ရွေးကောက်ပွဲ

တိုက်ပွဲမဖြစ်သည့်မြို့နယ်များတွင် ရွေးကောက်ပွဲမကျင်းပခြင်း လက်ခံနိုင်စရာမရှိဟုဆို  

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသော မြို့နယ်များတွင် တိုက်ပွဲလုံးဝဖြစ်ပွားခြင်းမရှိသော မြို့နယ်များပါဝင်နေခြင်းအပေါ် ရခိုင်နိုင်ငံရေးပါတီများက ပြစ်တင်ဝေဖန်လိုက်သည်။ 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသော မြို့နယ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယမန်နေ့ (အောက်တိုဘာ ၁၆) တွင် ထုတ်ပြန်ကြေညာခဲ့ရာတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၉ ခုနှင့် မြို့နယ်အချို့ရှိ ကျေးရွာအုပ်စုများ ပါဝင်ခဲ့သည်။ 

“ဒီလို ကွက်ကျားလုပ်တယ်ဆိုတာ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မျှတမှုမရှိ။ ဒါဟာ ရွေးကောက်ပွဲကော်မရှင်ကိုယ်တိုင်မှာ လွတ်လပ်စွာလုပ်ပိုင်ခွင့်မရှိ၊ အစိုးရရဲ့ဖိအားပေးမှုပါတယ်။ နိုင်ငံရေးပါတယ်လို့ ကျွန်တော်တို့ သုံးသပ်တယ်” ဟု ရခိုင်အမျိုးသားပါတီ (ANP) အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ပေါက်တောနှင့် မောင်တောမြို့နယ်များတွင် ရွေးကောက်ပွဲမကျင်းပခြင်းမှာ လက်ခံနိုင်စရာမရှိကြောင်းနှင့် အခြားမြို့နယ်များတွင်လည်း မြို့ပေါ်ရပ်ကွက်များတွင် ရွေးကောက်ပွဲကျင်းပနိုင်သည့် အခြေအနေရှိကြောင်းလည်း ၎င်းက ပြောသည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်များဖြစ်သည့် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးမြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိပေ။ 

ထို့ပြင် ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာအုပ်စု ၅၄ အုပ်စု၊ အမ်းမြို့နယ်ရှိ ကျေးရွာအုပ်စု ၃၂ အုပ်စု၊ စစ်တွေမြို့နယ်ရှိ ကျေးရွာအုပ်စု ၄ အုပ်စုနှင့် တောင်ကုတ်မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၂ အုပ်စုတွင် ‌ရွေးကောက်ပွဲကျင်းပနိုင်မည် မဟုတ်ပေ။

လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသည့် ဒေသတွင် နေထိုင်သော ပြည်သူများအတွက် လွှတ်တော်ကိုယ်စားလှယ်များလိုအပ်ပြီး ယခုကဲ့သို့ ရွေးကောက်ပွဲမကျင်းပနိုင်ခြင်းက ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးကွာစေနိုင်ပြီး မငြိမ်မသက်မှုများဖြစ်ပေါ်စေနိုင်သည်ဟု ရခိုင့်ဦးဆောင်ပါတီ(AFP) ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇောဦးက ပြောသည်။

“ရိုးသားမှု၊ မျှတမှုနဲ့ ဆုံးဖြတ်ချက်ချတာ ဟုတ်၊မဟုတ်ဆိုတာ သံသယဖြစ်ဖွယ်ရာရှိတယ်။ ‌ပေါက်တောမှာ တိုက်ပွဲလည်းမရှိ။ အဲဒါကို ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ သတ်မှတ်လိုက်တယ်။ ချင်းပြည်နယ်၊ ပလက်ဝမှာ တိုက်ပွဲအကြီးအကျယ်ဖြစ်တယ်။ ဖြစ်နေဆဲလည်း ဖြစ်တယ်။ အရင်တုန်းကလည်း ဖြစ်ဖူးတယ်။ အဲဒါကိုကျတော့ ရွေးကောက်ပွဲလုပ်မယ့်နေရာမှာ ထည့်ထားတယ်” ၎င်းက ပြောသည်။ 

ရခိုင်နိုင်ငံရေးပါတီများ နိုင်ခြေရှိသည့် နေရာများကို ချန်လှပ်ကာ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနိုင်ခြေရှိ နေရာများတွင် ရွေးကောက်ပွဲရွေးလုပ်သည့် သဘောမျိုးဖြစ်နေသည်ဟုလည်း ဦးကျော်ဇောဦးက ပြောသည်။

ရခိုင်ပြည်နယ် မြို့နယ်အများစုတွင် ရွေးကောက်ပွဲမပြုလုပ်ခြင်းမှာ လုံခြုံရေးနှင့် တည်ငြိမ်ရေးအခြေအနေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်ခြင်းသာဖြစ်ပြီး မိမိတို့ပါတီနှင့် သက်ဆိုင်ခြင်းမရှိကြောင်း အာဏာရ NLD ပါတီမှ ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။

“ကျွန်တော်တို့ ရှုံးမှာဖြစ်လို့၊ နိုင်မှာဖြစ်လို့ဆိုတာမျိုး မရှိပါဘူး။ ရွေးကောက်ပွဲဆိုတာကတော့ ရှုံးဖို့၊ နိုင်ဖို့ နှစ်ခုပဲ ရှိတယ်။ အဲဒီနှစ်ခုအတွက် ကိုယ့်ဘက်က နိုင်အောင်လို့ ကြိုးစားရတာပဲ။ ဒါကြောင့် ခုနကပြောတဲ့ ထင်မြင်ချက်ကို လက်မခံဘူးလို့ ပြောတာဖြစ်ပါတယ်” ဟု အာဏာရ NLD အစိုးရအပေါ် ပြစ်တင်ဝေဖန်မှုများနှင့် ပတ်သက်၍ မုံရွာအောင်ရှင်က တုံ့ပြန်ပြောဆိုသည်။

ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိခြင်းသည် ရေရှည်တွင် ပြည်သူလူထုအတွက် နစ်နာစရာကိစ္စတစ်ခုဟု မြင်ကြောင်း ANP ပါတီ၏ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။ 

“ပြည်သူလူထုအတွက် ထိခိုက်နစ်နာမှုရှိမှာပေါ့။ အထူးသဖြင့် စစ်ရေးပဋိပက္ခကြားထဲမှာ နေ့စဉ် လူမှုဘဝပြဿနာတွေနဲ့ လုံးပန်းနေရတဲ့ လူ့အဖွဲ့အစည်းတွေအတွက် ကိုယ်စားပြုမှုဟာ အရေးကြီးပါတယ်။ လူထုကိုယ်စားပြောမယ့်သူတွေ မရှိဖြစ်သွားမယ်” ဟု ၎င်းက ပြောသည်။ 

မြို့နယ်အများစုတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသောကြောင့် ရခိုင်ပြည်နယ်၏ အုပ်ချုပ်ရေးယန္တရားပုံစံ ပြောင်းလဲသွားနိုင်ပြီး ပြည်နယ်လွှတ်တော်နှင့် ပြည်နယ်အစိုးရအဖွဲ့ကြား ထိန်းကျောင်းမှုပုံသဏ္ဌာန် ပြောင်းသွားနိုင်သည်ဟု (ANP) အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။

ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသောကြောင့် ပြည်နယ်လွှတ်တော်နေရာ ၂၀ လစ်လပ်မည့်အခြေအနေကို ၎င်းက ရည်ညွှန်းပြောဆိုခြင်းဖြစ်ပြီး “အုပ်ချုပ်ရေးပုံသဏ္ဌာန်ပါ တစ်မျိုးတစ်ဖုံ ပြောင်းလဲနိုင်တယ်။ ဆိုလိုတာကတော့ အခင်းအကျင်းသစ်ပေါ့။ ဆိုးဆိုးဝါးဝါးဖြစ်မယ့် အခင်းအကျင်းသစ်တစ်ခု ပေါ်လာနိုင်တယ်” ဟု ဦးခိုင်ပြည်စိုးက ဆိုသည်။ 

မြို့နယ် ၉ ခုနှင့် မြို့နယ်အချို့ရှိ ကျေးရွာအုပ်စုများတွင် ရွေးကောက်ပွဲကျင်းပနိုင်မည် မဟုတ်သောကြောင့် ရခိုင်ပြည်နယ်တွင် ပြည်သူ့လွှတ်တော် ၉ နေရာ၊ အမျိုးသားလွှတ်တော် ၇ နေရာနှင့် ပြည်နယ်လွှတ်တော် ၂၀ နေရာ စုစုပေါင်း လွှတ်တော်နေရာ ၃၆ နေရာ လစ်လပ်မည်ဖြစ်သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ နိုင်ငံရေးပါတီ ၁၈ ခုမှ ကိုယ်စားလှယ် ၃၃၉ ဦးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၄၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့က ၆၄ နေရာစီဖြင့် အများဆုံးဖြစ်ပြီး ANP ပါတီက ၆၂ နေရာဖြင့် ဒုတိယအများဆုံး ဝင်ပြိုင်မည်ဖြစ်သည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်တွင် လူဦးရေ ၃ သန်းကျော်ရှိပြီး ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ စာရင်းများအရ ၂၀၂၀ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁,၆၄၈,၇၃၇ ဦးရှိသည်။ 

Show More

Related Articles

Back to top button