သတင်း

ရသေ့တောင်တွင် စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးသွားရောက်သူ နှစ်ဦး ဖမ်းဆီးခံရ 

ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေး သွားရောက်ခဲ့သည့် မြို့မိမြို့ဖနှစ်ဦးဖြစ်သည့် ဦးဦးသိန်းမောင်နှင့် ဦးဦးသာဇံသည် ရသေ့တောင်မြို့နယ် ငလပြားဆိပ်ကမ်း၌ အောက်တိုဘာ ၂၁ ရက်က ဖမ်းဆီးခံခဲ့ရသည်ဟု မျက်မြင်တွေ့ရှိသူက Myanmar Now ကို ပြောသည်။ 

“သူတို့ကို ငလပြားဆိပ်ကမ်းမှာ ဖမ်းတယ်။ သူတို့ကိုခေါ်သွားတယ်။ ဘာပြောလဲဆိုရင် မေးမြန်းစုံစမ်းဖို့ရှိတယ်ဆိုပြီး ခေါ်သွားတယ်။ မေးမြန်းစုံစမ်းပြီးရင် လွှတ်ပေးမယ်လို့ ပြောသွားတယ်” ဟု အခင်းဖြစ်ပွားရာတွင် ရှိနေခဲ့သူ မျက်မြင်တစ်ဦးက ပြောသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေနှင့်အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများအပါအဝင် စုစုပေါင်း ၈ ဦးသည် ရေပိုက်ဆုံကျေးရွာ၊ စစ်ဘေးရှောင်စခန်းသို့ ဆန်အိတ် ၁၀၀ ပေးရန် အဖွဲ့လိုက်သွားရောက်စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ 

ရခိုင်အမျိုးသားပါတီမှ ဒေါ်ခင်စောဝေအပါအဝင် အခြားသူ ၆ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း အသက် ၇၀ အရွယ် မြို့မိမြို့ဖနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားလိုက်သည်ဟု အမည်မဖော်လိုသူ အဆိုပါ မျက်မြင်တွေ့ရှိခဲ့သူက ပြောသည်။ 

ဖမ်းဆီးခဲ့သူများမှာ အရပ်ဝတ်ဖြင့် လူငယ်သုံးဦးဖြစ်ပြီး လက်နက်ကိုင်ဆောင်ထားခြင်း မရှိသော်လည်း AA လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခြင်းဖြစ်သည်ဟု အဆိုပါ မျက်မြင်သက်သေက ဆိုသည်။ 

ဒေါ်ခင်စောဝေအပါအဝင် အခြား ၆ ဦးကို ဖမ်းဆီးမေးမြန်းခြင်း တစ်စုံတစ်ရာမရှိခဲ့ဘဲ ဆန်အိတ်များကိုလည်း စစ်ဘေးရှောင်စခန်းသို့ ပို့ဆောင်နိုင်ခဲ့သည်ဟု အဖွဲ့နှင့်အတူ လိုက်ပါသွားသူတစ်ဦးက ပြောသည်။ 

ဖမ်းဆီးခံရသူနှစ်ဦးသည် ရပ်မိ၊ ရပ်ဖများဖြစ်ကြပြီး လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသူများဖြစ်သဖြင့် အမြန်ဆုံးပြန်လွှတ်ပေးစေချင်သည်ဟုလည်း လုံခြုံရေးအရ အမည်မဖော်လိုသူ ၎င်းက ပြောသည်။

လူနှစ်ဦးကို အမည်မသိသူများက ဖမ်းဆီးခေါ်ဆောင်သွားသည်ကို ကြားသိရကြောင်း၊ အသေးစိတ်ကို လွတ်မြောက်လာသူများထံတွင်သာ မေးမြန်းရန် ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းက Myanmar Now ကို ပြောသည်။ 

ဖမ်းဆီးခေါ်ဆောင်သွားခံရသူနှစ်ဦးသည် ယနေ့ (အောက်တိုဘာ ၂၂) အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။ 

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပါတီဝင် တောင်ကုတ်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမင်းအောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့သည် တောင်ကုတ်မြို့နယ် ဖောင်းကားကျေးရွာသို့ မဲဆွယ်စည်းရုံးရေးသွားရောက်စဉ် အောက်တိုဘာ ၁၄ တွင် AA အဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။ 

မတရားဖမ်းဆီးထားသော နိုင်ငံရေးသမားများ၊ အပြစ်မဲ့ ရခိုင်ပြည်သူများနှင့် ငြိမ်းချမ်းရေးအတွက် ဆန္ဒပြတောင်းဆိုသော ကျောင်းသားများကို အမြန်ဆုံးပြန်လွှတ်ပေးမည်ဆိုပါက NLD ကိုယ်စားလှယ်လောင်းသုံးဦးကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း AA အဖွဲ့က အောက်တိုဘာ ၁၉ ရက်နေ့ ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အစိုးရသည် စစ်တပ်နှင့်ပူးပေါင်းကာ ကြံရာပါ ကျူးလွန်နေကြောင်း၊ ရခိုင်လူထုကို မတရားဖမ်းဆီးနှိပ်စက်သော မြန်မာဖက်ဆစ်စစ်တပ်ကို ထောက်ခံအားပေးနေပြီး ကြံရာပါအဖြစ် ကျူးလွန်နေကြောင်း၊ ကိုရိုနာကပ်ဘေးတွင်လည်း NLD အစိုးရသည် နိုင်ငံရေးအမြတ်ထုတ်ပြီး ဖက်ဆစ်စစ်တပ်က စစ်ရေးအမြတ်ထုတ်နေကြောင်း AA အဖွဲ့၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။ 

AA အကြမ်းဖက်အဖွဲ့၏ ထုတ်ပြန်ချက်ပါ အချက်အလက်များမှာ အခြေအမြစ်မရှိဘဲ တစ်ဖက်သတ် ကောက်ချက်များသာဖြစ်ကြောင်းနှင့် AA အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်များသည် နောင်အနာဂတ် ငြိမ်းချမ်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ကြီးမားသော အဟန့်အတားဖြစ်လာနိုင်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ယမန်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ဖမ်းဆီးခံထားရသည့် NLD ကိုယ်စားလှယ်လောင်းများကို အမြန်ဆုံးပြန်လွှတ်ပေးရန်လည်း တောင်းဆိုထားသည်။ 

Show More

Related Articles

Back to top button