ရွေးကောက်ပွဲ

ရခိုင်မြို့နယ် ၄ ခုတွင် ရွေးကောက်ပွဲကျင်းပရေး ပြန်လည်သုံးသပ်ပေးရန် တင်ပြ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ‌ရွေးကောက်ပွဲမကျင်းပဟု သတ်မှတ်ထုတ်ပြန်ထားသော်လည်း ရခိုင်ပြည်နယ်အတွင်း ဒေသတည်ငြိမ်မှုရှိသည့် မြို့နယ် ၄ ခုတွင် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေး သဘောတူခဲ့ကြသည့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားသည်။ 

ရခိုင်ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ ယမန်နေ့ (အောက်တိုဘာ ၂၆) တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပေါက်တော၊ မောင်တော၊ စစ်တွေနှင့် တောင်ကုတ်မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပနိုင်သည့် အခြေအနေရှိကြောင်း သဘောတူညီခဲ့ကြသည်။ 

ပြည်နယ်ကော်မရှင်အဖွဲ့ခွဲနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ရခိုင်အမျိုးသားပါတီ( ANP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(  ALD)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နှင့်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်။  

နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် အဆိုပါမြို့နယ် ၄ ခုတွင် ရွေးကောက်ပွဲကျင်းပနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အီးမေးလ်ဖြင့် တင်ပြခဲ့သည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွန်းက ပြောသည်။

“စစ်တွေမြို့နယ်မှာဆိုရင် ကျေးရွာအုပ်စု လေးအုပ်စုကျန်ခဲ့တာပေါ့။ အဲဒါကိုတင်ပြမှာ။ ပြီးရင် မောင်တော တောင်ပိုင်းပါမယ်။ ပေါက်တောမြို့နယ် တစ်မြို့နယ်လုံးပါမယ်။ တောင်ကုတ်မှာဆိုရင် ရှစ်အုပ်စုပေါ့” ဟု ဦးသူရိန်ထွန်းက Myanmar Now ကို ပြောသည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အောက်တိုဘာ ၁၆ ရက်ထုတ်ပြန်ချက်အရ ပေါက်တောနှင့် မောင်တောသည် ‌ရွေးကောက်ပွဲ လုံးဝမကျင်းပသည့် မြို့နယ်များဖြစ်ပြီး တောင်ကုတ်နှင့် စစ်တွေတွင်လည်း နေရာအချို့သာ ရွေးကောက်ပွဲကျင်းပမည်ဖြစ်သည်။  

တိုက်ပွဲများနှင့် မကြာခဏဖမ်းဆီးမှုများ ဖြစ်ပွားလေ့ရှိသည့် ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပပြီး တိုက်ပွဲမဖြစ်ပွားသည့် စစ်တွေ၊ ပေါက်တော၊ မောင်တောမြို့နယ်တို့တွင် ရွေးကောက်ပွဲမကျင်းပဆိုသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်အပေါ် ရခိုင်နိုင်ငံရေးပါတီများဖြစ်ကြသည့် ANP နှင့် ALD က ပြစ်တင်ဝေဖန်ခဲ့သည်။ 

“(ရွေးကောက်ပွဲ) မလုပ်ဘူးဆိုရင် ပြည်သူတွေရဲ့ပါဝင်ခွင့်ဟာ တရားမျှတမှုမရှိဘဲ ဆုံးရှုံးနေတယ်လို့ ကျွန်တော်တို့ပါတီက ယူဆတဲ့အတွက် ခုလို ပြန်ပြီးတော့၊ ပြန်လည်သုံးသပ်နိုင်ဖို့ အချိန်ကလည်း ရှိပါသေးတယ်” ဟု ယမန်နေ့ဆွေးနွေးပွဲနှင့်ပတ်သက်၍ ANP ပါတီမှ မူဝါဒရေးရာအကြံပေး ဦးထွန်းအောင်ကျော်က ပြောသည်။

ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများနှင့် နယ်မြေဆိုင်ရာကိစ္စများ ဆွေးနွေးတိုင်ပင်သင့်သည်ဟု ALD ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က Myanmar Now ကို ပြောသည်။

“ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့က သူလုပ်သင့်တာကိုလုပ်တယ်။ ဒါပေမယ့် ဒီကိစ္စကို ရွေးကောက်ပွဲကျင်းပဖို့က ရက်ပိုင်းပဲလိုပြီ။ ဒါကြောင့် ဒီနယ်မြေတွေမှာ ကျင်းပနိုင်ဖို့၊ ဖြစ်ဖို့ဆိုလည်း ဆောလျင်စွာ အကြောင်းပြန်ပေးဖို့လိုမယ်” ဟု ၎င်းက ပြောသည်။  

အာဏာရ NLDပါတီကိုယ်စားပြု ဆွေးနွေးပွဲတက်ရောက်ခဲ့သူများကလည်း ပေါက်တောမြို့နယ်နှင့် စစ်တွေမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ နယ်မြေအေးချမ်းနေသောကြောင့် ရွေးကောက်ပွဲကျင်းပသင့်ကြောင်း တင်ပြဆွေးနွေးခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီကလည်း အဆိုပါဆွေးနွေးပွဲတွင် သဘောတူလက်ခံခဲ့သည်။ 

“မဲဆန္ဒရှင်တွေက လွတ်လွတ်လပ်လပ် သူတို့ကြိုက်တဲ့သူတွေ၊ ကြိုက်တဲ့ပါတီကို မဲပေးတာက အေးအေးချမ်းချမ်းပေးနိုင်ရင် ကျွန်တော်တို့လည်း ဝမ်းသာပါတယ်။ ကိုဗစ်ကာလမှာ မဲတစ်ပြားကို လွတ်လွတ်လပ်လပ်ပေးနိုင်ရင် ဝမ်းသာပါတယ်လို့ တင်ပြခဲ့ပါတယ်”ဟု စစ်တွေခရိုင် NLD ဥက္ကဋ္ဌ ဦးသောင်းစိန်က ပြောသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ် ၄ ခုတွင် ရွေးကောက်ပွဲကျင်းပပေးရန် တင်ပြမှုနှင့်ပတ်သက်၍  ပြည်ထောင်စုကော်မရှင်ကသာ ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း ပြည်နယ်ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးသူရိန်ထွန်းက ပြောသည်။

“ဒါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အဆုံးအဖြတ်လေ။ ကျွန်တော်တို့က နိုင်ငံရေးပါတီတွေရဲ့ တောင်းဆိုချက်၊ မဲဆန္ဒရှင်တွေရဲ့ တောင်းဆိုချက်တွေကို တင်ပြပေးတဲ့အဆင့်ပဲ ရပါတယ်။ ပြီးရင် လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပေးတဲ့အဆင့်ပဲ ရပါတယ်။ ကျွန်တော်တို့က ဆုံးဖြတ်လို့မရဘူး”ဟု ၎င်းက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အောက်တိုဘာ ၁၆ ရက်ထုတ်ပြန်ချက်အရ မြို့နယ်ပေါင်း ၁၇ ခုရှိသည့် ရခိုင်ပြည်နယ်တွင် ပြည်နယ်တောင်ပိုင်းရှိ သံတွဲ၊ ဂွ၊ မာန်အောင်၊ ရမ်းဗြဲ စသည့်မြို့နယ် ၄ ခု တွင်သာ နေရာပြည့် ရွေးကောက်ပွဲကျင်းပမည်ဖြစ်သည်။ 

ပလက်ဝမြို့နယ်တွင် လုံခြုံရေးဆောင်ရွက်ပေးရန် ရွေးကော်က ပြောဆိုချက်အရ လုံခြံရေးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တပ်မတော်ဘက်က အကြောင်းပြန်ခဲ့သောကြောင့် ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်ထဲတွင် ပါဝင်လာခြင်းဖြစ်သည်ဟု အောက်တိုဘာ ၂၄ က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အောက်တိုဘာ ၁၆ ရက် ထုတ်ပြန်ကြေညာချက်အတိုင်း အတည်ဖြစ်ပါက ရခိုင်ပြည်နယ်တွင် ပြည်သူ့လွှတ်တော် ၉ နေရာ၊ အမျိုးသားလွှတ်တော် ၇ နေရာနှင့် ပြည်နယ်လွှတ်တော် ၂၀ နေရာ၊ စုစုပေါင်း ၃၆ နေရာ လစ်လပ်မည်ဖြစ်သည်။ 

Show More

Related Articles

Back to top button