အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရွေးကောက်ပွဲ

ရွေးကောက်ပွဲမကျင်းပသည့် မြို့နယ်များကို ပြန်သုံးသပ်ရန် ရခိုင်ပါတီများ တောင်းဆို

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ၉ ခုနှင့် အခြားမြို့နယ်လေးခုရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ကြေညာထားမှုကို ပြန်လည်စိစစ်သုံးသပ်ပေးရန် ရခိုင်အမျိုးသားပါတီ (ANP) နှင့် ရခိုင့်ဦးဆောင်ပါတီ (AFP) တို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ စာပို့ တောင်းဆိုလိုက်သည်။ 

အဆိုပါမြို့နယ်များတွင် နယ်မြေမတည်ငြိမ်မှု အနည်းငယ်ရှိသော်လည်း ရွေးကောက်ပွဲ မကျင်းပနိုင်သော အခြေအနေအထိ မရှိသောကြောင့် ရခိုင်ပြည်သူလူထု၏ နိုင်ငံသားအခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေးများကို အလေးထားခြင်းအားဖြင့် ယင်းမြို့နယ်များတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး စီစဉ်ပေးရန် အောက်တိုဘာ ၂၁ ရက်စွဲဖြင့် ပေးပို့သည့် ANP ၏ အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

“အခုလို စစ်ဖြစ်နေတဲ့ကာလမှာ နိုင်ငံရေးဘောင် မကျဉ်းသွားစေချင်ဘူး။ နိုင်ငံရေးဘောင်ကျဉ်းသွားရင် စစ်ဘောင်ကျယ်လာမယ်။ အဲဒီလို မဖြစ်စေချင်ဘူး။ ရွေးကောက်ပွဲမကျင်းပရင် လူထုအပေါ်မှာရော၊ ငြိမ်းချမ်းရေးတည်ဆောက်ရေးအပေါ်မှာ အကျိုးသက်ရောက်မှု မရှိနိုင်ဘူး” ဟု ANP ဗဟိုအောင်နိုင်ရေးကော်မတီ ပြန်ကြားရေးတာဝန်ခံ ဦးကိုချေက ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်များဖြစ်သည့် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးမြို့နယ်များတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသဖြင့် ရွေးကောက်ပွဲကျင်းပခြင်း ပြုမည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထို့ပြင် ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာအုပ်စု ၅၄ အုပ်စု၊ အမ်းမြို့နယ်ရှိ ကျေးရွာအုပ်စု ၃၂ အုပ်စု၊ စစ်တွေမြို့နယ်ရှိ ကျေးရွာအုပ်စု ၄ အုပ်စုနှင့် တောင်ကုတ်မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၂ အုပ်စုတွင် ‌ရွေးကောက်ပွဲကျင်းပနိုင်မည် မဟုတ်ပေ။

တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် စစ်တွေ၊ မောင်တောနှင့် ပေါက်တောမြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသော်လည်း တိုက်ပွဲများနှင့် မကြာခဏဖမ်းဆီးမှုများ ဖြစ်ပွားနေသည့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပမည်ဆိုသည့်အပေါ် ရခိုင်နိုင်ငံရေးပါတီများက ပြစ်တင်ဝေဖန်ခဲ့ကြသည်။ 

ပေါက်တောမြို့နယ်သည် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဒေသတည်ငြိမ်မှုရှိသောကြောင့် ပြန်လည်စိစစ် သုံးသပ်ပေးရန် အဆိုပါမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင့်ဦးဆောင်ပါတီ (AFP) ကိုယ်စားပြု ကိုယ်စားလှယ်လောင်း ၄ ဦးက ယမန်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ စာပေးပို့ တောင်းဆိုထားသည်။ 

“တိုက်ပွဲဖြစ်နေတဲ့ ပလက်ဝမှာတောင်မှ ရွေးကောက်ပွဲကျင်းပနေပြီးတော့ တိုက်ပွဲ တစ်ကြိမ်တစ်ခါမှ မရှိဘဲ တည်ငြိမ်အေးချမ်းနေတဲ့ ပေါက်တောမြို့နယ်လို နေရာမှာမှ ရွေးကောက်ပွဲ မကျင်းပနိုင်တာကို နည်းနည်း မေးခွန်းထုတ်စရာ ဖြစ်နေတဲ့အတွက် တင်ပြရတာဖြစ်တယ်” ဟု ပေါက်တောမြို့နယ်တွင် ဝင်ပြိုင်မည့် AFP ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအေးသာအောင်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်မည့်နေရာများတွင် ရွေးကောက်ပွဲကျင်းပခွင့်ပြုခြင်းသည် ခွင့်တူညီမျှမည်မဟုတ်၊ ဤသို့ ခွင့်တူမညီမျှမှုတို့ကြောင့် တရားမျှတမှု ကွယ်ပျောက်ကာ ပဋိပက္ခသို့ ဦးတည်စေသဖြင့် စစ်ဘောင်ပိုကျယ်လာစေမည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ကလည်း အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။

ယခု ရွေးကောက်ပွဲမကျင်းပသည့် မြို့နယ်များသည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီရှုံးနိမ့်ခဲ့သည့် နေရာများဖြစ်သဖြင့် ရွေးကောက်ပွဲမကျင်းဘဲ အာဏာရပါတီ နိုင်နိုင်ခြေရှိသည့် နေရာများတွင်သာ ရွေးကောက်ပွဲကျင်းပသည်ဟု ရခိုင်နိုင်ငံရေးပါတီများက ဝေဖန်လျက်ရှိသည်။ 

သို့သော် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အနိုင်ရနယ်မြေ ဟုတ်ခြင်း၊ မဟုတ်ခြင်း နှင့် မသက်ဆိုင်ဘဲ ဘေးကင်းလုံခြုံမှု ရှိမရှိပေါ်တွင်သာ မူတည်ကြောင်း အောက်တိုဘာ ၂၀ က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်နိုင်က ပြောကြားခဲ့သည်။ 

ရွေးကောက်ပွဲ မကျင်းပနိုင်သော နေရာများနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၏ တင်ပြချက်များအပေါ် စဉ်းစားသုံးသပ်ကာ ဆုံးဖြတ်ခြင်းသာဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အောက်တိုဘာ ၁၆ ရက် ထုတ်ပြန်ကြေညာချက်အတိုင်း အတည်ဖြစ်ပါက ရခိုင်ပြည်နယ်တွင် ပြည်သူ့လွှတ်တော် ၉ နေရာ၊ အမျိုးသားလွှတ်တော် ၇ နေရာနှင့် ပြည်နယ်လွှတ်တော် ၂၀ နေရာ၊ စုစုပေါင်း ၃၆ နေရာ လစ်လပ်မည်ဖြစ်သည်။  

ရွေးကောက်ပွဲ မကျင်းပသော နေရာများတွင် ရခိုင်အပြင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ နယ်မြေအချို့လည်း ပါဝင်လျက်ရှိသည်။  

ထို့ကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူ့လွှတ်တော် ၁၅ နေရာ၊  အမျိုးသားလွှတ်တော် ၇ နေရာ၊ ပြည်နယ်လွှတ်တော် နေရာ ၃၂ နေရာ စုစုပေါင်း မဲဆန္ဒနယ် ၅၄ နေရာ လစ်လပ်မည်ဖြစ်သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button