သတင်း

ကွတ်ခိုင်ဗျူဟာကို သိမ်းနိုင်ရန် မြောက်ပိုင်းတပ်များ တိုက်ခိုက်နေ

ကွတ်ခိုင်မြို့ကို အလုံးစုံထိန်းချုပ်နိုင်ရန် တစ်ခုတည်းကျန်သော စစ်စခန်းကို မြောက်ပိုင်းအဖွဲ့များက ဆက်တိုက်နေစဉ် စစ်ကောင်စီကလည်း လေတပ်သုံးပြီး ခုခံနေသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ရှိ စစ်ဗျူဟာစခန်းကို ယမန်နေ့ (ဒီဇင်ဘာ ၃၁) နံနက်ပိုင်းက မြောက်ပိုင်းမဟာမိတ်အဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ပြီး ယနေ့နံနက်အထိ တိုက်ပွဲများ ပြင်းထန်နေသည်ဟု မြို့ခံများက ပြောသည်။

မြို့အနောက်ဘက် အမှတ် (၁) ရပ်ကွက်ရှိ ထိုစခန်းကို မြောက်ပိုင်းအဖွဲ့ဝင် တအာင်းတပ် (TNLA)၊ ကိုးကန့်တပ် (MNDAA) တို့က ဒရုန်း အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့သလို ယနေ့ နံနက်တွင်လည်း တိုက်ပွဲ ပြန်လည် ပြင်းထန်နေပြီး နံနက် ၁၁ နာရီခန့်တွင် စစ်လေယာဉ်တစ်စီးက မြို့ပေါ်ရပ်ကွက်များအတွင်း ဗုံးကြဲတိုက်ခိုက်နေကြောင်း မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“ညကတည်းက လက်နက်ကြီးတွေနဲ့ အခုထိ ပစ်နေတယ်။ လေယာဉ်က အခုထိ ဝဲနေတုန်းဘဲ။ ရပ်ကွက် (၈) နဲ့ တောင်ပေါ်စေတီအနောက်ဘက်ကို အတွဲလိုက်ဗုံးတွေ ကြဲနေတယ်” ဟု ကွတ်ခိုင်မြို့တွင်း နေထိုင်နေသည့် အမျိုးသားတစ်ဦးက ယနေ့ မွန်းတည့်ချိန်တွင် ပြောသည်။

ကွတ်ခိုင်ဗျူဟာနှင့် အမှတ် (၅) ရပ်ကွက်ရှိ တောင်ပေါ်စေတီတပ်စခန်းများကို TNLA,MNDAA တို့က တောလမ်းများအပြင် မြို့ပေါ်ရပ်ကွက်အတွင်းမှပါ စစ်ကြောင်းခွဲ ပိတ်ဆို့တိုက်ခိုက်နေကြောင်း၊ အပြန်အလှန်ပစ်ခတ်မှုများကြောင့် နေအိမ်များ ထိခိုက်ပျက်စီးကြောင်း သိရသည်။

မြောက်ပိုင်းမဟာမိတ်တပ်များက ကွတ်ခိုင်ကို တိုက်ခိုက်တော့မည်ဖြစ်ကြောင်း ကြိုတင် သတိပေးခဲ့သောကြောင့် မြို့ခံအများစုသည် ပြီးခဲ့သည့် သီတင်းပတ်များကတည်းက နီးစပ်ရာကျေးရွာများသို့ သွားရောက် တိမ်းရှောင်ခဲ့ပြီး ဒေသခံတချို့သာ မြို့ပေါ်တွင် ကျန်ရှိနေသည်ဟု ဆိုကြသည်။

ကွတ်ခိုင်မြို့ တပ်စခန်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က ပန်ဆေးကျေးရွာအနီးတဝိုက်ကို လက်နက်ကြီးနှင့် ၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA က ယမန်နေ့ညတွင် သတင်းထုတ်ပြန်ထားသည်။

ကွတ်ခိုင်ဗျူဟာတပ်သည် အနီးတစ်ဝိုက်ရှိ နမ့်ဖက်ကာ၊ တာမိုးညဲ၊ မုံးစီးဒေသရှိ တပ်စခန်းများကို ကွပ်ကဲနေသည့် ဗျူဟာမှူး၏ အထိုင်ချတပ်စခန်းဖြစ်ပြီး အမြောက်တပ်၊ ရဟတ်ယာဉ်ကွင်းနှင့် တပ်စခန်းနေရာကျယ်ပြန့်သည့် အခိုင်အမာတပ် ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာနောက်ဆုံးပတ်အထိ TNLA, MNDAA ပူးပေါင်းတပ်ဘက်က ကွတ်ခိုင်မြို့နယ် တာမိုးညဲ ပြည်သူ့စစ်ဌာနချုပ်၊ မုံးစီးဒေသ စစ်ကောင်စီတပ်စခန်းများ၊ မြို့ပေါ် အမှတ် (၈) ရပ်ကွက်ရှိ ကွတ်ခိုင်ပြည်သူ့စစ်အဖွဲ့ရုံးချုပ်ကို အပြီးသတ်သိမ်းပိုက်ထားသည်။

ထို့ကြောင့် ကွတ်ခိုင်မြို့ကို အလုံးစုံထိန်းချုပ်နိုင်ရန် ကွတ်ခိုင်ဗျူဟာကို မြောက်ပိုင်းအဖွဲ့များက ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်သည်။

ကွတ်ခိုင်မြို့သည် စစ်အာဏာသိမ်းပြီးနောက် ရှမ်းမြောက်တွင် စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှုများခဲ့ပြီး စစ်တပ်၊ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ (AA,TNLA,MNDAA) အပြင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်များ သွားလာလှုပ်ရှားသည့်မြို့လည်း ဖြစ်သည်။

အလားတူ ကျောက်မဲမြို့နယ်ရှိ မိုင်းငေါ့မြို့အနီး ယမန်နေ့က တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်တပ်က လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး မိုင်းငေါ့မြို့ မန်တုံရပ်ကွက်နှင့် ဈေးရပ်ကွက်ရှိ နေအိမ် ၃ လုံး မီးလောင်ခဲ့သည်ဟု TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ယမန်နေ့ညက ထုတ်ပြန်ထားသည်။

မိုင်းငေါ့မြို့ကို ယမန်နေ့ညပိုင်းတွင် TNLA က အပြီးသတ်သိမ်းယူလိုက်ပြီဖြစ်ကြောင်း ဒေသခံများက ပြောကြပြီး TNLA ကလည်း ယနေ့ မွန်းလွဲတွင် ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။

နမ့်ဖက်ကာရွာရှိ စစ်တပ်စခန်းကို KIA တိုက်ခိုက်

“၁၀၂၇” စစ်ဆင်ရေးအတွင်း ရခိုင်ပြည်နယ်နှင့် ရှမ်းမြောက်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ကွတ်ခိုင်မြို့နှင့် မူဆယ်အမြို့ကြား လားရှိုး-မူဆယ်လမ်းပေါ်ရှိ နမ့်ဖက်ကာရွာအနီးတွင်လည်း တိုက်ပွဲများပြင်းထန်နေရာ KIA လည်း ပါဝင်တိုက်ခိုက်နေသည်။

ကွတ်ခိုင်မြို့နှင့် မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်အကြား ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အမှတ် ၁၂၃ ခြေလျင်တပ်ရင်း တပ်စခန်းကို KIA က ဒီဇင်ဘာ ၂၉ တွင် စတင်တိုက်ခိုက်ခဲ့သည်။

ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာရွာရှိ ထိုစခန်းတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း၊ စစ်ကောင်စီဘက်က လေကြောင်းဖြင့် ပြန်လည် တိုက်ခိုက်နေကြောင်း နမ့်ဖက်ကာရွာနှင့် နီးစပ်သူများက ဆိုသည်။

ထိုတပ်စခန်းကို ရှမ်းမြောက်အခြေစိုက် KIA တပ်မဟာ (၅) အပြင် ကချင်ပြည်နယ်အခြေစိုက် တပ်မဟာ (၃)၊ (၆) တို့မှ တပ်ဖွဲ့ဝင်များလည်း ပါဝင်တိုက်ခိုက်နေသည်ဟု ဆိုသည်။

နမ့်ဖက်ကာ တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် နေအိမ်အများအပြား ထိမှန် ပျက်စီးခဲ့ကြောင်း၊  တယ်လီဖုန်းဆက်သွယ်မှုလည်း ထိခိုက်နေကြောင်း သိရသည်။

ကွတ်ခိုင်မြို့နှင့် နမ့်ဖက်ကာရွာတို့ကို ရပါက မူဆယ်မြို့အထိ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးကြီးသော ထိုလမ်းတစ်လျှောက်ကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်နိုင်မည် ဖြစ်သည်။

Show More

Related Articles

Back to top button