ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပြင်ဦးလွင်အပါအဝင် မြို့ကြီးများတွင် ယနေ့ (ဒီဇင်ဘာ ၆ ရက်) မှစတင်ကာ စက်သုံးဆီ ပြတ်လပ်နေပြီး ဆိုင်များတွင် မျှော်လင့်ချက်ဖြင့် တန်းစီဝယ်ယူရာတွင်လည်း လိုအပ်သလောက်ဝယ်ယူခွင့်မရသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
ရန်ကုန်တွင် နံနက်စောစောထပြီး ဆီဆိုင်သို့ သွားရောက် တန်းစီနေရသည်ဟု မြို့ခံတစ်ဦးက ပြောသည်။
“ဆီရောင်းတဲ့ ဆိုင်မှာ တန်းစီနေရင်း ဆီက ပြတ်သွားတယ်။ အဲဒါ တန်းစီနေတဲ့ ကားက မကုန်သေးဘူး၊ ဆီမရသေးတဲ့ ကားတွေက အဲဒါမပြန်ဘဲ ဆက်စောင့်နေတာ၊ သူတို့ ဆီလက်ကျန်လေး ကုန်မှာစိုးတော့ ရတဲ့ဆီ မသွားဘဲ ဆီရောင်းတဲ့ဆိုင်မှာပဲ စောင့်နေတာ၊ ဆီဆိုင်ကလည်း ဘယ်အချိန်ရမယ် အတိကျမပြောဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော အဆိုပါ ရန်ကုန်မြို့ခံက ပြောသည်။
“ကားငှားရတာ ခက်ခဲတာရော၊ ကုန်ဈေးနှုန်းတက်ရမှာရော၊ မီးပျက်တာရော မျိုးစုံကြုံနေကြရတာ၊ ခုမီးပျက်ရင် မီးစက်တောင် မနှိုးရဲတော့ အခြေအနေဖြစ်နေပြီ”
စက်သုံးဆီပြတ်လပ်ခြင်း၊ ဆီဈေးတက်ခြင်းသည် လူမှုဘဝအခက်အခဲများနှင့် ဆက်စပ်နေပြီး မော်တော်ယာဉ်များပြားသည့် စီးပွားရေးမြို့တော် ရန်ကုန်တွင် သက်ရောက်မှုများစွာရှိနေသည်ဟုလည်း သူက ပြောသည်။
ရန်ကုန်မြို့ DENKO စက်သုံးဆီဆိုင်ခွဲတစ်ခုမှ အရောင်းဝန်ထမ်းတစ်ဦးကလည်း ဆိုင်ခွဲအားလုံးသို့ ဆီဖြန့်ဖြူးနိုင်ခြင်းမရှိဟု သိရကြောင်း ပြောသည်။
ရန်ကုန်မြို့တွင်း သွားလာသော အငှားယာဉ်များ၊ ဘတ်စကားများတွင် အများအပြားက ဓာတ်ငွေ့ (ဂက်စ်) အသုံးပြုသော ကားများ ဖြစ်ကြသည်။
ရန်ကုန်မှ အငှားယာဉ်မောင်းတစ်ဦး လောင်စာဆီခက်ခဲနေချိန်တွင် ဂက်စ်ကားမောင်းသူတို့ ပိုမို အသက်ရှူချောင်သည်ဟု ဆိုသည်။
“ကားငှားခကတော့ ဈေးတက်ရတာပေါ့၊ ခုက ဆီဝယ်ရပြီး ၂၅၀၀ ကျော်ဆိုရင် တော်သေးတယ်၊ ဒီထက်ဈေးပိုတက်သွားရင် ကားသမားတွေ ဘယ်လိုဆွဲကြရမှာလဲ၊ ခုတောင် ဂက်စ် ရနေသေးလို့၊ အဲဒါသာ ပြတ်ရင် သွားပြီ” ဟု အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။
မန္တလေးနှင့် ပြင်ဦးလွင် အခြေအနေ
မန္တလေးနှင့် ပြင်ဦးလွင်မြို့ရှိ စက်သုံးဆီဆိုင်အများစုတွင်လည်း ဆီပြတ်လပ်နေသည်။
အနည်းငယ် ဝယ်ယူနိုင်မည့် ဆိုင်များတွင် အချိန်ပေး တန်းစီနေရသည်ဟု မြို့ခံများက ပြောကြသည်။
“မနေ့ကစပြီး ဆိုးဆိုးရွားရွားဆီပြတ်တာ ကြုံတာပဲ။ ဆိုင်တိုင်းက လက်ခါပြနေတယ်၊ ရတဲ့ဆိုင်အချို့မှာကျလည်း လူတွေက စုပြုံတိုးနေတော့ ဆီတန်းရတာကို အလုပ်တစ်ခုလိုဖြစ်နေတယ်” ဟု မန္တလေးမြို့ခံ အသက် ၄၀ အရွယ် အမျိုးသားက ဒီဇင်ဘာ ၆ ရက်နေ့တွင် ပြောသည်။
“ခေတ်ပျက်ရတဲ့အထဲ လုပ်စားတွေကလည်း ပေါ်လာတယ်၊ ဆိုင်တွေက တန်းစီပြီး မတန်တဆဈေးနဲ့ ပြန်ရောင်းကြတာရှိတယ်၊ ၁ လီတာတစ်ဘူးကို ၅၀၀၀ ရောင်းသူကရှိတယ်” ဟု အထက်ပါအမျိုးသားက ဆိုသည်။
မန္တလေးမြို့တွင်း ဆီဆိုင်များတွင် ဆီပြတ်နေကြောင်း ဆိုင်းဘုတ်များရေးထားကြသည်။
ဆိုင်ကယ်အသုံးပြုမှု များပြားသည့်အတွက် နေ့စဉ်သွားလာရေးအတွက် စိုးရိမ်နေရသည်ဟုလည်း အခြားမန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“စက်ရုံအလုပ်ရုံတွေကို နေ့စဉ် အချိန်နဲ့ သွားလာနေရတဲ့ အောက်ခြေလုပ်သားလေးတွေက ပိုဒုက္ခများမယ်၊ ဆီရှာထွက်ရတာက သူတို့မှာ အချိန်မပေးနိုင်ဘူး၊ လမ်းမှာ ပြတ်လပ်ရင်လည်း အလွယ်တကူ ဝယ်မရတော့ ဒုက္ခက ပိုများမယ်” ဟု ၎င်းကဆိုသည်။
ပြင်ဦးလွင်မြို့မှ အသက် ၅၀အရွယ် မြို့ခံအမျိုးသားတစ်ဦးကလည်း လောင်စာဆီလိုအပ်ချက်အခက်အခဲမှာ အကြီးမားဆုံးအခြေအနေသို့ ရောက်နေသည်ဟု ပြောသည်။
“စက်မောင်းဖို့အတွက် ပုံးလေးနဲ့ သွားဝယ်တာ ဆိုင်ကယ်ပါမှ ရောင်းမယ် ပြောလိုက်တယ်၊ ဆိုင်ကယ်နဲ့ သွားဝယ်တော့လည်း ပိုတဲ့ဆီလေးကို ပုံးထဲ ထည့်ပေးခိုင်းတာကို မရဘူး။ ဆိုင်ကယ်ထဲက ဖောက်ထုတ်ပြီးမှ ပြန်လာတန်းစီပါ ပြောလိုက်တယ်၊ မကြုံဖူးပေါင်ဗျာ” ဟု ဆိုသည်။
နေပြည်တော်အခြေအနေ
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင်လည်း ပျဉ်းမနားမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ နာမည်ကြီး MAX ဆီဆိုင် အပါအဝင် ၆ ဆိုင် ပိတ်ထားသည်။ ဖွင့်လှစ်ထားဆဲဖြစ်သည့် Petro Seven ဆိုင်တွင် 92 အမျိုးအစား ဓာတ်ဆီ တစ်လီတာလျှင် ၂၅၅၅ ကျပ်ဖြင့် ရောင်းချနေပြီး ဆီဝယ်ရန် တန်းစီနေသည့် ကား၊ ဆိုင်ကယ် ရာနှင့်ချီရှိသည်ဟု သိရသည်။
နေပြည်တော် စည်ပင်ဧည့်ရိပ်သာအနီးရှိ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းအမည်ဖြင့် ဖွင့်လှစ်ထားသည့် အရပ်ခေါ် ဦးပိုင်စက်သုံးဆီဆိုင်သည်လည်း နေ့စဉ် ဖွင့်လှစ်ခြင်းမရှိပေ။ ရံဖန်ရံခါ ဖွင့်သည့်နေ့တွင် နေ့တစ်ပိုင်းခန့်သာ ရောင်းချလေ့ရှိသည်။
နေပြည်တော်တွင် Denko အပါအဝင် စက်သုံးဆီဆိုင်တချို့မှာ အကန့်သတ်ဖြင့်သာ ရောင်းချနေသည်။ သတ်မှတ်ထားသည့် ဂါလန်ပြည့်သွားပါက ဆီကုန်သည်ဟု ပြောဆို၍ ပိတ်လိုက်ရကြောင်း နေပြည်တော်စက်သုံးဆီ ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
“ဆီကား မရောက်သေးရင် ရှိတဲ့ဆီကို မရောင်းရဲဘူး၊ အဲဒီတော့ ဆိုင်ဖွင့်ပြီး ဆီမရှိဘူးပဲ ပြောရတာ၊ ဆီက ရောင်းလိုက် နားလိုက်နဲ့ပဲ လည်ပတ်နေရတာ၊ ဆီက ဒီထက်အခြေအနေဆိုးရင်တော့ ဈေးက ပိုတက်နိုင်တယ်” ဟု ၎င်းက ဆက်ပြောသည်။
စက်သုံးဆီဆိုင်များမှတစ်ဆင့် ဝယ်ယူရောင်းသည့် လမ်းဘေးဆိုင်များတွင် ၉၂ တစ်လီတာလျှင် ၃၅၀၀ အထိ မှောင်ခိုဈေး ဖြစ်နေသည်။ မှောင်ခိုစျေးကွက်တွင်လည်း လိုအပ်သလောက်ဝယ်ယူ၍ မရနိုင်ပေ။
စျေးနှုန်းအကဲဆတ်သူတို့ပင်လျှင် လက်ရှိအခြေအနေကြောင့် မေးခွန်းထုတ်ခြင်း မရှိကြတော့ကြောင်း နေပြည်တော်တွင် စက်သုံးဆီရောင်းချနေသူ အရောင်းဝန်ထမ်းတစ်ဦးက ပြောသည်။
“ခုက ဆီပြည့်လား၊ မပြည့်လား၊ ဘယ်ဈေးလဲ မမေးကြတော့ဘူး။ ဆီရပြီဆိုတာနဲ့ တန်းထည့်ကြတော့တာပဲ” ဟု သူက ဆိုသည်။
နေပြည်တော် ဘောဂသီရိကားကွင်းနားရှိ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ရှိသော MAX ဆီဆိုင်တွင် “စက်သုံးဆီ ဆီသယ်ယာဉ်မှာ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိနေသည်၊ စက်သုံးဆီ ပြန်လည်ရောင်းချပေးမည် ဖြစ်ပါသည်” ဟု ဗီနိုင်းဖြင့် စာကပ်ထားသည်၊ သို့သော် ပြန်ရောင်းမည့် အချိန်ကိုမူ အတိအကျ ရေးသားထားခြင်းမရှိဟု သိရသည်။
တရိပ်ရိပ်တက်လာသည့် စက်သုံးဆီဈေးနှင့် အခြားဂယက်များ
စက်သုံးဆီတင်သွင်းရာတွင် ဒီဇယ်ဆီသည် စီးပွားရေးလုပ်ငန်းသုံးဖြစ်ပြီး ဓာတ်ဆီသည် အိမ်သုံးဖြစ်ကာ ဓာတ်ဆီအတွက် ဒေါ်လာရောင်းပေးခြင်းကို အာဏာသိမ်းစစ်တပ်က ရပ်ဆိုင်းလိုက်ကြောင်း လုပ်ငန်းရှင်တစ်ဦးက Myanmar Now ကို ပြောထားသည်။
နိုဝင်ဘာ ၃၀ တွင် စစ်ကောင်စီ ရည်ညွှန်းဓာတ်ဆီဈေးမှာ ၉၂ တစ်လီတာ ၂၀၆၄ ကျပ်၊ ၉၅ တစ်လီတာကို ၂၁၈၄ ကျပ် သတ်မှတ်ခဲ့သည်။
ဒီဇင်ဘာ ၁ တွင် ရန်ကုန်ဈေး ၉၂ တစ်လီတာလျှင် ၂၅၁၀ ကျပ်အထိ တိုးမြှင့်လိုက်သည်။ ယနေ့အထိ နေပြည်တော်ရှိ စက်သုံးဆီဆိုင်များတွင် ၉၂ တစ်လီတာကို စစ်ကောင်စီရည်ညွှန်းဈေး ၂၅၅၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ကျပ် ၂၆၉၀ ဖြင့် ရောင်းချနေသည်။
တစ်ချိန်တည်းတွင် ဗဟိုဘဏ်က ငွေလဲလှယ်နှုန်း သတ်မှတ်ပေးတော့မည်မဟုတ်ကြောင်း၊ ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းဝယ်နိုင်ကြောင်း စစ်ကောင်စီထိန်းချုပ် ဗဟိုဘဏ်က ယမန်နေ့ (ဒီဇင်ဘာ ၅) ရက်စွဲဖြင့် နိုင်ငံခြားသုံးငွေရောင်းဝယ်ခွင့် လိုင်စင်ရဘဏ်များကို အကြောင်းကြားထားသည်။
ဒေါ်လာရည်ညွှန်းဈေး မကန့်သတ်တော့ခြင်းသည် စစ်ကောင်စီတွင် နိုင်ငံခြားသုံးငွေပြတ်လပ်နေသည်ကို ပြနေသည်၊ စက်သုံးဆီတင်သွင်းမည့်သူများ အခက်အခဲရှိနိုင်သည်ဟု အရပ်သားအစိုးရလက်ထက် စီးပွားရေးအကြံပေးဖြစ်ခဲ့သူ ပါမောက္ခရှောင်တာနယ်က Myanmar Now ကို ပြောသည်။
“ဒါဟာ အဆုံးသတ်နီးလာပြီဆိုတဲ့ လက္ခဏာပဲ။ စစ်တပ်ထောက်ခံသူတွေကိုတောင်မှ တရားဝင်သတ်မှတ်ဈေးနဲ့ ဒေါ်လာရောင်းမပေးနိုင်တော့ဘူး။ အထူးသဖြင့် စစ်ကောင်စီကို အထောက်အပံ့ပေးနေတဲ့ စက်သုံးဆီတင်သွင်းကုမ္ပဏီတွေက ဆီဝယ်ဖို့ ဒေါ်လာလိုမှာပဲ” ဟု ၎င်းက ဆိုသည်။
“ဈေးကွက်အတိုင်းသွားတော့မယ်ဆိုတော့ နိုင်ငံခြားငွေပြတ်လပ်ပြီဆိုတာကို ပြောလိုက်တာပဲ။ စစ်ကောင်စီ တကယ့်ကို ဒုက္ခရောက်နေပြီ”
စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ နိုဝင်ဘာ ၁၁ နှင့် ၁၂ တွင် ဆီသင်္ဘော ၄ စီး ဆိုက်ကပ်ခဲ့ကာ ၁၅ စီး ထပ်မံရောက်ရှိမည်၊ စက်သုံးဆီလုံလောက်မှုရှိအောင် စီမံထားသည်ဟု နိုဝင်ဘာလလယ်ပိုင်းတွင် ပြောသည်။ သို့သော် ပြည်သူများ စက်သုံးဆီ တန်းစီဝယ်ယူနေရချိန်တွင်မူ စစ်ကောင်စီက နှုတ်ဆိတ်လျက်ရှိသည်။
စက်သုံးဆီနှင့် ပက်သက်၍ မတန်မဆ အမြတ်ယူရောင်းချခဲ့သည့် ကုမ္မဏီ ၈ ခုနှင့် ထိုက်သင့်သည့် နှုန်းထက် အမြတ်တင်ရောင်းချသည့် ကုမ္ပဏီများကို အရေးယူခဲ့သည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က နိုဝင်ဘာ ၂၉ ရက်နေ့ အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
မဲစာရင်းမှားသည်ဟု အကြောင်းပြ အာဏာသိမ်းထားသော စစ်ဗိုလ်ချုပ်များသည် နိုင်ငံကို စီမံခန့်ခွဲနိုင်သည့် အရည်အချင်း မရှိသဖြင့် စီးပွားရေးကမောက်ကမဖြစ်မှုနှင့် ရင်ဆိုင်နေရကြောင်း မန္တလေးမြို့ခံ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“ပြည်သူတွေမှာ စားသုံးဆီတန်းရ၊ ဓာတ်ဆီတန်းရ နောက်ဆို အငတ်ဘေးကြုံပြီး ၈၈ ကလို ဆန်ပြုတ်တောင် တန်းစီရမယ့် အခြေအနေတွေတောင် ရှိလာနိုင်တယ်။ မလုပ်တတ်၊ မကိုင်တတ်ရင်လည်း ဆင်းပေးကြပါတော့။ တိုင်းပြည်လည်း ကပ်ဘေးဆိုက်နေပါပြီ” ဟု သူက ညည်းတွားလိုက်သည်။