သတင်း

နေပြည်တော်နှင့် မန္တလေးတို့တွင် စက်သုံးဆီပြဿနာ မပြေလည်သေး

နေပြည်တော်နှင့် မန္တလေးမြို့ကြီးတို့တွင် စက်သုံးဆီဝယ်ယူရန် တန်းစီနေရဆဲဖြစ်ပြီး လိုသလောက် ဝယ်ယူ၍ မရသေးသလို၊ ဆိုင်တချို့ကလည်း အချိန်ပိုင်းဖြင့်သာ ရောင်းချပေးနေသည်ဟု ဒေသခံများက ပြောသည်။

ဒီဇင်ဘာ ပထမပတ်မှ စတင်ကာ မြို့ကြီးများတွင် စက်သုံးဆီ ပြတ်လပ်ခဲ့ပြီး ၁၀ ရက်ကျော် ကြာသည့်တိုင် ဆီပြဿနာ ကြုံတွေ့နေရဆဲဖြစ်သည်။

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ New Day နှင့် Power 9 အပါအဝင် စက်သုံးဆီအရောင်းဆိုင် ၅ ဆိုင်သည် ဆီရှိသည့်အပေါ် မူတည်၍ အချိန်ပိုင်းဖြင့်သာ ရောင်းချပေးနေသည်၊ ဆီဝယ်ယူနိုင်ရန် တန်းစီရဆဲဖြစ်သည်ဟု နေပြည်တော်ဒေသခံ ယာဉ်မောင်းတစ်ဦးက ပြောသည်။

“တန်းတော့ တန်းစီရတုန်းပဲ၊ နည်းနည်းတော့ နည်းသွားပြီ၊ အရင်လို မများတော့ဘူး၊ တစ်နေရာနဲ့ တစ်နေရာတော့ မတူဘူး၊ ရှိတဲ့ဆိုင်ကတော့ ရှိပြီး မရှိတဲ့ဆိုင်ကတော့ ပိတ်ထားတာပဲ” ဟု သူက ပြောသည်။

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် စက်သုံးဆီဆိုင်များအားလုံး ပြန်လည်ဖွင့်လှစ်ခြင်း မရှိသေးပေ။ Denko ဆီဆိုင်အပါအဝင် ဆီဆိုင်ကြီး ၅ ဆိုင်ခန့်သာ နံနက် ၄ နာရီမှ ည ၉ နာရီအထိ ပုံမှန် ရောင်းချပေးနေသည်ဟု သိရသည်။

“ဆီကားရောက်ပြီဆိုရင်တော့ ရောင်းပေးတယ်၊ မရှိရင်တော့ ပိတ်ထားတယ်၊ အရင်လို လိုသလောက်တော့ နေ့စဉ်ရောင်းပေးနိုင်တဲ့ အခြေအနေတော့ မရှိသေးဘူး၊ ပုံမှန်ပြန်မဖြစ်သေးဘူးပေါ့” ဟု စက်သုံးဆီဆိုင်မှ အရောင်းဝန်ထမ်းတစ်ဦးက ပြောသည်။

စက်သုံးဆီ လိုအပ်သလောက်နှင့် လွယ်လွယ်ကူကူ ဝယ်ယူမရခြင်း၊ ဈေးကြီးပေး ဝယ်ယူရခြင်းတို့ကြောင့် ကုန်ကျစရိတ်ပိုများလာကာ လူနေမှုဘဝအခြေအနေ ထိခိုက်မှုရှိလာသည်ဟုလည်း နေပြည်တော်ဒေသခံ ဝန်ထမ်းတစ်ဦးက ပြောသည်။

“ရတဲ့လစာက ၂၅၀,၀၀၀၊ ဆီက တန်းစီဖို့က အချိန်မရှိတော့ လမ်းဘေးဆိုင်ကနေ ၅,၀၀၀ နဲ့ ဝယ်ထည့်ရတော့ ရတဲ့လစာက ဆီဖိုးဖြစ်နေပြီ၊ သွားတန်းစီရင်လည်း ရုံးအလုပ်နဲ့ အဆင်မပြေတော့ ဒုက္ခတွေအများကြီးပဲ” ဟု ၎င်းက ဆိုသည်။

အနိမ့်ဆုံးစက်သုံးဆီ အမျိုးအစားဖြစ်သော 92 Ron တစ်လီတာလျှင် ကျပ် ၂၁၇၀ ဝန်းကျင် သတ်မှတ်ခဲ့သော်လည်း ဒီဇင်ဘာ ၁ ရက်နေ့တွင် ၂၅၁၀ အထိ တိုးမြှင့်ခဲ့သည်။ လက်ကားဈေးနှုန်းကို ၂၀၆၄ မှ ၂၃၉၄ အထိ ပြင်ဆင်သတ်မှတ်ခဲ့သည်။

မန္တလေးမြို့တွင် 92 Ron တစ်လီတာလျှင် ၂၄၉၀၊ နေပြည်တော်တွင် ၂၄၈၅ ကျပ်၊ ရန်ကုန်တွင် ၂၂၄၅ ကျပ်အဖြစ် ရည်ညွှန်းဈေး သတ်မှတ်ထားသည်ဟု ဒီဇင်ဘာ ၁၅ ရက်ထုတ် သတင်းစာတွင် ဖော်ပြထားသည်။

အရောင်းပိတ်ထားသည့် ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်ရှိ NEW DAY ဆီဆိုင်ကို ဒီဇင်ဘာ ၁၅ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ − ပေးပို့)

မန္တလေးမြို့ အခြေအနေ

သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေးတွင် ဆိုင်ကယ်ကိုသာ အဓိကအားထား အသုံးပြုနေရသည့် မန္တလေးမြို့တွင်လည်း စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရနေပြီး လိုသလောက်မရ၊ တန်းစီဝယ်ရဆဲ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ပုံမှန်မဖြစ်ဘူး၊ တန်းစီနေရတုန်းပဲ၊ ဒီမနက်ကို တန်းစီရသေးတယ်၊ အရင်လိုပဲ၊ အချို့ဆိုင်တွေက ဖွင့်တောင်မဖွင့်ဘူး (တချို့) ဆီဆိုင်တွေက ရောင်းချင်သလိုရောင်းတာလေ၊ နံနက်ဖွင့်လိုက်၊ နေ့လယ်ဖွင့်လိုက်၊ ညဖွင့်လိုက်နဲ့ တန်းစီပြီး ဆီက မရတာမျိုးလည်းရှိတယ်” ဟု ကိုယ်တိုင်ဆီတန်းစီ ဝယ်ခဲ့သူ မန္တလေးဒေသခံတစ်ဦးက ပြောသည်။

စောင့်ဆိုင်းရချိန်သည် ၄၅ မိနစ်မှ နာရီပိုင်းအထိ ကြာမြင့်သည်၊ လိုသလောက်ဝယ်ယူ၍ မရသေးဘဲ သတ်မှတ်ချက်ဖြင့် ဝယ်ယူခွင့်ရရှိခြင်း၊ ကိုယ့်အလှည့်ရောက်မှ ဆီကုန်သွား၍ လှည့်ပြန်ရခြင်း အခြေအနေထိ ကြုံတွေ့ရကြောင်း ၎င်းက ဆိုသည်။

ဆီကို လက်လီဆိုင်များက မလောင်မငဖြန့်ဖြူးနေရကာ ဆိုင်များ ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေကြောင်း၊ ကားတစ်စီးလျှင် ကျပ် ၅၀,၀၀၀၊ ဆိုင်ကယ်တစ်စီးလျှင် ကျပ် ၅,၀၀၀ ဖိုးသာ ဝယ်ယူခွင့်ရပြီး ဆိုင်တစ်ခုနှင့်တစ်ခု ဝယ်ယူခွင့်နှုန်းထား မတူညီကြောင်း သိရသည်။

ရန်ကုန်တွင် ပုံမှန်ပြန်ဖြစ်

လူဦးရေအများဆုံးဖြစ်သည့် ရန်ကုန်မြို့တွင်မူ ဆီဆိုင်အားလုံးနီးပါး ပြန်ဖွင့်နေပြီဟု ရန်ကုန်ဒေသခံ ၃ ဦးက ပြောသည်။

“ဆီက လိုသလောက် ပြန်ဝယ်လို့ ရနေပြီ၊ ၃ ရက်လောက် ရှိနေပြီ၊ ဆီဆိုင်ရှေ့ရပ်လိုက်တာနဲ့ ရှေ့မှာ ကားက ၂ စီး၊ ၃ စီးလောက်ပဲ ရှိတယ် အများဆုံး” ဟု ရန်ကုန်၊ သာကေတမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁၂ ရက် ညပိုင်းမှစ၍ မြို့နယ်တိုင်းရှိ စက်သုံးဆီဆိုင် အားလုံးဖွင့်လှစ်ပြီး လိုသလောက်ဝယ်ယူခွင့်ရသည့်အတွက် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနေသည်ဟု ပြော၍ရနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

ရန်ကုန်သည် သီလဝါဆိပ်ကမ်းမှ ညတွင်းချင်း ဆီထည့်၍ ပုံမှန်ပြန်လည်ရရှိနေခြင်းဖြစ်ပြီး နေပြည်တော်နှင့် မန္တလေးသည် ပို့ဆောင်ရန် အလှမ်းကွာသောကြောင့် နောက်ကျနေခြင်းလည်း ဖြစ်နိုင်ကြောင်း နေပြည်တော်မှ စက်သုံးဆီဆိုင် မန်နေဂျာတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့အတွင်း ဆီတန်းစီဝယ်ယူနေသည့် ကားတန်းကို ယနေ့ (ဒီဇင်ဘာ ၆ ရက်) တွေ့ရစဉ်။

စက်သုံးဆီပြဿနာ 

ပြီးခဲ့သည့် ဧပြီလ ပထမပတ်အတွင်း ပြည်ပမှ စီးဝင်သည့် ဒေါ်လာများကို တစ်ရက်အတွင်း ကျပ် ၁၈၅၀ ဖြင့် မဖြစ်မနေလဲလှယ်ရမည်ဆိုကာ စစ်ကောင်စီက နိုင်ငံခြားသုံးငွေသုံးစွဲမှုကို ကန့်သတ်လိုက်ရာ စက်သုံးဆီဈေးကွက်ကို ရိုက်ခတ်မှုရှိခဲ့ပြီး ထိုနှစ် ဧပြီလ ဒုတိယပတ်တွင် စက်သုံးဆီ ရှားပါးမှု ကြုံခဲ့ရသေးသည်။

ဆီကုန်သည်များကို စစ်ကောင်စီက ဒေါ်လာ မရောင်းပေးသောကြောင့် ဆီမသွင်းနိုင်တော့ဘဲ လက်ကျန်ဆီကိုသာ ရောင်းချရသဖြင့် ဆီရှားပါးခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသည့် စက်သုံးဆီလုပ်ငန်းရှင်ကြီးတစ်ဦးက Myanmar Now ကို ပြောဆိုခဲ့သည်။

စက်သုံးဆီဈေးကို မတန်တဆ အမြတ်ယူရောင်းချခဲ့သည့် ကုမ္ပဏီ ၈ ခုနှင့် ထိုက်သင့်သည့်နှုန်းထက် အမြတ်တင်ရောင်းချသည့် ကုမ္ပဏီများကို အရေးယူထားသည်ဟု စစ်ခေါင်းဆောင်က နိုဝင်ဘာ ၂၉ ရက်နေ့က အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုသည်။

စက်သုံးဆီ၊ စားသုံးဆီတို့နှင့် ပတ်သက်၍ ဥပဒေနှင့်မညီသော ဆောင်ရွက်မှုများတွင် တာဝန်ရှိသည့် ပုဂ္ဂိုလ်များအပြင် စစ်ကောင်စီအဖွဲ့ဝင်နှစ်ဦးကိုလည်း ပြင်းပြင်းထန်ထန် အရေးယူခဲ့သည်ဟု ဆိုသည်။

ကုန်သွယ်ရေးလုပ်ငန်းများတွင် နိုင်ငံခြားသုံးငွေနှင့်ပတ်သက်၍ အလွဲသုံးစားပြုသည်ဆိုကာ စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို စစ်ကောင်စီက ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခဲ့သည်။

ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ခုတွင် ဆီဝယ်ယူဖြည့်တင်းရန် တန်းစီစောင့်ဆိုင်းနေသော မော်တော်ယာဉ်များကို ပြီးခဲ့သည့်နှစ် ဧပြီလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ – Myanmar Now)

ဒီဇင်ဘာလ ၅ ရက်တွင်မူ ဒေါ်လာငွေလဲလှယ်နှုန်းကို သတ်မှတ်ပေးတော့မည်မဟုတ်ဘဲ ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းဝယ်နိုင်သည်ဟု စစ်ကောင်စီက ထပ်မံပြင်ဆင်သည်။ ထို့ပြင် စက်သုံးဆီဖြန့်ဖြူးရောင်းချရာတွင် ရည်ညွှန်းလက်လီနှင့် လက်ကားဈေးနှုန်းများ မြှင့်တင်လိုက်ရာ ဆီပြဿနာ တစ်ကျော့ပြန်လာခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၁ နှင့် ၁၂ တွင် ဆီသင်္ဘောလေးစီး ဆိုက်ကပ်ခဲ့ကာ ၁၅ စီး ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း၊ စက်သုံးဆီလုံလောက်မှုရှိအောင် စီမံဆောင်ရွက်ထားကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ပြောဆိုခဲ့သည်။

လတ်တလောဖြစ်ပေါ်နေသည့် တစ်ကျော့ပြန် စက်သုံးဆီအခက်အခဲနှင့် ပတ်သက်၍မူ ထပ်မံပြောဆိုသည်ကို မတွေ့ရတော့ပေ။

စစ်ကောင်စီထိန်းချုပ်ထားသည့် ကြေးမုံသတင်းစာ ဒီဇင်ဘာ ၁၃ ရက်ထုတ် ဆောင်းပါးတစ်ပုဒ်တွင် ဆီတန်းစီဝယ်ယူရခြင်း၊ အကန့်အသတ်ဖြင့်သာ ဝယ်၍ ရနေခြင်းတို့ကို ဝန်ခံထားပြီး “သမားရိုးကျ ဖြစ်စဉ်တစ်ခု” ဟု ရေးသားထားသည်ကို တွေ့ရသည်။

ဒေါ်လာရှားပါးမှုနှင့်အတူ စက်သုံးဆီပြတ်လပ်ခြင်း၊ ဈေးကြီးမြင့်ခြင်းများ ဖြစ်လာချိန်တွင် အာဏာသိမ်းစစ်ကောင်စီက ရုရှားနိုင်ငံမှ ဆီတင်သွင်းမည်ဟု ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက ပြောဆိုထားသည်။

“ခရီးအတော်ရောက်နေပါပြီ။ အခုလည်း တချို့ရက်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံကို ရောက်မှာဖြစ်ပါတယ်။ ဆက်တိုက် ဝယ်ယူသွားဖို့ ရှိပါတယ်” ဟု ရုရှားနိုင်ငံပိုင်သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။

သို့သော် ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်ကုန်ပိုင်း ဆီပြဿနာ တစ်ကျော့ပြန်လာသည်တိုင် ရုရှားထံမှ ဆီတင်သွင်းသည့်ခရီး မည်မျှပေါက်နေသည်ကို စစ်ခေါင်းဆောင်က ထပ်မံပြောဆိုခြင်း မရှိတော့ပါ။

လတ်တလော ရန်ကုန်တွင် စက်သုံးဆီ လိုသလောက်ဝယ်ယူခွင့် ရရှိပြီဖြစ်သော်လည်း ရက်ပိုင်းအတွင်းသာ တည်ငြိမ်မှုရှိပြီး တန်းစီဝယ်ယူရမည့်အခြေအနေမျိုး ပြန်လည်ကြုံတွေ့မည်ကို စိုးရိမ်ကြောင်း စမ်းချောင်းမှ ဒေသခံအမျိုးသားက ပြောသည်။

“ဆီဝယ်ရတာ လွယ်ပေမဲ့ စိုးရိမ်တယ်၊ ခုပြေပေမဲ့ တစ်ရက်နှစ်ရက်နေရင် ရမလား မရဘူးလား စိုးရိမ်နေရတာပေါ့” ဟု ၎င်းက ပြောလိုက်သည်။

Show More

Related Articles

Back to top button