ရွေးကောက်ပွဲ

ပလက်ဝနှင့် အမ်းတွင် ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ပြန်လည်သုံးသပ်နေ    

ရွေးကောက်ပွဲမကျင်းပနိုင်သည့် ဒေသများစာရင်းတွင် ချင်းပြည်နယ်တောင်ပိုင်းရှိ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် အမ်းမြို့နယ်တို့ ထပ်မံပါဝင်လာဖွယ်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တာဝန်ရှိသူများက ယနေ့ (အောက်တိုဘာ ၂၀) တွင် ပြောကြားလိုက်သည်။

“နောက်ထပ် ထပ်ကြေညာ (ရွေးကောက်ပွဲမကျင်းပဖြစ်သည့်နေရာများ )စရာရှိတယ်။ စိစစ်စရာရှိတယ်” ဟု UEC ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က နေပြည်တော်၌ ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲမကျင်းပနိုင်သော မြို့နယ်များကို UEC က အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့ရာ တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) တို့ တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိသည့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် မပါဝင်ခဲ့ပေ။ 

အမ်းမြို့နယ်မှာမူ မူလကတည်းက ရပ်ကွက်သုံးခု၊ ကျေးရွာအုပ်စု ၂၉ အုပ်စုတွင် ရွေးကောက်ပွဲကျင်းပမည်မဟုတ်ဟု ကြေညာခံထားရခြင်းဖြစ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြန်လည်သုံးသပ်နေခြင်းသည် မြို့နယ်တစ်ခုလုံးအတွက် ဟုတ်မဟုတ်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။

ထို့အတူ ဒေသအချို့တွင် ရွေးကောက်ပွဲမကျင်းပနိုင်ရခြင်းမှာ မည်သို့သောအကြောင်းပြချက်များကြောင့်ဖြစ်သည်ကိုလည်း UEC တာဝန်ရှိသူများက အသေးစိတ်ရှင်းလင်းပြောကြားခြင်း မရှိခဲ့ပေ။ 

သို့သော် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အနိုင်ရနယ်မြေ ဟုတ်ခြင်း၊ မဟုတ်ခြင်းနှင့် မသက်ဆိုင်ဘဲ ဘေးကင်းလုံခြုံမှု ရှိမရှိပေါ်တွင်သာ မူတည်ကြောင်း UEC တာဝန်ရှိသူများက ဆိုသည်။

“အန္တရာယ်ဖြစ်စေနိုင်သလား၊ ဘေးကင်းလုံခြုံစွာနဲ့ ဆန္ဒမဲပေးလို့ရသလား၊ သူတို့ရဲ့ သဘောထားမှတ်ချက်တွေပေါ်မှာ ကြည့်ပြီးတော့ သုံးသပ်ပါတယ်”ဟု ဦးမြင့်နိုင်က သတင်းစာရှင်းလင်းပွဲ ပြောကြားခဲ့သည်။ 

ရွေးကောက်ပွဲ မကျင်းပနိုင်သော မြို့နယ်နှင့် နေရာဒေသများနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၏ တင်ပြချက်များအပေါ် စဉ်းစားသုံးသပ်ကာ ဆုံးဖြတ်ခြင်းသာဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အောက်တိုဘာလ ၁၆ ရက် ထုတ်ပြန်ကြေညာချက်အရ လက်ရှိတွင် ရွေးကောက်ပွဲ လုံးဝကျင်းပနိုင်ခြင်း မရှိသော နေရာများမှာ ရခိုင်ပြည်နယ်တွင် ၉ မြို့နယ်နှင့် ရှမ်းပြည်နယ်တွင် ၆ မြို့နယ်ဖြစ်ပြီး ရခိုင်နှင့် ရှမ်းအပါအဝင် ကချင်၊ ကရင်နှင့် ပဲခူးတိုင်းဒေသကြီးရှိ အချို့သော မြို့နယ်များမှ ကျေးရွာအုပ်စုများတွင်လည်း ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိပေ။ 

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပနိုင်သော မြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ပေါက်တောနှင့် မောင်တောမြို့နယ်များ ပါဝင်နေခြင်း၊ တိုက်ပွဲများနှင့် မကြာခဏဖမ်းဆီးထိန်းသိမ်းမှုများ ဖြစ်ပွားလျက်ရှိသည့် ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပမည့်အပေါ် ရခိုင်နိုင်ငံရေးပါတီများက ပြစ်တင်ဝေဖန်ခဲ့ကြသည်။ 

“ဒီလို ကွက်ကျားလုပ်တယ်ဆိုတာ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မျှတမှုမရှိ။ ဒါဟာ ရွေးကောက်ပွဲကော်မရှင်ကိုယ်တိုင်မှာ လွတ်လပ်စွာလုပ်ပိုင်ခွင့်မရှိ၊ အစိုးရရဲ့ဖိအားပေးမှုပါတယ်။ နိုင်ငံရေးပါတယ်လို့ ကျွန်တော်တို့ သုံးသပ်တယ်” ဟု ရခိုင်အမျိုးသားပါတီ (ANP) အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။

ရခိုင့်ဦးဆောင်ပါတီ(AFP) ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇောဦးကလည်း လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသည့် ဒေသတွင် နေထိုင်သော ပြည်သူများအတွက် လွှတ်တော်ကိုယ်စားလှယ်များလိုအပ်ပြီး ယခုကဲ့သို့ ရွေးကောက်ပွဲ မကျင်းပနိုင်ခြင်းက ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးကွာစေနိုင်ပြီး မငြိမ်မသက်မှုများ ဖြစ်ပေါ်စေနိုင်သည်ဟု ပြောသည်။

ရခိုင်နိုင်ငံရေးပါတီများ နိုင်ခြေရှိသည့် နေရာများကို ချန်လှပ်ကာ အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီနိုင်ခြေရှိ နေရာများတွင် ရွေးကောက်ပွဲရွေးလုပ်သည့် သဘောမျိုးဖြစ်နေသည်ဟုလည်း ဦးကျော်ဇောဦးက ပြောသည်။

ရခိုင်ပြည်နယ် မြို့နယ်အများစုတွင် ရွေးကောက်ပွဲမပြုလုပ်ခြင်းမှာ လုံခြုံရေးနှင့် တည်ငြိမ်ရေးအခြေအနေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်ခြင်းသာဖြစ်ပြီး မိမိတို့ပါတီနှင့် သက်ဆိုင်ခြင်းမရှိကြောင်း အာဏာရ NLD ပါတီမှ ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က တုံ့ပြန်ပြောဆိုခဲ့သည်။ 

ပြည်ထောင်စုရွေး‌ကောက်ပွဲကော်မရှင်သည် ဒေသခံပြည်သူ၊ ပါတီများနှင့် တိုင်ပင်ခြင်းမရှိဘဲ ရွေးကောက်ပွဲမကျင်းပနိုင်သော နေရာများသတ်မှတ်ခြင်းကို ပြင်းထန်စွာကန့်ကွက်ကြောင်း တိုင်းရင်းသားများပါဝင်သည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) က အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

Show More

Related Articles

Back to top button