ရွေးကောက်ပွဲ

ရခိုင်မြောက်ပိုင်းတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး တိုက်ပွဲများရပ်ပေးရန် တောင်းဆို

ကိုဗစ်နိုင်တင်းကပ်ရောဂါအပြင် တိုက်ပွဲများလည်းဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရွေးကောက်ပွဲကျင်းပနိုင်ရန် တိုက်ပွဲများ ရပ်တန့်ပေးစေလိုကြောင်း ကိုယ်စားလှယ်လောင်းများက တောင်းဆိုလိုက်သည်။ 

ရခိုင်ပြည်နယ် နေရာဒေသအချို့တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း ရှိမရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခြင်း မရှိသေးသော်လည်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေသူများသည် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမည်မဟုတ်ကြောင်း ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်အမျိုးသားပါတီ (ANP) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဦးထွန်းဝင်းက ပြောသည်။ 

“စိုးရိမ်သောကတွေနဲ့ ပူလောင်မှုတွေ ဖြစ်နေကြရတဲ့အချိန်မှာ ကျွန်တော်တို့ကတော့ မဲဆွယ်စည်းရုံးရေးကို လုပ်လို့လည်း မရဘူး။ မဲဆွယ်စည်းရုံးခွင့် ပေးရင်တောင်မှ ဒီအချိန်မှာ လူထုကိုသွားပြီးတော့ စည်းရုံးဖို့ မလွယ်ဘူး။ အဲဒီကိစ္စကို အာရုံစိုက်နိုင်ဖို့ အခြေအနေမျိုးကို ကျွန်တော်က မမြင်ဘူး” ဟု ၎င်းက ပြောသည်။ 

စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်အစည်းအရုံး( REC) ၏ အောက်တိုဘာ ၁ အထိ စာရင်းများအရ ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာရသူ နှစ်သိန်းနှစ်သောင်းကျော် ရှိနေသည်။

အများစုမှာ စစ်တွေနှင့် မြို့ပေါ်နီးစပ်ရာများသို့ တိမ်းရှောင်နေကြရပြီး စစ်ရှောင်နေရသူများမှာ မဲပေးရန် စိတ်ဝင်စားမှုလည်း လျော့ကျနေသည်ဟု လွှတ်တော်ကိုယ်စားလှယ်လောင်းအချို့က ထောက်ပြသည်။  

လက်နက်ကိုင်တပ်ဖွဲ့နစ်ခုကြား ပဋိပက္ခများသည် စစ်ရေးထက် နိုင်ငံရေးလမ်းကြောင်းပေါ်မှ ဖြေရှင်းမှသာလျှင် ထိရောက်မြန်ဆန်လိမ့်မည် ဖြစ်သဖြင့် တိုက်ပွဲများရပ်ကာ ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်သင့်သည်ဟု ဦးဦးထွန်းဝင်းက ဆိုသည်။

“ဖြစ်နိုင်ရင် ငြိမ်းချမ်းတဲ့ အဖြေရှာမှုတွေနဲ့ပဲ ဦးတည်ပြီး သွားစေချင်တဲ့ဆန္ဒ ရှိတယ်။ အထူးသဖြင့် ဒီကမ်ပိန်းကာလမှာဆိုရင် ပိုပြီးအရေးကြီးပါတယ်။ ဒီတစ်လလောက်မှာ တည်ငြိမ်မှုတစ်ခုကို မသွားနိုင်ခဲ့ဘူးဆိုရင် နိုင်ငံရေးအခင်းအကျင်းထဲမှာ သက်ရောက်မှုတစ်ခုခု ဖြစ်သွားခဲ့ရင် ကျွန်တော်တို့ ကိုယ်စားပြုမှုအခန်းကဏ္ဍ ပျောက်သွားမယ်” ဟု ၎င်းက ပြောသည်။

“တစ်နိုင်ငံလုံးအတိုင်းအတာ ရွေးကောက်ပွဲဖြစ်မယ်ဆိုရင် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် တိုက်ပွဲတွေကိုလည်း အမြန်ဆုံးရပ်တန့်ပေးစေလိုတယ်လို့ ပြောချင်ပါတယ်” ဟု ရသေ့တောင်မြို့နယ်၏ လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။ 

၎င်းသည် လာမည့်ရွေးကောက်ပွဲ၌လည်း ANP ပါတီကိုယ်စားပြုကာ ရသေ့တောင်မြို့နယ်မှပင် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

“ကိုယ့်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်တဲ့အခါ ကိုယ့်စိတ်ကြိုက် ရွေးချယ်ခွင့်မရဘဲနဲ့ မတတ်သာလို့ ပေးလိုက်ရတယ်ဆိုတဲ့ ပုံစံမျိုးလည်း မဖြစ်စေချင်ဘူး။ ပြည်သူလူထုက တကယ်လိုလိုလားလား စိတ်ကြိုက်ရွေးချယ်ပေးတာကို လိုလားတယ်” ဟု ရခိုင့်ဦးဆောင်ပါတီ (AFP) ကိုယ်စားပြု မောင်တောမြို့နယ်မှ ဝင်ပြိုင်မည့် ဦးမောင်သာဖြူက ပြောသည်။ 

မောင်တောမြို့နယ်မှပင် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ပြိုင်မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ဦးထွန်းလှစိန်က ရွေးကောက်ပွဲ နောက်ဆုတ်သင့်ကြောင်း ပြောသည်။ 

“လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းက တာဝန်ပေးသူဖြစ်စေ လှည့်လည်မဲဆွယ်စည်းရုံးခြင်း၊ တစ်အိမ်ဝင်တစ်အိမ်ထွက် မဲဆွယ်စည်းရုံးခြင်း မလုပ်ရဆိုရင် ဘာလုပ်ရမှာလဲ။ ဘာအကျိုးရှိမှာလဲ” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်ကို ရည်ညွှန်းလျက် ဦးထွန်းလှစိန်က ဆိုသည်။ 

ကိုဗစ်နိုင်တင်းကပ်ရောဂါနှင့် တိုက်ပွဲများကြောင့် မြေပြင်မဲဆွယ်စည်းရုံးရေးလုပ်ဆောင်ရန် ခက်ခဲနေသည့် ရခိုင်ပြည်နယ်တွင် အခြားပြည်နယ်နှင့် တိုင်းများကဲ့သို့ အွန်လိုင်းမှ မဲဆွယ်ရန်လည်း အကန့်အသတ်ရှိနေသည်။ 

ရခိုင်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ၉ မြို့နယ်တွင် တစ်နှစ်ကျော်ကြာ အင်တာနက်ဖြတ်တောက်ခဲ့ပြီး မကြာသေးမီက ပြန်လည်ဖွင့်လှစ်ခဲ့ပေးခဲ့သော်လည်း အင်တာနက်မြန်နှုန်းနှေးသည့် 2G ကွန်ရက်သာရသဖြင့် Facebook နှင့် အခြားလူမှုကွန်ရက်များအသုံးပြုကာ မဲဆွယ်စည်းရုံးနိုင်မည် မဟုတ်ပေ။

စစ်တွေမြို့တွင် တွေ့ရသည့် ရခိုင့်ဦးဆောင်ပါတီ (AFP) ၏ ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်းဘုတ်တစ်ခု (ဓာတ်ပုံ- ဖဒူထွန်းအောင်/ Myanmar Now)

လူထုစိတ်ဝင်စားမှုနှင့် ပါဝင်မှု မရှိသည့် ရွေးကောက်ပွဲသည် ဒီမိုကရေစီနည်းလမ်းမကျသည့်၊ တရားမျှတမှု မရှိသည့် ရွေးကောက်ပွဲသာ ဖြစ်လိမ့်မည်ဟု ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် တစ်သီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်မည့် ဦးအောင်သောင်းရွှေက ပြောသည်။

“လူထုမပါဝင်ဘဲ ကျင်းပသွားတဲ့ ရွေးကောက်ပွဲသည် တရားမျှတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်။ လူထုကို ကိုယ်စားမပြု။  အဲဒါကြောင့် လူထုကို ကိုယ်စားပြုချင်တယ်၊ မျှတတဲ့ ရွေးကောက်ပွဲဖြစ်ချင်ရင် ဒီအချက်အလက်တွေကို လျှော့ပေးပြီးတော့ လူထုစိတ်ဝင်စားအောင် နည်းလမ်းတွေကို အစိုးရက ဖန်တီးပေးရမယ်” ဟု ၎င်းက ဆိုသည်။ 

ထိုသို့မဟုတ်ဘဲ လက်ရှိအခြေအနေအတိုင်း အတင်းအကျပ် ရွေးကောက်ပွဲကျင်းပမည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုရေးအတွက် နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးချိန်တွင် ဆန္ဒခံယူပွဲပြုလုပ်ခဲ့သည့် သမိုင်းမျိုးနှင့် ဆင်တူနေလိမ့်မည်ဟုလည်း ဦးအောင်သောင်းရွှေက ပြောသည်။ 

ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ်နှစ်ခုကို ချန်လှန်ထားရဖွယ်ရှိကြောင်း စက်တင်ဘာလဆန်းပိုင်းက နေပြည်တော်၌ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူက ထုတ်ဖော်ပြောဆိုထားသည်။ 

ထိုသို့ချန်လှပ်ထားခဲ့မည်ဆိုပါက ရခိုင်ပြည်သူများ အခွင့်အရေးချိုးဖောက်ခံရခြင်းပင်ဖြစ်သည်ဟု မောင်တောမြို့နယ်တွင် အမျိုးသားလွှတ်တော်နေရာအတွက် ဝင်ပြိုင်မည့် ANP ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။ 

“ရွေးကောက်ပွဲမဖြစ်ရင် မဖြစ်တဲ့မြို့နယ်က ပြည်သူ့ကိုယ်စားပြုလွှတ်တော်အမတ်တွေ ရှိလာမှာ မဟုတ်ဘူး။ လွှတ်တော်အမတ်တွေ မရှိလာရင် ပြည်သူတွေရဲ့ထိခိုက်ခံစားမှုတွေနဲ့ သူတို့ရဲ့ အခွင့်အရေးကို ချိုးဖောက်ခံရတဲ့ အခြေအနေမျိုးလည်း ရှိကောင်း ရှိလာနိုင်တယ်”  ဟု ၎င်းက ပြောသည်။ 

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရွေးကောက်ပွဲကျင်းပမည့်အခြေအနေနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို ဆက်သွယ်မေးမြန်းရာတွင် မှတ်ချက်မပေးလိုကြောင်း ပြောကြသည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ နိုင်ငံရေးပါတီ ၁၈ ခုမှ ကိုယ်စားလှယ်လောင်းပေါင်း ၃၃၉ ဦးနှင့် တစ်သီးပုဂ္ဂလ ၄၁ ဦး၊ စုစုပေါင်း ၃၈၀ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီက မဲဆန္ဒနယ် ၆၄ ခုစီဖြင့် အများဆုံးဝင်ပြိုင်မည် ဖြစ်ပြီး ANP ပါတီက ၆၂ နေရာ၊ နှင်းဆီပါတီက ၅၁ နေရာနှင့် AFP ပါတီက ၄၂ နေရာ ဝင်ပြိုင်မည်ဖြစ်သည်။ 

၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၃ သန်းကျော်ရှိသည့် ရခိုင်ပြည်နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁,၆၄၈,၇၃၇ ကျော်ရှိသည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ဆိုသည်။ 

Show More

Related Articles

Back to top button