။    ။ ဇိုပါတီအနေနဲ့ ရွေးကောက်ပွဲမှာ မျှော်မှန်းထားသလို အောင်နိုင်ခဲ့မယ်ဆိုရင် ဘာတွေလုပ်ဆောင်သွားမလဲ။

ဖြေ ။     ။ ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေအနေနဲ့ အဓိကထားတာကတော့ ဖက်ဒရယ်မူပဲလေ။ ဒီမှာ ကျွန်တော်တို့က တစ်ထောင့်တစ်နေရာကနေ အသံလေးထွက်နိုင်မလားပေါ့။ ဒီလောက်ပါပဲ။

မြန်မာနိုင်ငံမှာ စီးပွားရေးပြေလည်လို့ရှိရင် နိုင်ငံရေးရော၊ နောက်ဆုံး ဒီ ငြိမ်းချမ်းရေးလမ်းစဉ်တွေလည်း အောင်မြင်လာနိုင်မယ်လို့ ကျွန်တော် အဲဒီလိုပဲ ယူဆမိတယ်။ စီးပွားရေးတိုးတက်ဖို့ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ထုတ်ကုန်မရှိ။ ထုတ်ကုန်က တွင်းထွက်ပစ္စည်းနဲ့ ကျွန်းသစ်တို့ ဒါတွေပဲ ရှိတာ။ Industrial Production (စက်မှုကုန်ထုတ်လုပ်မှု) ရှိဖို့ အရေးကြီးတယ်။

ကျွန်တော် နိုင်ငံအများကြီး ရောက်ဖူးတဲ့အနက်မှာ တိုးတက်သွားတယ်ဆိုတဲ့ နိုင်ငံတွေက လျှပ်စစ်မီးကို အလုံအလောက်ရကြတယ်။ သူတို့ဘယ်ကရလဲဆိုတော့ အဓိကက နျူကလီးယားဓာတ်ပေါင်းဖိုပဲ။ အဲဒီနျူကလီးယားဓာတ်ပေါင်းဖိုကို မြန်မာနိုင်ငံမှာ လုပ်နိုင်လို့ရှိရင် အားလုံးလည်ပတ်နိုင်မယ်။ နေ့ရောညရော လျှပ်စစ်မီးရတယ်ဆိုလို့ရှိရင် ရင်းနှီးမြှုပ်နှံမှုတွေ အလိုလိုပေါ်ပေါက်လာမယ်။

ကျွန်တော့်ကို တစ်ပတ်ပဲ သမ္မတပေးလုပ်မယ်၊ ကြိုက်တဲ့ စီမံကိန်းတစ်ခုကို လုပ်ခွင့်ရမယ်ဆို ကျွန်တော် အဲဒီ နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်ချင်တယ်။ ဒီ လျှပ်စစ်ပါဝါအတွက်၊ အဲဒီတစ်ခုလိုတယ်လို့ ကျွန်တော်ကတော့ ဒီလိုပဲမြင်တယ်။ 

အားလုံးတိုးတက်သွားရင် တောထဲမှာ သေနတ်ကိုင်ပြီးတော့ မိုးထဲရေထဲမှာ ဘယ်သူမှမနေချင်ဘူး။ အားလုံးပြန်လာမှာပဲ။ အဲဒီလိုပဲ ကျွန်တော်ကတော့ မြင်တယ်။ ကျွန်တော့်ဟာက အတွေးတိမ်တယ်ပြောလို့ရမလားတော့ မသိဘူး။

မေး ။    ။ နောက်တစ်ချက် မေးချင်တာက ကိုယ်တိုင်လည်း တပ်မတော်သားဖြစ်ဖူးတယ်ပေါ့နော်။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံမှာ တပ်မတော်အနေနဲ့ နိုင်ငံရေးမှာ ပါဝင်မှုအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ ။     ။ အဲဒီမှာဆိုရင် မြန်မာနိုင်ငံရဲ့ လိုအပ်ချက်အရပေါ့လေ၊ ဒီမိုကရေစီဖော်ဆောင်တဲ့ NLD လို ပါတီကြီးမျိုးတောင် ၂၀၀၈ (ဖွဲ့စည်းပုံအခြေခံဥပဒေ) ကို လက်ခံပြီး ဝင်လာသေးတာဆိုတော့ ကျွန်တော်တို့ကျတော့လည်း မလိုက်ပါလို့ မရဘူးလေနော်။

နောက်ပြီး သူတို့ (တပ်မတော်) ဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရကို သူတို့အတွက် အများကြီးအားနည်းချက်တွေ ရှိလာနေပြီ။ အရင်တုန်းက သူတို့အပိုင်ဆိုတဲ့ ဟာကြီးတွေက မပိုင်ကြတော့ဘူး။ တစ်နည်းအားဖြင့် ကျန်တဲ့ဟာ မပြောနဲ့ … နိုင်ငံတော်အတိုင်ပင်ခံဆိုတဲ့ဟာက သူတို့မမျှော်လင့်ခဲ့တဲ့ အရာလေ။

နိုင်ငံရေးက ဆုတ်ခွာဖို့ကို သူတို့လည်း တစ်နည်းနည်းနဲ့ ပြင်ဆင်မယ်လို့ ကျွန်တော် ယုံကြည်တယ်ဗျ။ တပ်ရဲ့အပြောင်းအလဲကတော့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့မလုပ်ချင်လည်း လုပ်ရမယ့် သဘောတွေ ရှိတယ်လို့တော့ မြင်တယ်။ 

Show More

Related Articles

Back to top button