ရွေးကောက်ပွဲ

ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းတစ်ဦးကို ရွေးကောက်ခံပိုင်ခွင့်ပြန်လည်ရုပ်သိမ်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားပြုကာ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၄ တွင် ဝင်ပြိုင်မည့် ဦးအောင်မောင်း၏ ရွေးကောက်ခံပိုင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြန်လည်ရုပ်သိမ်းလိုက်သည်။

ဦးအောင်မောင်းသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း)ဟု ဖော်ပြလျှောက်ထားခဲ့ရာ ကနဦးတွင် ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုပြီးဖြစ်သော်လည်း ထပ်မံစိစစ်သည့်အခါ ၎င်းမှာ ပင်စင်စားတစ်ဦးမဟုတ်သေးသည်ကို တွေ့ရှိရကြောင်း စစ်ကိုင်းတိုင်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ဦးက Myanmar Now ကို ပြောသည်။

“သူက နိုင်ငံ့ဝန်ထမ်းဖြစ်နေလို့ပေါ့ဗျာ။ ပြောရရင်တော့ အမှန်က ပင်စင်ယူဖို့အတွက် ခံစားခွင့် (အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့်) လေးလ ခံစားနေတဲ့အချိန်ဖြစ်နေတော့ ပင်စင်စားမဟုတ်သေးတဲ့အခါကျတော့ တရားမဝင်ဘူးဖြစ်နေတာပေါ့။ အဲဒါပြန်တွေ့လို့ UEC (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်) ကနေ ပယ်ဖျက်လိုက်တာ”ဟု ၎င်းက ပြောသည်။

အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ(ဋ)တွင် ပြဋ္ဌာန်းထားသည့် နိုင်ငံ့ဝန်ထမ်းဖြစ်သူများ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိစေရဟူသောအချက်နှင့် ငြိစွန်းနေသဖြင့် အောက်တိုဘာ ၁၀ ရက်တွင် ပြန်လည်ပယ်ချခဲ့ခြင်းဖြစ်ကြောင်း ဦးတင်ဦးက ပြောသည်။

ဦးအောင်မောင်းအတွက် အရေးဆိုပိုင်ခွင့်နှင့်စပ်လျဉ်း၍ မေးမြန်းသည့်အခါ “(အယူခံ) မရတော့ဘူးလေ။ ဝန်ထမ်းဖြစ်နေတာကိုး။ အခြားကိစ္စမှ မဟုတ်တာ။ ဥပမာအားဖြင့် နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုတို့ဆိုရင် အထောက်အထားတင်ပြီး ပြောလို့ရတယ်။ သူက ပင်စင်ခံစားခွင့် ခံစားနေတယ်ဆိုတာ ထင်ရှားနေတာလေ”ဟု ၎င်းက ဆိုသည်။

ကိုယ်စားလှယ်လောင်းဖော်ပြချက်တွင် ပညာအရည်အချင်းတွင် သိပ္ပံဘွဲ့(စစ်တက္ကသိုလ်)ဟု ရေးထားသူ ဦးအောင်မောင်းသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သည်။ 

နိုင်ငံ့ဝန်ထမ်းဖြစ်နေသေးသည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့သူ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း ဦးအောင်မောင်း။ (ဓာတ်ပုံ – MOI) 

ရွေးကောက်ခံပိုင်ခွင့် ရုပ်သိမ်းခံရခြင်းနှင့် ပတ်သက်၍  ဦးအောင်မောင်းကို ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးဘဲ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းမြမြမီမီဇော်ထံ မေးမြန်းရာတွင် ပါတီ၏ အမတ်လောင်းတစ်ဦး ထိုသို့ပြန်ပယ်ခံရသည်ကို ကြားသိရကြောင်းသာပြောပြီး အသေးစိတ်ပြန်လည်ဖြေဆိုခြင်း မရှိပေ။ 

ပယ်ချခံရသည့် ပြည်ခိုင်ဖြိုးမှ ဦးအောင်မောင်း ဝင်ရောက်ယှဉ်ပြိုင်မည့် အဆိုပါ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ ဦးဝင်းအောင်၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ဦးစန်းလှိုင်ဝင်း(ခ)စာပေမြင့်၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(နှင်းဆီ)မှ ဒေါ်ကြည်ကြည်ဝင်းတို့ ယှဉ်ပြိုင်ရန်ရှိသည်။

“အဓိကပြိုင်ဘက်တစ်ဦး မရှိတဲ့အပေါ်မှာတော့ ဝမ်းသာဝမ်းနည်းမရှိပါဘူး။ ရွေးကောက်ပွဲဆိုတာကတော့ ပြည်သူ့အဆုံးအဖြတ်ကို ခံယူကြရတာလေ” ဟု ဦးအောင်မောင်း ပယ်ချခံရခြင်းနှင့်ပတ်သက်၍ NLD ကိုယ်စားလှယ်လောင်း ဦးဝင်းအောင်က ပြောသည်။

ပြည်ခိုင်ဖြိုးသည် လာမည့်ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး၌ တတိယမြောက် မဲဆန္ဒနယ်အများဆုံးဝင်ပြိုင်မည့်ပါတီဖြစ်သည်။ ကိုယ်စားလှယ်စုစုပေါင်း ၁၁၂၈ ဦးပါဝင်ရန် မူလကစာရင်းပေးထားသော်လည်း ကိုယ်စားလှယ်လောင်းတစ်ဦး ပယ်ချခံရပြီးနောက် အတည်ပြုကိုယ်စားလှယ်လောင်းစာရင်းနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးတာဝန်ရှိသူများထံမှ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

Show More

Related Articles

Back to top button