
မိမိ၏အမျိုးအဆွေအတွက် အာမခံနိုင်ပြီး မေးမြန်းစုံစမ်း၍ရသည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ယနေ့ (အောက်တိုဘာ ၉) နေပြည်တော်မဲဆွယ်စည်းရုံးရေးတွင် ပြောကြားခဲ့သည်။
“ကျွန်တော့်ဇနီး၊ သား၊ သမီးတွေ ဒီလိုလူတွေဟာ စီးပွားရေးသောင်းကျန်းနေတဲ့လူတွေလား။ အခွင့်အရေးတွေ မတရားယူထားတဲ့လူတွေလား။ ဘယ်လိုသွေးမျိုးတွေပါနေသလဲ။ ကုလားတွေပါနေသလား၊ တရုတ်တွေပါနေသလား စသည်အားဖြင့်ပေါ့နော်”ဟု နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်း မဲဆွယ်စည်းရုံးရေးဆင်းရာတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက ပြောကြားခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်အမတ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၎င်း၏ မဲဆန္ဒနယ်အတွင်းရှိ သက်နှင်းအင်းကျေးရွာအုပ်စု၊ သစ်တပ်ကလေးကျေးရွာတွင် ယနေ့နံနက်ပိုင်းက မဲဆွယ်စည်းရုံးရေးဆင်းခဲ့သည်။
အဆိုပါ မဲဆွယ်ဟောပြောပွဲတွင် မည်သို့မဲပေးရမည်ကို ရုပ်ပုံကားချပ်များဖြင့်ရှင်းပြခဲ့ပြီး ပြည်ခိုင်ဖြိုး ပါတီအမှတ်တံဆိပ်နှင့် ဦးသန်းဌေးအမည်ဖော်ပြထားသောအကွက်တွင် ဆန္ဒမဲပေးသည့် တံဆိပ်တုံးကို မည်သို့ ရိုက်နှိပ်ရမည်ကိုလည်း ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးက တက်ရောက်လာသူများကို ရှင်းပြခဲ့သည်။
ကိုဗစ်နိုင်တင်းကာလအတွင်း ယခုကဲ့သို့လာရောက်မဲဆွယ်ရသည်မှာ စိတ်မချမ်းသာသော်လည်း ယှဉ်မပြိုင်ရဲဟု ထင်မြင်ခံရမည်ကို စိုးကြောင်းလည်း မဲဆွယ်ပွဲအပြီးတွင် ဦးသန်းဌေးက ပြောခဲ့သည်။
“ကိုယ့်ကိုယ်ကို မယုံကြည်လို့၊ ရှုံးမှာစိုးလို့လို့ တစ်ဖက်က ဒီလိုတွေ ပြန်ပြန်ပြောတယ်။ မဟုတ်ဘူး အသင့်” ဟု ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းက ဆိုသည်။
လူစုလူဝေးဖြင့် မဲဆွယ်လှုပ်ရှားမှုများကို ရပ်တန့်ရန် ပါတီဝင်များကို ကိုယ်တိုင်ညွှန်ကြားသည့် ဦးသန်းဌေးက ဟောပြောပွဲတက်ရောက်လာသည့် လူ ၅၀ ခန့်သာ ၎င်း၏မဲဆွယ်မှုအတွင်း အကျုံးဝင်သည်ဟု ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက လူအင်အားပြမဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုများ ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ထားပြီး ကိုဗစ်နိုင်တင်းကာလတွင် ရွေးကောက်ပွဲနိုင်လည်း စိတ်ချမ်းမြေ့စရာမရှိဘူးဟု ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက စက်တင်ဘာ ၁၆ ရက်တွင် အင်တာနက်လူမှုကွန်ရက်မှတဆင့် ပြောကြားထားသည်။

“ကိုဗစ်ကို နိုင်အောင်မလုပ်နိုင်ဘဲ ရွေးကောက်ပွဲနိုင်ခဲ့မယ်ဆိုရင်လည်း ဘယ်လိုပဲနိုင်နိုင် တကယ့်အောင်နိုင်မှုမဖြစ်နိုင်ဘဲ အလဲလဲအပြိုပြို ပြည်သူလူထုကြီးနဲ့ ဒယိမ်းဒယိုင်နိုင်ငံကြီးမှာ အောင်လံစိုက်ရမှာဖြစ်တဲ့အတွက် စိတ်ချမ်းမြေ့စရာ မရှိလောက်ပါဘူးခင်ဗျာ” ဟု ၎င်းက ပြောသည်။
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် တပ်မတော်၊ တပ်ရင်း၊တပ်ဖွဲ့များစွာအခြေစိုက်သည့် နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် ဝင်ပြိုင်မည်ဖြစ်ပြီး အဆိုပါမဲဆန္ဒနယ်တွင် ဦးသန်းဌေး၏ အိဓိကပြိုင်ဘက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ဒေါက်တာမိုးဆွေ ဖြစ်သည်။
တပ်မတော်အစိုးရလက်ထက်တွင် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်ခဲ့ဖူးသည့် ဦးသန်းဌေးသည် စစ်အစိုးရက ဦးစီးကျင်းပသည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း မြန်အောင်မြို့နယ်၌ ဝင်ရောက်အရွေးချယ်ခံကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သည်။
အဆိုပါရွေးကောက်ပွဲအပြီး သမ္မတဦးသိန်းစိန်လက်ထက် ပြည်ခိုင်ဖြိုးအစိုးရအဖွဲ့တွင် စွမ်းအင်ဝန်ကြီးအဖြစ် ၂၀၁၁ မှ ၂၀၁၃ အထိ၊ ရထားပို့ဆောင်ရေးဝန်ကြီးအဖြစ် ၂၀၁၃ မှ ၂၀၁၅ အထိ တာဝန်ယူခဲ့သည်။
NLD က အပြတ်အသတ်အနိုင်ရသည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဦးသန်းဌေးသည် ၎င်း၏ မဲဆန္ဒနယ်ဟောင်း မြန်အောင်မြို့နယ်၌ပင် ဝင်ရောက်ယှဉ်ပြိုင်ရာ NLD ကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ခဲ့သည်။
တပ်မတော်တွင် ဗိုလ်မှူးချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဦးသန်းဌေးသည် ၂၀၁၆ တွင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဖြစ်လာပြီးနောက် လာမည့်ရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်နေရာတွင် ယှဉ်ပြိင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။