
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းကျေးရွာများတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လေတပ်၏ တိုက်ခိုက်မှုကြောင့် အသက် ၃ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဒီဇင်ဘာ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက မြို့မြောက်ဘက် အနောက်ခမိုင်းရွာ တိုက်ခိုက်ခံရစဉ် အတူကစားနေကြသော ညီအစ်မနှစ်ဦးအနက် ၃ နှစ် သမီး မယဉ်မိုးထက်စံ သေဆုံးပြီး သူ၏ အစ်မဖြစ်သူ ဒဏ်ရာရသွားသည်။
အဆိုပါရွာနှင့် ၁၀ မိုင်ခန့်အကွာ ထောမရွာနှင့် သရောင်းရွာတို့ကို ဒီဇင်ဘာ ၂၁ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် လေတပ် တိုက်ခိုက်စဉ် ၃၂ နှစ် အရွယ် ကိုကျော်စိုးသေဆုံးပြီး ရွာခံ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရကြောင်း သိရသည်။
သရောင်းရွာ ဘောလုံးကွင်း၊ ကားဂိတ်၊ ဈေးအပါအဝင် ရွာအတွင်း ဗုံး ၁၃ လုံးခန့် ကျရောက်ပေါက်ကွဲစဉ် သေဆုံးခြင်းဖြစ်သည်ဟု ဆိုသည်။
နေအိမ် ၃ လုံးထက်မနည်း ပျက်စီးပြီး ကျွဲ၊ နွား တိရစ္ဆာန်များလည်း သေဆုံးမှုရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ယခင်လက ရွှေပြည်အေးမြို့ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက် ကပ်လျက် ဖောင်းပြင်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခြင်း ဖြစ်သည်။
တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ လေကြောင်းမှ တိုက်ခိုက်ခြင်း ဖြစ်သည်၊ လက်နက်ကိုင်တော်လှန်ရေးသမားများကို ဟန့်တားလိုခြင်း ဖြစ်နိုင်သည်ဟု ဖောင်းပြင်မြို့ ဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။
“စကစ တပ်ရင်း နှစ်ရင်းရှိတဲ့ ဖောင်းပြင်မြို့ကို ဝင်မှာစိုးလို့ အလွယ်တကူ မဝင်နိုင်အောင် ဘေးက ရွာတွေကို ပတ်ရမ်းတာလို့ မြင်တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ထိုဒေသခံက ပြောသည်။

လူဦးရေတစ်သိန်းကျော် နေထိုင်သော ဖောင်းပြင်မြို့သည် တောတောင်ထူထပ်သည့်ဒေသဖြစ်ပြီး စစ်ကောင်စီ၏ အမှတ် ၃၆၇ နှင့် ၃၆၈ ခြေမြန်တပ်ရင်းတို့ အခြေစိုက်သည်။
ဒေသခံတို့ လေကြောင်းရန်ကာကွယ်ရေး အသိရှိစေရန် ဖောင်းပြင်မြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့များက ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေအသိပေးထားသော်လည်း ဗုံးခိုကျင်းတူးသူ အနည်းစုသာ ရှိသည်ဟု အထက်ပါ ဖောင်းပြင်ဒေသခံက ဆက်ပြောသည်။
ရွှေပြည်အေးမြို့ကို ကာကွယ်ရေးအဖွဲ့များက သိမ်းပိုက်ထားပြီး တစ်လနီးပါး ကြာမြင့်လာသည့်တိုင် စစ်တပ်က မြေပြင်စစ်ကြောင်းမထိုးနိုင်သေးကြောင်း၊ ဟုမ္မလင်းမြို့ပေါ်ရှိ တပ်စခန်းကသာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေဆဲဖြစ်ကြောင်း ဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် HPDF 124 ထံမှ သိရသည်။
စစ်ကိုင်းတိုင်းတွင် နိုဝင်ဘာလမှ စတင်ကာ မြို့သိမ်းတိုက်ပွဲများ အရှိန်ရလာပြီး ရွှေပြည်အေး၊ ကောလင်း၊ ခမ်းပတ်နှင့် မော်လူးတို့ကို တော်လှန်ရေးအင်အားစုက ထိန်းချုပ်ထားသည်။ ထီးချိုင့်မြို့ကိုလည်း သိမ်းပိုက်နိုင်ရန် ကာကွယ်ရေးအဖွဲ့များ ထိုးစစ်ဆင်နေရာ စစ်တပ်က လေကြောင်းသုံးပြီး အပြင်းအထန် ခုခံနေသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် မဟာမိတ်ညီနောင် ၃ ဖွဲ့က “၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက် တစ်လကျော်အတွင်း စစ်ကောင်စီက နိုင်ငံအနှံ့ မြို့ ၁၄ မြို့ထက်မနည်း လက်လွှတ်ခဲ့ရပြီး တစ်လကျော် ကြာမြင့်လာသည့်တိုင် မည်သည့်မြို့ကိုမျှ ပြန်လည်သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။
နမ့်ခမ်း၊ မန်တုံ စသည့် ရှမ်းပြည်မြောက်ပိုင်းမှ မြို့များတွင်လည်း စစ်ကောင်စီလေတပ်၏ တိုက်ခိုက်မှုကို တွေ့နေရသည်။
စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၃ ဩဂုတ်လအထိ လေကြောင်းတိုက်ခိုက်မှု ၉၀၂ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား ၆၈၇ ဦး သေဆုံးခဲ့ကြောင်း အရပ်ဘက်အဖွဲ့တစ်ခုဖြစ်သည့် ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ပြီးခဲ့သည့် အောက်တိုဘာလတွင် ထုတ်ပြန်သည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုမှာ တစ်နှစ်ထက်တစ်နှစ် ပိုများပြားလာသည်ဟု အစီရင်ခံစာပါ အချက်အလက်များအရ သိရသည်။
ထိုလေကြောင်းတိုက်ခိုက်မှု၏ ထက်ဝက်နီးပါးမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအကြား ရှစ်လတာကာလအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။