
တရုတ်နိုင်ငံက အလိုရှိနေသော အွန်လိုင်းငွေလိမ်ရာဇဝတ်ကောင်များကို အကာအကွယ်ပေးနေသည်ဟု စစ်ကောင်စီနှင့် ကိုးကန့်တပ် MNDAA တို့က အပြန်အလှန် စွပ်စွဲနေကြသည်။
ဦးပယ်ဆောက်ချိန်အပါအဝင် ကိုးကန့်အခြေစိုက် ကျားဖြန့်ခေါင်းဆောင်များကို စစ်ကောင်စီက လောက်ကိုင်မြို့မှ ရဟတ်ယာဉ်ဖြင့် ကယ်ထုတ်သွားပြီဖြစ်ကြောင်း ကိုးကန့်တပ် MNDAA စစ်ဦးစီးချုပ် ဖုန်တရွှင်က ဇန်နဝါရီ ၁ ရက်နေ့ ရက်စွဲတပ် နှစ်သစ်ကူးသဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။
တရုတ်အစိုးရက ကျားဖြန့်လောင်းကစားသံသယဖြင့် ကိုးကန့်အုပ်ချုပ်ရေး ခေါင်းဆောင်ဟောင်းများနှင့် ကြံ့ခိုင်ရေးပါတီအမတ်များ ဖြစ်ကြသည့် ဦးပယ်ဆောက်ချိန်၊ ဦးဝေဆန်းနှင့် ဦးလီကျိန်းချန် (ခ) ဦးလျိုအားပေါက်တို့အပါအဝင် လောက်ကိုင်မှ ၁၀ ဦးကို ၂၀၂၃ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်ခဲ့သည်။ စစ်ကောင်စီကို သစ္စာခံသည့် ကိုးကန့်အုပ်စုထဲတွင် ၎င်းတို့သုံးဦးနှင့် ပြီးခဲ့သည်လအတွင်းက သေဆုံးသွားသည့် တရုတ်နိုင်ငံသား ကြံ့ခိုင်ရေးပါတီအမတ် ဦးမြီရှောက်ချန်းတို့သည် အရေးအပါဆုံးခေါင်းဆောင်များဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ဆိုက်ဘာမှုခင်းလုပ်ငန်းနေရာပေါင်း ၃၀၀ ကျော်နှင့် ထောင်နှင့်ချီသည့် လုပ်ငန်းရှင်များကို တရုတ်နိုင်ငံထံ လွှဲပြောင်းပေးနိုင်ခဲ့သော်လည်း အရေးကြီးသည့် ဆိုက်ဘာလုပ်ငန်းရှင်အချို့ကို စစ်ကောင်စီက ကာကွယ်ပေးခဲ့သည်ဟုလည်း MNDAA စစ်ဦးစီးချုပ်က ဆိုသည်။
“(ဦးပယ်ဆောက်ချိန်နဲ့ အခြား ၃ဦးတို့ ကျားဖြန့်ကို) ဒီလောက်ထိ လုပ်ဆောင်နိုင်ခြင်းမှာ နောက်ကွယ်ရာတွင် နိုင်ငံတော်အာဏာကို သိမ်းယူသောစစ်ကောင်စီမှ အကာအကွယ်ပေးနေသည်ကို သက်သေပြနေပါသည်” ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။
အဆိုပါ မိသားစု(၄)စု၏ လက်အောက်ရှိ ဆိုက်ဘာမှုခင်းလုပ်ငန်များတွင် လူဦးရေ တစ်သိန်းကျော်ခန့်ရှိပြီး နှစ်စဉ်လိမ်လည်ရာမှ ရရှိသောငွေမှာ တရုတ်ယွမ်ငွေ သိန်းပေါင်း တစ်သိန်းကျော်ခန့် ရှိသည်ဟုလည်း MNDAA စစ်ဦးစီးချုပ်က ဆိုသည်။
အောက်တိုဘာ ၂၇ ရက်နေ့တွင် စတင်သည့် ၁၀၂၇ စစ်ဆင်ရေးပြီးဆုံးခြင်းမရှိသေးကြောင်း၊ လောက်ကိုင်မြို့တွင် ခုခံနေသည့် စစ်ကောင်စီတပ်များနှင့်အတူ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သည့် ဆိုက်ဘာမှုခင်းလုပ်ငန်းရှင်များကိုလည်း စစ်ကောင်စီတပ်က ဆက်လက်ကာကွယ်ပေးနေကြောင်း သဝဏ်လွှာက ဖော်ပြသည်။
စစ်ဆင်ရေး ရက်ပေါင်း ၆၅ ရက်ကျော်ကြာပြီးနောက် ကိုးကန့်ဒေသတွင် သိမ်းပိုက်ရန် စခန်း အနည်းငယ်သာ ကျန်တော့သည်ဟု သိရသည်။

“လက်ရှိအချိန်တွင် ကွတ်ခိုင်ခရိုင်၊ မူပန်(သန္နီ)ခရိုင်၏ နေရာအများစုနှင့် မုံးကိုးခရိုင်တို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ကိုးကန့်ခရိုင်တွင်မူ လောက်ကိုင် ဒကစ(မီရှင်းကုတ်)နှင့် နန်ထင်းမိန်တောင် စသည့် နေရာတွေမှလွဲ၍ စော်ဘွားခေတ်ကတည်းက လက်လွှတ်ခဲ့ရသောသမိုင်းဝင်နယ်မြေ အမြောက်အများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်
ကျားဖြန့်လုပ်ငန်းနှင့် ဆက်စပ်နေသည့် တရုတ်နိုင်ငံသားတချို့ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေတွင် ခိုလှုံခွင့် ပေးထားသည်ဟု အာဏာသိမ်းစစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ဒီဇင်ဘာ ၃၀ ရက်နေ့ ရက်စွဲတပ် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အွန်လိုင်းလိမ်လည်မှုမှာ ပတ်သက်နေတဲ့ တရုတ်နိုင်ငံသားတချို့ကို သူတို့ရဲ့ Eao နယ်မြေထဲကို အခကြေးငွေယူပြီး ထွက်ပြေးတိမ်းရှောင် ဖုံးကွယ်ထားတဲ့ သတင်း တွေကို ရရှိပါတယ်။ ကျွန်တော်တို့လည်း သက်ဆိုင်ရာတွေကို သတင်းပေးပို့ပြီး ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။
မည်သည့် လက်နက်ကိုင်အဖွဲ့ကို ရည်ရွယ်ခြင်းဖြစ်ကြောင်း ဖော်ပြမထားသော်လည်း အဆိုပါ ထုတ်ပြန်ချက်မှာ ညီနောင် ၃ ဖွဲ့၏ လှုပ်ရှားမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ အမြင်များကို စုစည်း ဖော်ပြထားသည့် ထုတ်ပြန်ချက် ဖြစ်သည်။
ရခိုင် နှင့် တအောင်း/ပလောင် ဒေသတို့မှာ ကျားဖြန့်လုပ်ငန်းနှင့် ပတ်သက်ပြီး နာမည်ပျက် မရှိပေ။ ကိုးကန့်ဒေသမှာမူ ကျားဖြန့်လုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်နေသော ဒေသ ဖြစ်သည်။
ကိုးကန့်ဒေသတွင် စစ်ကောင်စီ၏ လက်နက်ကိုင်များသည် တပ်စခန်းအတွင်းထဲတွင်သာ နေထိုင်ကြသော်လည်း MNDAA လက်နက်ကိုင်တို့ကမူ မြို့ထဲတွင် နေထိုင်ကြသည်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။
“လောက်ကိုင်မြို့ မြို့တွင်းမှာဆိုရင် MNDAA ဟာ အရပ်ဝတ်တွေနဲ့ ဝင်ရောက်နေရာယူတာ တွေ၊ လူနေအဆောက်အဦးတွေကို စစ်ရေးအရ အသုံးပြုပြီး ၊ လူနေအဆောက်အဦး တွေကနေပြီး တပ်စခန်းတွေကို နှောင့်ယှက်ပစ်ခက်တာတွေ နေ့စဉ်ဆောင်ရွက် လျက်ရှိပါတယ်” ဟု သူက ပြောသည်။
“တရုတ်နိုင်ငံသားတချို့ကို လူသားတံတိုင်းသဖွယ် အသုံးပြုနေတာဖြစ်ပါတယ်”
တိုက်ပွဲနယ်မြေအနီးမှ တရုတ်နိုင်ငံသားများ ဘေးကင်းရာသို့ ထွက်ခွာရန် စစ်ကောင်စီ၊ ကိုးကန့်တပ်၊ တရုတ်အစိုးရတို့က တိုက်တွန်းထားပြီးဖြစ်သည်။
တိုက်ပွဲများ
ဒကစ(လောက်ကိုင်)ကို MNDAA တပ်များက ဒီဇင်ဘာ ၃၀ ရက်မှစတင်ကာ တိုက်ခိုက်နေသည်၊ လောက်ကိုင်မြို့အနီး စစ်ကောင်စီ လက်လွှတ်လိုက်ရသည့် အခြားတောင်ကုန်းများမှ စစ်သားများက ဒကစတွင် သွားရောက်ပူးပေါင်းကာ ခုခံနေကြသည့်အတွက် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။
နယ်စပ်မှတ်တိုင် ၁၂၂ အနီး နန်ထင်းမိန်တောင်စခန်းတွင် တိုက်ပွဲဖြစ်ပွားခြင်းရှိ၊ မရှိ မသိရသေးသလို MNDAA ကလည်း ထုတ်ပြန်ခြင်းမရှိသေးပေ။
ဒီဇင်ဘာ လဆန်းပိုင်းမှ စတင်ကာ လောက်ကိုင်မြို့အနီးဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းများကို MNDAA က တစ်ခုပြီး တစ်ခုသိမ်းပိုက်နိုင်ခဲ့ပြီး ဒီဇင်ဘာ လကုန်ပိုင်းတွင် လောက်ကိုင်တစ်မြို့လုံးနီးပါးကို ထိန်းချုပ်နိုင်ခဲ့သည်။
ဖေ့ဘွတ်လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ရုပ်သံဖိုင်များအရ လောက်ကိုင်မြို့တွင်း၌ နေရာယူထားသည့် MNDAA တပ်များက လောက်ကိုင် ဒကစ စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ကို တွေ့ရသည်။
ထို့အပြင် ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နှင့် လောက်ကိုင်မြို့ကို လာရောက်ပစ်ခတ်ပုံ မှတ်တမ်းရုပ်သံဖိုင်ကိုလည်းတွေ့ရပြီး လောက်ကိုင်မြို့တွင်းတွင် MNDAA စစ်သားများက နေရာယူထားသည်ကို တွေ့ရသည်။
MNDAA အဖွဲ့၏ စာရင်းများအရ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကိုးကန့်ဒေသမှ အရပ်သား ၆၉ ယောက်သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့သည်ဟု သိရသည်။
ယနေ့နံနက်တွင် လောက်ကိုင်တွင် တိုက်ပွဲဖြစ်ပွားခြင်းရှိ၊ မရှိကို မသိရသေးသလို MNDAA အဖွဲ့နှင့် စစ်ကောင်စီကလည်း ထုတ်ပြန်ခြင်းမရှိသေးပေ။
ယနေ့အထိ စစ်ကောင်စီတပ်၏ စခန်းပေါင်း ၂၅၀ ကျော်ကို MNDAA က သိမ်းပိုက်ထားပြီး နယ်စပ်ဂိတ်(၅)ကို ထိန်းချုပ်ထားကာ လက်နက်ခဲယမ်းမြောက်များစွာနှင့် စစ်သုံ့ပန်း ထောင်နှင့်ချီကာ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်များနှင့် ဆိုက်ဘာမှုခင်းလုပ်ငန်းများကို ရှင်းလင်းပြီးပါက ကိုးကန့်အထူးဒေသ(၁)ကို ပြန်လည်ထူးထောင်ပြီး ဒေသဖွံ့ဖြိုးရေးကို ပြည်သူနှင့်အတူ ပူးပေါင်းလုပ်ဆောင်သွားမည်ဟု MNDAA အဖွဲ့၏ နှစ်သစ်ကူး သဝဏ်လွှာတွင် ဖော်ပြထားသည်။