
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကိုယ်စားပြုပြီး မန္တလေးတိုင်း သာစည်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ရွေးကောက်ယှဉ်ပြိုင်မည့် ဦးအောင်ဇင်လင်းထိုက်ကို ဖခင်ဖြစ်သူ၏ နိုင်ငံသားအထောက်အထား မပြနိုင်၍ဟုဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းစာရင်းမှ ပြန်လည်ပယ်ဖျက်လိုက်သည်။
ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိသူများတွင် ပုဒ်မ ၁၀ ပုဒ်မခွဲ (င) က ဖွင့်ဆိုထားသည့် မိဘနှစ်ပါးနိုင်ငံသားဖြစ်ခြင်းဆိုင်ရာအကြောင်းအရာနှင့် ငြိစွန်းနေသောကြောင့် ဖြစ်သည်ဟု မိတ္ထီလာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ အောက်တိုဘာ ၂ ရက်စွဲပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (င) တွင် “မွေးဖွားစဉ်က နိုင်ငံသားမဖြစ်သေးသော မိဘတစ်ပါးပါးမှဖြစ်စေ၊ နှစ်ပါးလုံးမှဖြစ်စေ မွေးဖွားသည့် နိုင်ငံသား” တို့မှာ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေရဟု ပြဋ္ဌာန်းထားသည်။
ပယ်ချခံရသူ ဦးအောင်ဇင်လင်းထိုက်၏ ကိုယ်စားလှယ်လောင်းအချက်အလက်များအရ ၎င်းသည် လူမျိုးနေရာတွင် တရုတ်-ဗမာ ဟု ဖြည့်စွက်ထားသည်။
ကိုယ်စားလှယ်လောင်းအဖြစ်မှ ထိုသို့ ပြန်လည်ပယ်ချခံရသည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ အသနားခံစာ တင်ထားသည်ဟု ဦးအောင်ဇင်လင်းထိုက်က Myanmar Now ကို ပြောသည်။
ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုခံရပြီးမှ ပြန်လည်ပယ်ချခံရခြင်းအပေါ် အသေးစိတ်သဘောထားမှတ်ချက်ပေးရန်မူ ၎င်းက ငြင်းဆိုသည်။
မိတ္ထီလာခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမျိုးမင်းထိုက်ကမူ သာစည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ ထောက်ခံမှုကြောင့် ကနဦးအဆင့်တွင် ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်ဟု Myanmar Now ကို ပြောသည်။
“ကျွန်တော်တို့ကတော့ သူ့အခွင့်အရေး ဆုံးရှုံးမှာစိုးလို့ဆိုပြီး တင်ပေးလိုက်တာပေါ့။ ခရိုင်လဝက က စိစစ်ပြီးတော့ UEC ကို ကန့်ကွက်တာ။ သူမွေးဖွားတဲ့အချိန်မှာ သူ့အဖေက နိုင်ငံသားမဖြစ်သေးပါဘူးဆိုပြီး” ဟု ဦးမျိုးမင်းထိုက်က ပြောသည်။
ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီးသူကိုပင် အထက်ပါဥပဒေအရ ပြန်လည်ပယ်ချနိုင်သဖြင့် ဦးအောင်ဇင်လင်းထိုက်အနေဖြင့် ဖခင်ဖြစ်သူ၏ နိုင်ငံသားအထောက်အထားမပြနိုင်လျှင် ၎င်း၏ ရွေးကောက်ခံပိုင်ခွင့်မှာ ဖြစ်နိုင်ခြေ နည်းသွားပြီဖြစ်သည်ဟုလည်း ဦးမျိုးမင်းထိုက်က ဆိုသည်။
“အခု ပြနိုင်ရင်လည်း မဲလက်မှတ်တွေ ပြန်ပြင်ရိုက်ဖို့က အချိန်လိုတာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ ကိုယ်စားလှယ်လောင်းတစ်ဦး ပယ်ချခံရသည့်အတွက် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး၌ ကိုယ်စားလှယ်လောင်း ၂၃၄ ဦး ရွေးကောက်ယှဉ်ပြိုင်မည့် ပြည်သူ့ရှေ့ဆောင်ပါတီအတွက် တစ်နေရာလျော့၍ ယှဉ်ပြိုင်ရတော့မည်ဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ၏ ဒုဥက္ကဋ္ဌ (၂) ဦးကျော်ဇေယျက Myanmar Now ကို ပြောသည်။
“ဒီလိုကိစ္စမျိုး ပေါ်ပေါက်လာရင် (ကိုယ်စားလှယ်လောင်း) ပြန်လည်လဲလှယ်နိုင်ဖို့ အခွင့်အရေးရှိသင့်တယ်။ နောင်မှာ ဥပဒေပြင်သင့်တာပေါ့” ဟု ဦးကျော်ဇေယျက မှတ်ချက်ပြုသည်။