
အာဏာသိမ်းစစ်ကောင်စီက အမေရိကန်ဒေါ်လာကို ထိန်းချုပ်လိုက်ပြီးနောက် ဒေါ်လာဖြင့် ဝယ်ယူတင်သွင်းရသော စက်သုံးဆီဈေးကွက် အကြီးအကျယ်ဂယက်ရိုက်နေပြီး ယနေ့ (ဧပြီ ၁၉) တွင် စက်သုံးဆီအရောင်းဆိုင်များ၌ စုပြုံတိုးရသည်အထိဖြစ်နေသည်။
သင်္ကြန်မတိုင်မီ ဧပြီလ ၃ ရက်တွင် ပြည်ပမှ စီးဝင်သည့် ဒေါ်လာများကို တစ်ရက်အတွင်း ၁၈၅၀ ကျပ်ဖြင့် မဖြစ်မနေလဲလှယ်ရမည်ဆိုကာ စစ်ကောင်စီက နိုင်ငံခြားသုံးငွေသုံးစွဲမှုကို ကန့်သတ်ထိန်းချုပ်သည်။
ယနေ့ လူမှုကွန်ရက်တွင် တွေ့ရှိရသော ဓာတ်ပုံများအရ မြို့တော်ရန်ကုန်အပါအဝင် မြို့ကြီးများရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မော်တော်ယာဉ်များ စုပြုံတိုးနေသည်ကို တွေ့ရပြီး ကျပ်သောင်းဂဏန်းဖိုးသာ ဆီဝယ်ထည့်ရတော့ကြောင်း ရေးသားမှုများလည်း တွေ့ရသည်။
သင်္ကြန်ပိတ်ရက်အပြီး စီးပွားရေးလုပ်ငန်းများ ပြန်ဖွင့်ချိန်တွင် ဆီကုန်သည်များကို စစ်ကောင်စီက ဒေါ်လာ မရောင်းပေးသောကြောင့် ဆီမသွင်းနိုင်တော့ဘဲ လက်ကျန်ဆီကိုသာ ရောင်းချရကြောင်း အမည်မဖော်လိုသည့် စက်သုံးဆီလုပ်ငန်းရှင်ကြီးတစ်ဦးက Myanmar Now ကို ပြောသည်။
“ဒေါ်လာကလည်း ဘယ်လိုပုံစံနဲ့ ရောင်းပေးမယ်ဆိုတာ ကောင်းကောင်း မသိသေးဘူးပေါ့နော်။ မသိသေးတဲ့အခါကြတော့ အခြေအနေကလည်း နောက်ထပ်သင်္ဘောအသစ်တွေကလည်း မဝင်နိုင်ဘူး။ အဲဒီတော့ အားလုံးက စိုးရိမ်နေကြတာပေါ့နော်” ဟု ၎င်းက ဆိုသည်။
စက်သုံးဆီဖြန့်ဖြူးရောင်းချသူများအနေဖြင့် လက်လီဆိုင်များအတွက် ဆီချန်ရသလို ရေရှည်တွင် ဘယ်နည်းဘယ်ပုံတင်သွင်းရမည်ကို ရှင်းရှင်းလင်းမသိရသဖြင့် ထိန်းရောင်းလာကြောင်းလည်း ထိုစက်သုံးဆီလုပ်ငန်းရှင်က ဆိုသည်။
မန္တလေးရှိ ဆီဆိုင်ကြီးများတွင် ဆိုင်ကယ်နှင့် ကားများ ရှည်လျားစွာ တန်းစီစောင့်ဆိုင်းပြီး ဆီဝယ်ထည့်နေရသလို အချို့ဆီဆိုင်များ ပိတ်သိမ်းထားသည်ဟုလည်း မြို့ခံကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောသည်။
“ဝယ်လို့မရလို့ မန္တလေးကလူတွေ တိုင်တွေပတ်နေကြတာ။ ကားတွေရာ ဆိုင်ကယ်တွေရာ တစ်မြို့လုံး ရုတ်ရုတ်သဲသဲတွေ ဖြစ်နေတယ်” ဟု ထိုအမျိုးသမီးက ဆိုသည်။
နာမည်ကြီး စက်သုံးဆီအရောင်းဆိုင်အချို့ ပိတ်ထားသည့်နည်းတူ ဆီဖြည့်ရန် မီးစက်အဆင်မပြေဟု အကြောင်းပြကာ ဆီရောင်းချမှု ရပ်ဆိုင်းထားသည့် ဆိုင်များရှိသည်ဟုလည်း သိရသည်။ ထို့ပြင် ရေသန့်ဘူးဖြင့် ရောင်းချသည့် လမ်းဘေးဆီဆိုင်များတွင် တစ်လီတာမပြည့်သည့် ဘူးတစ်ဘူးလျှင် ကျပ် ၃၀၀၀ မှ ၄၀၀၀ အထိ ရောင်းနေသည်ဟုလည်း ၎င်းက ပြောသည်။
နိုင်ငံတကာဆီသင်္ဘောများ အဓိကဆိုက်ကပ်ရာ သီလဝါဆိပ်ကမ်းရှိ ဆီသိုလှောင်ကန်များတွင် ဆီလက်ကျန် လျော့နည်းလာပြီး အကျိုးဆက်အနေဖြင့် ရန်ကုန်၊ မန္တလေး၊ စစ်တွေ၊ လားရှိုး၊ ဗန်းမော်နှင့် နိုင်ငံအနှံ့ မြို့ကြီးများရှိ လက်လီဆီဆိုင်များတွင် အကန့်အသတ်ဖြင့် ရောင်းချခြင်းဖြစ်သည်ဟု စက်သုံးဆီအရောင်းဆိုင်ဖွင့်လှစ်ထားသူများက ဆိုသည်။
စီးပွားရေးမြို့တော် ရန်ကုန်တွင် ဆီဆိုင်မဖွင့်မီကတည်းက ဝယ်ယူရန် ကားများတန်းစီစောင့်ဆိုင်းမှုများ ရှိလာကာ ကားတစ်စီးလျှင် ကျပ်တစ်သောင်းမှ နှစ်သောင်းဖိုးအထိ နှစ်ကြိမ်ခွဲရောင်းချပေးသည်ဟု သိရသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဆိုင်ကယ်တစ်စီးလျှင် ၅,၀၀၀ ကျပ်ဖိုး၊ ကားတစ်စီးလျှင် ၂၀,၀၀၀ ကျပ်ဖိုးသာ ရောင်းချပေးကြောင်း အမည်မဖော်လိုသည့် စက်သုံးဆီဆိုင်ဝန်ထမ်းတစ်ဦးက ပြောသည်။
“ကျန်တဲ့ဆိုင်တွေလည်း အဲဒီလိုပဲဖြစ်မယ်ထင်တယ်။ ရောင်းချဖို့ကတော့ ရန်ကုန်ကနေ ဒီလိုပဲရောင်းဖို့ ပြောထားလို့ပါ။ ဆီထုတ်ရတာ အခက်အခဲဖြစ်နေလားတော့ မသိဘူး” ဟု ၎င်းက ပြောသည်။

ဆီလက်ကျန်နှင့် ရောင်းအားကိုက်ညီမှုရှိနေသေးသဖြင့် လက်ကားရောင်းချမှုကိုပိတ်ထားသော်လည်း လက်လီရောင်းချမှုကို မကန့်သတ်ဘဲ ဈေးကွက်ပေါက်ဈေးနှင့်အညီ ရောင်းချပေးကြောင်း ရှမ်းပြည်နယ် လားရှိုးမြို့မှ အမည်မဖော်လိုသည့် စက်သုံးဆီဆိုင်ပိုင်ရှင်တစ်ဦးက Myanmar Now ကို ပြောသည်။
“တစ်ဆင့်ပြန်ရောင်းရတဲ့သူ ဥပမာ ဆီပုံးနဲ့ ၁၅ ပုံးဝယ်မယ်။ ပုံး ၁၀၀ ဝယ်မယ်ဆိုရင် ကျွန်တော်တို့က အတိုင်းအတာတစ်ခုအထိ ရှင်းပြလိုက်တယ်။ လျှော့ဝယ်သွားလိုက်။ ဆယ်ချိုးတစ်ချိုးပဲ ဝယ်သွား။ ဒီခဏလေးမှာတော့ သည်းခံလိုက်။ ကားတွေတော့ အရေးကြီးတယ်။ ကားတွေတော့ ဦးစားပေးရောင်းပေးရမယ်” ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီက တစ်ဒေါ်လာလျှင် ၁၈၅၀ ကျပ်သတ်မှတ်ခြင်းကြောင့် စက်သုံးဆီများကိုလည်း ထိုဒေါ်လာဈေးဖြင့် တွက်ချက်၍ သတ်မှတ်ရောင်းချရန် ဖိအားပေးမှုရှိရာ ဝယ်ဈေးထက် လျှော့ချသည့်ဆိုင်များရှိသော်လည်း အရှုံးဒဏ်မခံနိုင်တော့ကြောင်း ထိုဆီဆိုင်ပိုင်ရှင်က ဆိုသည်။
ပြင်ပငွေကြေးဈေးကွက်တွင် တစ်ဒေါ်လာ ၂,၀၀၀ ကျပ် ပေါက်နေပြီး ထိုဈေးနှုန်းဖြင့် တွက်ချက်၍ တင်သွင်းလာသော ဆီများကို စစ်ကောင်စီက ပြည်တွင်းဈေးကွက်တွင် ၁၅၀ ကျပ်လျှော့ရောင်းရန် သတ်မှတ်ခြင်းဖြစ်သည်။
ဧပြီ ၁ တွင် အောက်တိန်း(၉၂) တစ်လီတာကို ရန်ကုန်တွင် ၁၉၆၅ ကျပ်ရှိရာမှ ဧပြီ ၆ တွင် ၁,၈၆၅ ကျပ်မှ ၁,၇၃၀ အထိ ဈေးရှိလာခဲ့ပြီး သင်္ကြန်အပြီး ဧပြီ ၁၈ တွင် ၁,၈၄၀ ကျပ်ပြန်ရှိလာကြောင်း Denko ဆီဆိုင်၏ ဈေးနှုန်းများအရ သိရသည်။
ယနေ့ ဧပြီ ၁၉ တွင် အောက်တိန်း(၉၂) တစ်လီတာ ၁၈၉၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂,၁၈၀ ကျပ် ဈေးပေါက်ကြောင်း ထိုဆီဆိုင်၏ ဈေးနှုန်းများအရ သိရသည်။
ရောင်းဈေးဝယ်ဈေးကွာဟခြင်း၊ ဆီဝယ်ယူရ ခက်လာသောကြောင့် လက်ကျန်ဆီပြတ်သည်အထိ အကန့်အသတ်မထားဘဲ အကုန်ရောင်းချကာ ယာယီပိတ်ထားသည့်ဆိုင်များလည်း ရှိနေသည်။
“အမှန်ကတော့ သူတို့က (စစ်ကောင်စီက) Control သွားလုပ်ပြီး ရောင်းတာတွေက ပြည်သူတွေက စိုးရိမ်သွားတာ။ Control လုပ်လိုက်တာ အရမ်းမှားသွားတာ။ မလုပ်ရဘူးလေ။ သူပေါက်ဈေးနဲ့ သူရောင်း။ Open ရောင်း။ ကျွန်တော်တို့က Open ရောင်းတယ်။ ပေါက်ဈေးအတိုင်း ရောင်းပေးတယ်” ဟု လားရှိုးမြို့မှ ဆီဆိုင်ပိုင်ရှင်က ပြောသည်။
ယနေ့ညနေပိုင်းတွင် စက်သုံးဆီအချို့က အကန့်အသတ်မရှိ ရောင်းချပေးတော့မည်ဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ကြေညာလာသည်ကိုလည်း တွေ့ရသည်။

ပြီးခဲ့သည့်နှစ် စစ်အာဏာသိမ်းပြီးနောက် ပို့ကုန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကျဆင်းခြင်း၊ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ကျပ်ငွေကို ယုံကြည်မှုမရှိခြင်းကြောင့် ဒေါ်လာစုဆောင်းလာရာမှ ဒေါ်လာဈေးနှုန်းမြင့်တက်ခဲ့သည်။
အာဏာမသိမ်းမီက တစ်ဒေါ်လာလျှင် ၁,၃၃၇ ကျပ်သာ ဈေးရှိသော်လည်း လက်ရှိ ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၂,၀၀၀ ပတ်ချာလည်တွင် ဈေးရှိလာရာ ကျပ်ငွေတန်ဖိုးမှာ ၅၀ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ပြည်တွင်းငွေကြေးဈေးကွက်မှ စုံစမ်းသိရှိရသည်။
ဒေါ်လာဈေးမြင့်တက်မှုကို ထိန်းသိမ်းရန် စစ်ကောင်စီက ဈေးကွက်အတွင်း လိုအပ်သည့်ဒေါ်လာများကို ဒေါ်လာသန်းနှင့်ချီ ထုတ်ရောင်းပေးသော်လည်း ဈေးနှုန်းမှာ တောက်လျှောက်မြင့်တက်လာခဲ့သည်။
ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်စွမ်းမရှိတော့သည့်အဆုံးတွင် အဓိက ဒေါ်လာလိုအပ်သည့် စက်သုံးဆီအတွက် ဗဟိုဘဏ်၏ ရည်ညွှန်းဒေါ်လာဈေးဖြင့် ပြီးခဲ့သည့်နှစ် စက်တင်ဘာကစ၍ ရောင်းချပေးခဲ့သည်။
အပြန်အလှန်အနေဖြင့် ဗဟိုဘဏ်ဈေးဖြင့် ဒေါ်လာဝယ်ယူခွင့်သည့် စက်သုံးဆီဆိုင်များအနေဖြင့် ပြည်တွင်းဈေးကွက်တွင် စက်သုံးဆီကို ပေါက်ဈေးထက် လျှော့ရောင်းချရန် သတ်မှတ်ခဲ့သည်။
အချိန်ကြာမြင့်လာသည်နှင့် စစ်ကောင်စီတွင် ငွေမာဟုခေါ်သည့် အမေရိကန်ဒေါ်လာရှားပါးလာပြီး ၎င်းတို့ကိုယ်တိုင် စစ်လက်နက်ပစ္စည်းများတင်သွင်းမှုကြောင့် ဒေါ်လာလိုအပ်ချက်မြင့်မားလာချိန်တွင် သင်္ဘောသားများ၊ ပို့ကုန်သမားများနှင့် နိုင်ငံခြားဝင်ငွေရသည့် လုပ်ငန်းများမှ ဒေါ်လာဝင်ငွေများကို စစ်ကောင်စီက ကျပ်ဖြင့် အတင်အကျပ်လဲလှယ်ရန် မူဝါဒချမှတ်ခဲ့သည်။
ဒေါ်လာဝင်ငွေသာမက သုံးငွေကိုလည်း ထိန်းချုပ်လိုက်ပြီး ကုန်သည်များအနေဖြင့် ဒေါ်လာလိုအပ်လျှင် စစ်ကောင်စီထံ ခွင့်ပြုချက်တောင်းရမည်ဖြစ်ပြီး သွင်းကုန်လိုင်စင်၊ ဒေါ်လာဝယ်ယူမည့် ဘဏ်(၃) ခု အခြားလိုင်စင်ဆိုင်ရာသတ်မှတ်ချက်များနှင့်အတူ ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးကိုယ်တိုင် စီးပွားကူးသန်းတွင် လျှောက်ထားရမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ကြေညာထားသည်။
တစ်ဒေါ်လာ ၁၈၅၀ ကျပ် သတ်မှတ်လိုက်ခြင်းကြောင့် စက်သုံဆီဈေးကွက်အပြင် နိုင်ငံတကာဈေး၊ ဒေါ်လာငွေလဲလှယ်နှုန်းနှင့် ချိန်ကိုက်ဈေးသတ်မှတ်သည့် ပြည်တွင်းရွှေဈေးမှာ ကမောက်ကမဖြစ်နေပြီး ရန်ကုန်ရွှေဈေးကွက်တွင် ယနေ့အချိန်ထိ ဈေးဖွင့်လှစ်ခြင်း မရှိသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)