မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ ကျားဖြန့်ခေါ် အွန်လိုင်းလောင်းကစား ငွေလိမ်ဂိုဏ်းများကို ဖြိုခွင်းပေးရန် စစ်ခေါင်းဆောင်ကို ထိုင်းစစ်တပ်အဆင့်မြင့်အရာရှိက ယမန်နေ့ (ဒီဇင်ဘာ ၂၇) ရက်နေ့တွင် တောင်းဆိုလိုက်သည်။
မြဝတီအခြေစိုက် ကျားဖြန့်ဂိုဏ်းများ နှိမ်နှင်းရေးအတွက် ထိုင်းစစ်တပ်သည် ဘုရင့်တပ်မတော် ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဂျကပေါင်း ဂျန်ပန်းပန် ဦးဆောင်သည့် အဆင့်မြင့်အရာရှိများကို နေပြည်တော်သို့ စေလွှတ်ထားပြီး စစ်ကောင်စီနှင့်ဆွေးနွေးလျက်ရှိသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းစစ်ဗိုလ်ချုပ်ကြီးတို့ ယမန်နေ့က တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံနယ်စပ် မြဝတီမြို့အနီး၌ အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုများကို နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။
ထိုင်းစစ်တပ်၏ထိုတောင်းဆိုမှုသည် နိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ်ရှိ လောက်ကိုင်မှ ကျားဖြန့်ဂိုဏ်းများကြောင့် ဖိအားပေါင်းစုံဖြင့်ရင်ဆိုင်နေရသည့် စစ်ကောင်စီအတွက် ခေါင်းခဲစရာ ဖိအားနောက်ထပ်တစ်ခုဖြစ်လာသည်။
တရုတ်နယ်စပ် ရှမ်းပြည်နယ်အတွင်း ကျားဖြန့်ဂိုဏ်းများမှာ မြောက်ပိုင်းမဟာမိတ်များ၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် အထိနာနေချိန်တွင် ကရင်ပြည်နယ်အတွင်း အလားတူ ရာဇဝတ်မှုများကို ကိုင်တွယ်ရန် ထိုင်းက တောင်းဆိုလာခြင်း ဖြစ်သည်။
ကရင်ပြည်နယ်က ကျားဖြန့်
လောက်ကိုင်မှ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်များနည်းတူ ကရင်ပြည်နယ်မှ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်များသည်လည်း မြဝတီမြို့တွင် ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေကြောင်း နိုင်ငံတကာအစိုးရများ၏ စွပ်စွဲမှုများဖြင့် ရင်ဆိုင်နေရသည်။
၂၀၂၀ ဒီဇင်ဘာတွင် စစ်တပ်က ကရင် BGF ခေါင်းဆောင်များကို စီးပွားရေးလုပ်ငန်းလုပ်ကိုင်မည်ဆိုပါက တပ်မှ ထွက်ရန် ဖိအားပေးခဲ့ဖူးသည်။
ဇန်နဝါရီတွင် BGF ထိပ်ပိုင်းနှင့် အလယ်ပိုင်း ခေါင်းဆောင် ၁၀၀ နီးပါးက ထွက်စာတင်ခဲ့ကြသော်လည်း အာဏာသိမ်းရန် ရက်နီးကပ်လွန်းသည့် ထိုအချိန်တွင် စစ်တပ်က ၎င်းတို့ကို နုတ်ထွက်မည့်အစီအစဉ် ပြန်လည်စဉ်းစားကြရန် တိုက်တွန်းခဲ့သည်။
အာဏာသိမ်းပြီးနောက် ရန်သူများလာသော စစ်ကောင်စီတပ်အတွက် ကရင် BGF သည် အားကိုးရသည့် အင်အားစု ဖြစ်လာသည်။
မြဝတီမြို့ မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိသည့် ရွှေကုက္ကိုမြို့သစ်သည် ကရင် BGF ၏ နယ်မြေဖြစ်ပြီး ကျားဖြန့်ဂိုဏ်း၏ လုပ်ငန်းကြောင့် ကမ္ဘာသိဒေသ ဖြစ်လာသည်။
KK Park အမည်ရှိသည့် နေရာသည်လည်း အလားတူ ထင်ရှားသည်။
နိုင်ငံတကာမှ အလုပ်အကိုင်ရှာဖွေနေသူတို့ကို ကျွန်ပြုနှိပ်စက်သည့် ဂိုဏ်းများ အခြေစိုက်ရာ KK Park နှင့် ရွှေကုက္ကိုမြို့သစ်တို့သည် မြဝတီမြို့၏ တစ်ဘက်တစ်ချက်တွင် တည်ရှိသည်။
ထိုနေရာနှစ်ခုလုံးသည် နယ်စပ်မျဉ်းနှင့် ကပ်လျက် တည်ရှိသောကြောင့် လောင်းကစားရုံများသို့ သွားသူ၊ အလုပ်အကိုင်ရှာဖွေသူ နိုင်ငံခြားသားများ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ရန် လွယ်ကူသည့် နေရာများ ဖြစ်သည်။ ကမ္ဘာအနှံ့မှ အလုပ်အကိုင်ရှာဖွေသူအများအပြား မြန်မာနယ်စပ်တွင် အစပျောက်သွားပြီး ကျွန်ပြုနှိပ်စက်ခံနေရမှု ဖြစ်ရပ်များ နိုင်ငံတကာသတင်းဖြစ်လာသည်မှာ ကာလအတန်ကြာပြီ ဖြစ်သည်။
KK Park ကျားဖြန့်ဂိုဏ်းက အိန္ဒိယနိုင်ငံသား ကွန်ပျူတာနည်းပညာ ကျွမ်းကျင်သူ ၃၀၀ ခန့်ကို ဖမ်းဆီးပြီး ကျားဖြန့်ခေါ် အွန်လိုင်းရာဇဝတ်မှုများ ခိုင်းစေခြင်း၊ ရိုက်နှက်နှိပ်စက်ခြင်း စသည်တို့ ပြုလုပ်ခဲ့သည်ဟု အိန္ဒိယသတင်းဌာန The Times of India က ၂၀၂၂ စက်တင်ဘာလအတွင်းက ရေးသားသည်။
ထိုသတင်းထွက်ပေါ်လာခဲ့ပြီးနောက် မလေးရှားနိုင်ငံသား ၅၃ ယောက်လည်း မြဝတီတွင် အလားတူအဖြစ်ပျက်မျိုး ရင်ဆိုင်နေရသည်ဟု မလေးရှားနိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာအဖွဲ့ MHO က ၂၀၂၂ အောက်တိုဘာလအတွင်းက ကြေညာခဲ့သည်။
အလားတူ သီရိလင်္ကာနိုင်ငံသား ၅၆ ဦးလည်း မြဝတီရှိ ကျားဖြန့်ဂိုဏ်းများလက်ထဲတွင် ရှိနေဆဲဖြစ်ကြောင်း သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၃ ဒီဇင်ဘာ ၂၂ ရက်နေ့က ထုတ်ဖော်ပြောဆိုထားသည်။
နိုင်ငံတကာရာဇဝတ်မှုများကြားက မြဝတီမြို့
မြန်မာ-ထိုင်းနယ်စပ် သောင်းရင်းမြစ်ဘေးမှ ရွှေကုက္ကိုမြို့သစ်စီမံကိန်းသည် မြေဧက ၃၀,၀၀၀ ကျယ်ဝန်းပြီး အမေရိကန်ဒေါ်လာ ၁၅ ဘီလျံခန့် တန်ကြေးရှိသည်။
ထိုစီမံကိန်းကို ရထိုက် နိုင်ငံတကာဦးပိုင်လုပ်ငန်း (Yatai International Holdings Group) နှင့် ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သည့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်က ထူထောင်ထားသော ချစ်လင်းမြိုင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်နေသည်။
ဗိုလ်မှူးကြီး စောချစ်သူသည် ဒီမိုကရက်တစ်ကရင်ဗုဒ္ဓဘာသာတပ်မတော်(DKBA) မှ ခွဲထွက်ပြီး စစ်ဗိုလ်ချုပ်များထံ သစ္စာခံသည့် နယ်ခြားစောင့်တပ်၏ ခေါင်းဆောင်ဖြစ်သည်။
ရထိုက်လုပ်ငန်းစုသည် ၂၀၁၇ ဖေဖော်ဝါရီက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် မှတ်ပုံတင်ထားပြီး ရှယ်ယာခွဲဝေမှုတွင် ရထိုက်လုပ်ငန်းစုက ၈၀ ရာခိုင်နှုန်းနှင့် ချစ်လင်းမြိုင်ကုမ္ပဏီက ၂၀ ရာခိုင်နှုန်း ဖြစ်သည်။
ထိုင်းနိုင်ငံ ဘန်ကောက်တွင် အခြေစိုက်ကာ ဟောင်ကောင်၌ လုပ်ငန်းမှတ်ပုံတင်ထားသည့် ရထိုက်လုပ်ငန်းစုကို ဦးဆောင်နေသူများမှာ ကမ္ဘောဒီယား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် တရုတ်စီးပွားရေးသမား ရှီဇီကျန်း(She Zhijiang) ဖြစ်သည်။
တရုတ်အစိုးရက ရှီဇီကျန်းကို လောင်းကစားမှုစွပ်စွဲချက်များဖြင့် ၂၀၁၂ ကတည်းကဖမ်းဆီးရန် ကြိုးစားနေသလို အင်တာပို ခေါ် နိုင်ငံတကာရဲတပ်ဖွဲ့ကလည်း အနီရောင်အဆင့် အလိုရှိသူစာရင်းသွင်းထားခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့က သူ့ကို ဘန်ကောက်မြို့တွင် ၂၀၂၂ သြဂုတ်လအတွင်းက ဖမ်းဆီးခဲ့သည်။
ဗြိတိန်၊ အမေရိကန်နှင့် ကနေဒါနိုင်ငံများက ရွှေကုက္ကိုမြို့သစ်စီမံကိန်း ခေါင်းဆောင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး စောချစ်သူ၊ ရှီဇီကျန်းနှင့် ချစ်လင်းမြိုင်ကုမ္ပဏီ ဒါရိုက်တာ စောမင်းမင်းဦးတို့ကို မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများအတွင်း ကျားဖြန့်နှင့် လူကုန်ကူးမှုများ ကျူးလွန်ရာတွင် ပါဝင်ပတ်သက်ကြောင်း စွပ်စွဲပြီး ၂၀၂၃ ဒီဇင်ဘာ ၈ ရက်နေ့တွင် ပိတ်ဆို့အရေးယူခဲ့သည်။
ရွှေကုက္ကိုမြို့သစ်စီမံကိန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တွင် ရပ်နားခိုင်းထားသော်လည်း အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပြန်လည်ခွင့်ပြုပေးခဲ့သည်ဟု Frontier Myanmar သတင်းဌာနက ရေးသားခဲ့သည်။
ရထိုက်လုပ်ငန်းစုကမူ ၎င်းတို့အပေါ်စွပ်စွဲချက်များသည် မှန်ကန်မှု မရှိကြောင်း၊ KK Park သည်လည်း ၎င်းတို့နှင့်မသက်ဆိုင်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ပို့စ်သတင်းစာတွင် ထုတ်ပြန်ချက်ကြော်ငြာထည့်ကာ ပြန်လည်ဖြေရှင်းထားသည်။