ရွေးကောက်ပွဲ

ရန်ကုန်နှင့် ပဲခူးရောက် ချင်းစစ်ရှောင် ၅၀၀ ကျော် မဲပေးခွင့်ရ 

ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် ဖြစ်ပွားနေဆဲဖြစ်သည့် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တိုက်ပွဲများကြောင့် ရန်ကုန်နှင့် ပဲခူးတိုင်းသို့ ရောက်ရှိနေကြသော စစ်ဘေးရှောင်များအနက် ၅၆၀ ကျော် မဲပေးခွင့်ရလိမ့်မည်ဟု စစ်ရှောင်စခန်း တာဝန်ရှိသူများက ပြောသည်။

ရန်ကုန်တိုင်း လှည်းကူးနှင့် မှော်ဘီမြို့နယ်ရှိ စစ်ရှောင်စခန်းနှစ်ခု၊ ပဲခူးတိုင်း အင်းတကော်မြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုတို့တွင် စစ်ဘေးရှောင်ပြည်သူ ၁,၂၀၀ ခန့်ရှိကာ အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူ ၈၀၉ ဦးရှိသည်။ 

“တော်တော်များများမဲပေးခွင့်ရတာ ကံကောင်းတာပေါ့ဗျာ။ မရတဲ့သူတချို့ကလည်း ၈ လပိုင်း ၁၂ ရက် နောက်ပိုင်းမှ ရောက်တဲ့သူတွေ ဖြစ်နေကြတော့ ဘယ်လိုမှ လုပ်ပေးလို့မရတော့ဘူးလေ” ဟု စစ်ရှောင်စခန်းတာဝန်ခံတစ်ဦးဖြစ်သူ ကိုမောင်အောင်သိန်းက ပြောသည်။

ယင်းစစ်ဘေးရှောင် ၈၀၀ ကျော်အနက် ၅၆၄ ဦးမှာ လက်ရှိနေထိုင်ရာ စစ်ဘေးရှောင်စခန်းများသို့ ဩဂုတ် ၁၂ မတိုင်မီ ရောက်ရှိခဲ့ကြသူများဖြစ်သဖြင့် သက်ဆိုင်ရာ မဲဆန္ဒနယ်များ၏ မဲစာရင်းတွင် ပါဝင်ရန် လျှောက်ထားနိုင်ခဲ့ကြသည်။  

သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ၏ ပုဒ်မ ၁၀ အရ အနည်းဆုံး ရက်ပေါင်း ၉၀ ထက်မနည်း မဲဆန္ဒနယ်ပြင်ပရောက်နေသူများသည် ၎င်းတို့၏အမြဲတမ်းနေရပ်သို့ သွားရောက်မဲမပေးနိုင်ပါက ၎င်းတို့ရောက်ရှိနေသော မဲဆန္ဒနယ်တွင် မဲပေးနိုင်ရေး ပုံစံ (၃-က) ဖြင့် လျှောက်ထားနိုင်သည်။ 

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ဝက်အင်းပေါက်‌ကျေးရွာအနီးရှိ မြိုတိုင်းရင်းသား စစ်ရှောင်စခန်းတွင် စစ်ရှောင် ၁,၀၀၉ ဦးရှိပြီး ၂၀၁၉ ဒီဇင်ဘာမှစ၍ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ 

အဆိုပါစစ်ရှောင်စခန်းတွင် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်နှင့် အမ်းမြို့နယ်များမှ မြိုတိုင်းရင်းသားအများစုနှင့် ချင်းတိုင်းရင်းသား စစ်ရှောင်များ နေထိုင်ကြသည်။

အဆိုပါ စစ်ရှောင်စခန်းတွင် မဲပေးခွင့်ရရှိသူ ၄၆၀ ဦးရှိပြီး ကျန်သည့် ၂၄၅ ဦးမှာ စာရင်းပေးရန် ပျက်ကွက်သူများနှင့် စခန်းသို့ရောက်ရှိသည်မှာ ရက်ပေါင်း ၉၀ မပြည့်ကြသေးသူများဖြစ်သည်ဟု ကိုမောင်အောင်သိန်းက ပြောသည်။

ထို့အပြင် ဝက်အင်းပေါက်စစ်ရှောင်စခန်းသို့ ဇူလိုင် ၁ တွင် ရောက်ရှိခဲ့ပြီး နေရာမလုံလောက်သဖြင့် ဩဂုတ်လကုန်တွင် ပဲခူးတိုင်း အင်းတကော်မြို့နယ်ရှိ စစ်ရှောင်စခန်းသို့ ပြောင်းရွှေ့သွားသူများအနက် အသက် ၁၈ နှစ် ပြည့်ပြီးသူ ၃၀ ဦးမှာလည်း ဝက်အင်းပေါက်စခန်းရှိ စစ်ရှောင်များနှင့်အတူတူ မဲပေးခွင့်ရရှိမည်ဟု ၎င်းက ဆိုသည်။ 

“ဘယ်သူ့ကိုမဲပေးရမယ်ဆိုတာကတော့ ကိုယ့်အပေါ်ကောင်းတဲ့သူကိုပေးမယ်၊ ကိုယ့်အပေါ်မကောင်းတဲ့သူကို မပေးဘူးဗျာ” အင်းတကော်စစ်ရှောင်စခန်းမှ ကိုမောင်လေးက Myanmar Now ကို ပြောသည်။ 

ကိုမောင်လေးသည် ရခိုင်ပြည်နယ် အမ်းမြို့နယ် မင်္ဂလာဒုံကျေးရွာမှ ချင်းတိုင်းရင်းသားဖြစ်ပြီး ၎င်းတို့ရွာအနီး တိုက်ပွဲဖြစ်ပွားခြင်း၊ လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းနှင့် စားဝတ်နေရေးခက်ခဲခြင်းတို့ကြောင့် ဇွန်လတွင် ရန်ကုန်သို့ ထွက်ပြေးလာခြင်းဖြစ်သည်။

ထို့အပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ထွက်ပြေးတိမ်းရှောင်လာပြီး မှော်ဘီမြို့နယ် စာဖြူစု‌ကျေးရွာအနီးသို့ ဧပြီလကတည်းက ရောက်ရှိနေသည့် ခူမီးချင်းတိုင်းရင်းသား ၁၃၅ အနက် အသက်ပြည့်ပြီးသူ ၇၄ ဦးမှာလည်း မဲစာရင်းတွင် ပါဝင်ပြီးဖြစ်သည်ဟု စခန်းတာဝန်ခံ ကိုထွန်းဘဲက ပြောသည်။ 

နိုဝင်ဘာ ၈ တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဟု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားရာ အချိန်တစ်လခန့်သာ ကျန်ရှိသည်။ 

Show More

Related Articles

Back to top button