သတင်း

အချက်အလက်မှန်ကန်စွာ မှတ်ပုံမတင်သည့် မိုဘိုင်းဖုန်းဆင်းကတ် ၃၄ သန်းကျော်ပိတ်သိမ်းခဲ့

မိုဘိုင်းဖုန်းဆင်းကတ်များ ပြန်လည်မှတ်ပုံတင်မှုအစီအစဉ်အရ အချက်အလက်မှန်ကန်စွာ မှတ်ပုံမတင်သည့် ဆင်းကတ် ၃၄ သန်းကျော်ကို အပြီးပိတ်သိမ်းခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

အချက်အလက်မှန်ကန်စွာ ပြန်လည်မှတ်ပုံတင်ခြင်းမရှိသည့် ဖုန်းဆင်းကတ်များ၊ မှတ်ပုံတင်တစ်ခုတည်းဖြင့် ဆင်းကတ်နှစ်ခုထက်ပို၍ မှတ်ပုံတင်ထားသည့် ဆင်းကတ်များနှင့် လက်လီဆိုင်၊ လမ်းဘေးအရောင်းဆိုင်များတွင် ပြန်လည်ရောင်းချရန် အရေအတွက်ရာချီ ဝယ်ယူထားသည့် ဆင်းကတ်ပေါင်း ၃၄ ဒသမ ၄၉ သန်းကျော် ပိတ်သိမ်းခဲ့သည်ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက Myanmar Now ကို ပြောသည်။

အကြောင်းအမျိုးမျိုးကြောင့် အချက်အလက်မှန်ကန်စွာ မှတ်ပုံမတင်ရသေးသည့် ဆင်းကတ်များကို ၂၀၂၀ ဖေဖော်ဝါရီမှစ၍ ဇွန်လကုန်အထိ လေးလအတွင်း ဆင်းကတ်များ ပြန်လည်မှတ်ပုံတင်ရန်ညွှန်ကြားခဲ့ပြီး သတ်မှတ်ကာလအတွင်း မှတ်ပုံမတင်ပါက ဆင်းကတ်များ ပိတ်သိမ်းမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ကြေညာခဲ့သည်။

“ကိုယ်သုံးနေတဲ့ဖုန်းက ကိုယ့်မှတ်ပုံတင် ဟုတ်မဟုတ် စစ်ခိုင်းလိုက်တယ်။ အဲဒီတုန်းက စစ်ခိုင်းပြီးတော့ မဟုတ်ဘူးဆိုရင် နီးစပ်ရာဆိုင်တွေမှာ မှတ်ပုံသွားတင်ပါ၊ အွန်လိုင်းကနေတင်ပါ ညွှန်ကြားခဲ့တာရှိတယ်။ မတင်ဘဲ ကျန်ခဲ့တာတွေ၊ (အချက်အလက်) မှားနေတာတွေကို ပိတ်လိုက်တာ” ဟု ဦးမျိုးဆွေက ပြောသည်။

မြန်မာနိုင်ငံတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)၊ တယ်လီနော (Telenor)၊ အူရီဒူး (Ooredoo) နှင့် Mytel ဟူ၍ ဆက်သွယ်ရေးကုမ္ပဏီလေးခုရှိပြီး ကုမ္ပဏီတစ်ခုလျှင် ပိတ်သိမ်းခံရသည့် ဆင်းကတ်အရေအတွက် ၆ သန်းကျော်မှ ၉ သန်းကျော်အထိ ရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

ဆင်းကတ်တစ်ခုလျှင် လက်ကျန်ငွေ ၅၀ ကျပ်၊ ၁၀၀ ကျပ် စသည်ဖြင့် ကျန်နေပြီး ဖုန်းဘေလ်လက်ကျန်ငွေများအနက် အကြမ်းဖျင်းအားဖြင့် MPT နှင့် တယ်လီနော အော်ပရေတာနှစ်ခုထံမှ ကျပ်သိန်း ၆၀၀ ကျော်စီ၊ အူရီဒူးနှင့် Mytel တို့ထံမှ ကျပ်သိန်း ၂၅၀ ကျော်စီ အသီးသီးရရှိကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မှန်ကန်စွာ မှတ်ပုံတင်ခြင်းမရှိသည့် ဆင်းကတ်များ ဖျက်သိမ်းလိုက်ခြင်းကြောင့် တယ်လီနော (မြန်မာ) ဆက်သွယ်ရေးကွန်ရက်၏ ဆင်းကတ်အရေအတွက် ၆ ဒသမ ၃ သန်းနီးပါး ဆုံးရှုံးခဲ့ကြောင်း တယ်လီနောအုပ်စု၏ ၂၀၂၀ အတွက် တတိယသုံးလပတ် ကြားဖြတ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

သုံးလပတ်အတွင်း တယ်လီနောကွန်ရက်အသုံးပြုသူ ၄ သန်းကျော် တိုးလာသော်လည်း ပိတ်သိမ်းခံရသည့် ဆင်းကတ် ၆ ဒသမ ၃ သန်းနီးပါးရှိသဖြင့် တယ်လီနောအသုံးပြုသူ ၂ သန်းကျော် လျော့နည်းသွားကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် တယ်လီနောဆင်းကတ်အသုံးပြုသူပေါင်း ၂၃ သန်းကျော်ရှိသည်။ 

ဆင်းကတ် သန်းနှင့်ချီ အပိတ်ခံရခြင်းကြောင့် မိုဘိုင်းဖုန်းသုံးစွဲသူများသည် ဆင်းကတ်များ ပြောင်းလဲဝယ်ယူသုံးစွဲနိုင်သဖြင့် ဆက်သွယ်ရေးကုမ္ပဏီများသည် ပုံမှန်သုံးစွဲသူများ ဆုံးရှုံးနိုင်သော်လည်း ဆင်းကတ်များ ရောင်းချစဉ်ကတည်းက အချက်အလက် မှန်ကန်စွာ မှတ်ပုံတင်ရန် ညွှန်ကြားခဲ့ကြောင်း ဦးမျိုးဆွေက ဆိုသည်။

ပိတ်သိမ်းထားသည့် ဆင်းကတ်ပေါင်း ၃၄ သန်းကျော်မှ လက်ကျန်ဖုန်းဘေလ် စုစုပေါင်း ကျပ် ၁ ဒသမ ၇ ဘီလျံကျော် ရှိပြီး အဆိုပါလက်ကျန်ငွေများကို ကိုဗစ်နိုင်တင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက လှူဒါန်းခဲ့သည်။

၂၀၂၀ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးအော်ပရေတာလေးခုမှ ဆင်းကတ်အရေအတွက် ၇၉ သန်းဝန်းကျင် အသုံးပြုနေကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးဌာနမှ သိရသည်။

Show More

Related Articles

Back to top button