ရွေးကောက်ပွဲ

မွန်ညီညွတ်ရေးပါတီက ရန်ကုန်တွင် ၆ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည် 

မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကို ပေါင်းစည်းဖွဲ့စည်းထားသည့် မွန်ညီညွတ်ရေးပါတီ (MUP) က ရန်ကုန်တိုင်းဒေသကြီးအတွင်း အမျိုးသားလွှတ်တော်တစ်နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် ၅ နေရာ စုစုပေါင်း ၆ နေရာအထိ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။ 

ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၂) နှင့် စမ်းချောင်း၊ သာကေတ၊ ရွှေပြည်သာ၊ ဒေါပုံနှင့် တောင်ဥက္ကလာပမြို့နယ်များတွင် တိုင်းဒေသကြီးလွှတ်တော် ၅ နေရာအတွက် မွန်ညီညွတ်ရေးပါတီက ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုယ်စားလှယ်လောင်း ၆၅ ဦးအထိ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လူမျိုးရေးစိတ်ဓာတ်ကြောင့် မဖြစ်မနေဝင်ပြိုင်ရသည့် နေရာများတွင် ရန်ကုန်ပါဝင်သည်ဟု ရန်ကုန်တိုင်းဒေသကြီး မွန်ညီညွတ်ရေးပါတီ အတွင်းရေးမှူး မင်းဗညားဦးက ပြောသည်။ 

“ရန်ကုန်က အရင်ကတည်းက ကျွန်တော်တို့ ဒေသပဲလေ။ တကယ်တမ်းဆို ကျွန်တော်တို့က ဧည့်သည်မဟုတ်ဘူး။ ကျွန်တော်တို့ လာပြိုင်တာပဲ ထူးထူးဆန်းဆန်းဖြစ်နေတာ၊ အမှန်က ထူးဆန်းစရာမဟုတ်ဘူး၊ ဒါ ကျွန်တော်တို့ရဲ့အိမ်၊ ကျွန်တော်တို့နေတဲ့ဒေသ အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာသွားရတာပါ” ဟု ၎င်းက ပြောသည်။ 

မွန်နိုင်ငံရေးပါတီနှစ်ခုပေါင်းစည်းထားသည့် မွန်ညီညွတ်ရေးပါတီသည် မွန်ပြည်နယ်တွင် သထုံနှင့် ဘီးလင်းမြို့နယ်မှလွဲ၍ မဲဆန္ဒနယ် ၃၅ အထိ ဝင်ပြိုင်မည်ဖြစ်ပြီး ကရင်ပြည်နယ်တွင် ၁၂ နေရာ၊ တနင်္သာရီတိုင်းတွင် ၁၀ နေရာ၊ ရန်ကုန်တိုင်းတွင် ၆ နေရာနှင့် ပဲခူးတိုင်းတွင် ၂ နေရာ စုစုပေါင်း မဲဆန္ဒနယ် ၆၅ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။  

(သရုပ်ဖော်ပုံ – မိုးထက်လျှမ်း/ Myanmar Now) 

ရန်ကုန်တိုင်းဒေသကြီးတွင် မွန်လူမျိုးများအတွက် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်နေရာ မရရှိခြင်းသည် ရွေးကောက်ပွဲဝင်ပြိုင်ရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုဖြစ်ကြောင်း ရွှေပြည်သာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) တွင် မွန်ညီညွတ်ရေးပါတီကိုယ်စားပြု ဝင်ပြိုင်မည့် မိကျိုက်စောက ပြောသည်။ 

“တိုင်းရင်းသားအရေးလုပ်မယ်ဆိုရင် လွှတ်တော်ထဲမှာ တိုင်းရင်းသားပေါင်းစုံရှိနေဖို့ လိုမယ်ဆိုတဲ့အချက်ကို သိလာတယ်။ မွန်လူမျိုးတွေ လှုပ်ရှားမှုလုပ်ဖို့နေရာ လိုအပ်တယ်ဆိုတာကို သိလာတယ်။ အဲ့လိုအချက်တွေကြောင့် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။ 

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ရခိုင်နှင့် ကရင်တိုင်းရင်းသားကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်ရှိသော်လည်း သန်းခေါင်စာရင်းပါ လူဦးရေအတွက် ပြည့်မီခြင်းမရှိသည့်အတွက် မွန်တိုင်းရင်းသားကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် မရှိပေ။ 

ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုင်းရင်းသားလူမျိုးတစ်မျိုးသည် နိုင်ငံလူဦးရေ ၏ သုည ဒသမ ၁ ရာခိုင်နှုန်းအထက်ရှိပါက ထိုတိုင်းရင်းသားများကို ကိုယ်စားပြုမည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦးကို ရွေးချယ်တင်မြှောက်နိုင်ပြီး တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ခန့်အပ်နိုင်သည်။ 

အသက် ၃၁ နှစ်အရွယ် အမျိုးသမီးကိုယ်စားလှယ်လောင်း မိကျိုက်စောသည် မွန်ညီညွတ်ရေးပါတီထူထောင်သည့် ၂၀၁၉ ခုနှစ်အတွင် ပါတီဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး အသက် ၅ နှစ်အရွယ်တွင် ရန်ကုန်သို့ မိသားစုလိုက် ပြောင်းရွှေ့နေထိုင်ခဲ့သည်ဟု ဆိုသည်။ 

မွန်ညီညွတ်ရေးပါတီ (MUP) ကိုယ်စားပြုကာ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်တွင် ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း မိကျိုက်စော။  (ဓာတ်ပုံ – မိကျိုက်စော Facebook) 

“ကျွန်မတို့က ဖက်ဒရယ်ပေါ့နော်။ ဖက်ဒရယ်အစစ်ကို ရချင်လို့ပါ” ဟု ရန်ကုန်တွင် မွန်ညီညွတ်ရေးပါတီကိုယ်စားပြုကာ ရွေးကောက်ပွဲဝင်ပြိုင်ရသည့် အကြောင်းနှင့်ပတ်သက်၍ မိကျိုက်စောက ပြောသည်။ 

မွန်ညီညွတ်ရေးပါတီက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝင်ရောက်ယှဉ်ပြိုင်ခြင်းသည် တိုင်းရင်းသား ကိုယ်ပိုင်လက္ခဏာဖော်ပြရန် ဝင်ပြိုင်ခြင်းသာ ဖြစ်နိုင်‌ကြောင်း တိုင်းရင်းသားအရေးနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်သူ ဦးမောင်မောင်စိုးက မှတ်ချက်ပြုသည်။

“သူတို့ တိုင်းရင်းသား ကိုယ်ပိုင်လက္ခဏာ ဖော်ပြဖို့ ဝင်ပြိုင်တာ ဖြစ်ပါလိမ့်မယ်။ ရွေးကောက်ပွဲတွေမှာ နိုင်တာ၊ မနိုင်တာကို ဝင်ပြိုင်သူတွေက သိပ်အလေးမထားကြဘူးဗျ။ ဝင်ပြိုင်တဲ့သူတွေက သူတို့ရဲ့ အမှတ်အသားလက္ခဏာကို ထင်ပေါ်စေချင်တာကြောင့် ဝင်ပြိုင်တာလည်းရှိပါတယ်” ဟု ၎င်းက ပြောသည်။

မွန်နိုင်ငံရေးပါတီများအကြား သဘောထားကွဲလွဲမှုကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် ရှုံးနိမ့်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် မွန်နိုင်ငံရေးအင်အားစုများ၊ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ကို ပေါင်းစည်းပြီး မွန်ညီညွတ်ရေးပါတီကို ထူထောင်ခဲ့ခြင်းဖြစ်သည်။

မွန်နိုင်ငံရေးပါတီများကို ပေါင်းစည်းထားသည့် မွန်ညီညွတ်ရေးပါတီဥက္ကဋ္ဌမှာ နိုင်တင်အောင်ဖြစ်ပြီး မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပါတီဌာနချုပ်တည်ရှိသည်။ ပါတီဝင်အင်အား တစ်သိန်းကျော်ရှိသည့် မွန်ညီညွတ်ရေးပါတီ၏ အလံနှင့် အထိမ်းအမှတ်တံဆိပ်မှာ အဖြူရောင်ကြယ်ပွင့်နှင့် ရွှေဝါရောင်ဟင်္သာရုပ်ဖြစ်သည်။ 

မွန်နိုင်ငံရေးပါတီများပေါင်းစည်းရာတွင် မွန်အမျိုးသမီးပါတီက ပါဝင်ခဲ့ခြင်းမရှိသော်လည်း ရွေးကောက်ပွဲတွင် မွန်ပါတီအချင်းချင်း ထိပ်တိုက်တွေ့မှုကို ရှောင်ရှားနိုင်ရန် မွန်ညီညွတ်ရေးပါတီဝင်ပြိုင်ခြင်းမရှိသည့် ဧရာဝတီတိုင်းဒေသကြီးတွင် မွန်အမျိုးသမီးပါတီက ဝင်ရောက်ယှဉ်ပြိုင်ထားသည်။ 

မွန်ညီညွတ်ရေးပါတီ၏ နိုင်ငံရေးမူဝါဒ ၇ ရပ်အနက် နံပါတ် (၁) မှာ တစ်နိုင်ငံအတိုင်းအတာဖြင့် ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ပြီး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသော လူမျိုးကို အခြေခံဖွဲ့စည်းသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ထောင်ရန်ဖြစ်သည်။  

Show More

Related Articles

Back to top button