
၁၀၂၇ စစ်ဆင်ရေးနှင့်အတူ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး နွေဦးတော်လှန်ရေး၏ ထူးခြားသော အလှည့်အပြောင်းမှာ မြို့သိမ်းတိုက်ပွဲများ အစီအရီပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယခုအခါ မြို့ကြီးမြို့ငယ်ပေါင်း ၂၀ ခန့်ကို သိမ်းပိုက်ထားနိုင်ပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားပေါင်းစုံ တော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားပါသည်။
နွေဦးတော်လှန်ရေးသည် အဆင့်တစ်ခုကို တက်လှမ်းနိုင်ခဲ့ပြီဟု တော်လှန်ရေးအင်အားစုများက ယုံကြည်ထားကြသလို၊ တော်လှန်ရေးအဆင့်တစ်ခု တက်တိုင်း၊ ရှေ့တွင် စောင့်ကြိုနေသော စိန်ခေါ်မှု ခေါ် အခက်အခဲအများအပြားကို မလွဲဧကန် ရင်ဆိုင်ဖြတ်ကျော်ရမည် ဖြစ်သည်။
မြို့သိမ်းတိုက်ပွဲများနှင့်အတူ အကြီးမားဆုံးစိန်ခေါ်မှုမှာ ထိုမြို့ကို စွန့်ခွာသွားသော စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများ နေရာတွင် အရပ်ဘက်အုပ်ချုပ်ရေးယန္တရားဖြင့် အလျင်အမြန်အစားထိုး ထိန်းချုပ်သွားနိုင်ရေးပင် ဖြစ်သည်။
တစ်နည်းဆိုရလျှင် မြို့သိမ်းတိုက်ပွဲများကြောင့် ဖြစ်ပေါ်လာနိုင်သော အာဏာလေဟာနယ် (Power Vacuum) မဖြစ်ပေါ်စေရန်နှင့် မြို့လူထု၏ စည်းစိမ်းဥစ္စာအကျိုးစီးပွားများကို ကြိုးပမ်းကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရသည့် စိန်ခေါ်မှု ဖြစ်သည်။
မြေပြင်တွင် စိန်ခေါ်မှုများသည် သာမန်မျှ မဟုတ်ဘဲ ရှုပ်ထွေးပါလိမ့်မည်။ တော်လှန်ရေးအင်အားစုများက မြို့များကို သိမ်းပိုက်နိုင်သော်လည်း၊ စစ်ကောင်စီသည် ညှာတာစိတ်ကင်းမဲ့စွာ အရပ်သားများ၏ လူနေအိမ်များအပေါ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများနှင့် အဝေးပစ်လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ အချိန်မရွေး လုပ်ဆောင်နိုင်ပြီး၊ လက်တွေ့လည်း ကြုံတွေ့နေရပါသည်။

လွန်ခဲ့သော ၂ နှစ်ခွဲအတွင်း ကျေးရွာအမြောက်အမြားကို မီးရှို့ဖျက်ဆီးခဲ့သော အကြမ်းဖက်စစ်တပ်သည် ယခုအခါ မြို့များပါ ရှုံးနိမ့်လာသည့်အခါ ၎င်းတို့ စွန့်လွှတ်ခဲ့ရသော မြို့များကို မြို့ပျက်များဖြစ်သွားသည်အထိ နည်းမျိုးစုံဖြင့် ဖျက်ဆီးနိုင်ပါသည်။ ချင်းပြည်နယ် ထန်တလန်မြို့ကဲ့သို့ ဖျက်ဆီးခဲ့သော သာဓကများလည်း ရှိခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး ဧရာဝတီမြစ်ကမ်းနဖူးက ထီးချိုင့်မြို့သည် ယခုအခါ ထန်တလန်ကဲ့သို့ မြို့ပျက်သွားပြီ ဖြစ်သည်။
ထို့ကြောင့် မြို့သိမ်းတိုက်ပွဲအလွန် တော်လှန်ရေးတပ်ပေါင်းစုများသည် သိမ်းပိုက်ရရှိသည့်မြို့ကို စစ်ကောင်စီ၏ ဖျက်ဆီးခြင်းရန်မှ ပြန်လည်ကာကွယ်ရသည့် မျက်နှာစာသို့ ဦးလှည့်ပြန်ရပါလိမ့်မည်။ ထိုအခါ မြို့နှင့် မြို့နေလူထုကို ကာကွယ်ရသည့် တာဝန်များက ပို၍ ကြီးလေးလာပါလိမ်မည်။
မြန်မာနိုင်ငံ၏ လက်ရှိပကတိအခြေအနေသည် ယခင်က ကြုံတွေ့ဖူးခြင်းမရှိခဲ့သော အခြေအနေသစ်ဆီ ဦးတည်လျက်ရှိပြီး တော်လှန်ရေးအင်အားစုများအတွက် မြေပြင်တွင် လက်တွေ့ရင်ဆိုင်ရမည့် စိန်ခေါ်မှုများက အသစ်ဖြစ်နေနိုင်ပါသည်။သို့သော် နွေဦးတော်လှန်ရေး ယနေ့အချိန်ထိ လျှောက်လှမ်းနိုင်ခဲ့သော အားသာချက်မှာ တော်လှန်ရေးအင်အားစုများကို ပြည်တွင်းက ပြည်သူတစ်ရပ်လုံးသာမက နိုင်ငံတကာတွင် ရောက်ရှိနေကြသော သန်းနှင့်ချီသည့် အဝေးရောက်မြန်မာနိုင်ငံသားများ၏ ထောက်ခံမှုနှင့် ဒေါ်လာသန်းရာကျော် ငွေကြေးထောက်ပံ့မှုများကြောင့် ဖြစ်သည်။
သို့သော် ၁၉၆၂ ခုနှစ်မှ စတင်ခဲ့သော စစ်တပ်ကြီးစိုးချုပ်ကိုင်ထားသည့် မြန်မာနိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည်အစိုးရသက်တမ်း ၅ နှစ်ကာလ အခိုက်အတန့် အာဏာထိုင်ခုံမှ ဖယ်ပေးခဲ့ရသည်ကလွဲလျှင် လွန်ခဲ့သော နှစ်ပေါင်း ၆၁ အတွင်း စစ်အုပ်ချုပ်ရေးတစ်လှည့်၊ အရပ်သားအစိုးရအသွင်တစ်လှည့် နိုင်ငံအာဏာကို ချုပ်ကိုင်စိုးမိုးထားခဲ့သော ရှည်လျားသည့်သမိုင်းနောက်ခံကြောင့် မြန်မာစစ်တပ် စစ်ရှုံးခြင်းကို “ကျရှုံးနိုင်ငံ” (Failed State) ဖြစ်ခြင်းနှင့် ညီမျှခြင်းချ သုံးသပ်မှုများ နိုင်ငံတကာအသိုက်အဝန်းဘက်မှ တရားသေတွက်ဆထားခဲ့ကြသည်။

ကျရှုံးနိုင်ငံ ဖြစ်နိုင်ခြေမြင့်မားလာခြင်းအပေါ် နိုင်ငံတကာစိုးရိမ်မှုများ
နိုဝင်ဘာလ ၂၈ ရက်နေ့က အမေရိကန်နိုင်ငံ၏ ဩဇာအရှိဆုံး သတင်းစာကြီးဖြစ်သော The Washington Post ၏ အယ်ဒီတာဘုတ်အဖွဲ့သည် လက်ရှိမြန်မာအရေးအပေါ် ၎င်းတို့၏ အမြင်သဘောထားကို Myanmar’s junta is losing. The U.S. should prepare for its collapse. ခေါင်းစဉ်ဖြင့် ရှားရှားပါးပါး ရေးသားခဲ့သည်။
“နိုင်ငံ၏တစ်ခုတည်းသော တရားဝင်ဒီမိုကရေစီလိုလားသော အင်အားစုဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဆွေးနွေးစကားပြောရန် အချိန်လိုအပ်နေသေးသည် ဆိုငြားလည်း စစ်ကောင်စီ ပြိုလဲလျှင် ဖြစ်ပေါ်လာမည့် အရာများအတွက် ကမ္ဘာကြီးက စတင်စဉ်းစားပြင်ဆင်ရန် လိုအပ်ပါလိမ့်မည်” ဟု ဆောင်းပါးကို အစပြုထားပါသည်။
“စစ်တပ်သည် အားနည်းနေပြီ၊ ထပ်ပြီးဖိအားပေးလိုက်လျှင် ပြိုလဲသွားနိုင်သည်။ ထိုကဲ့သို့ဖြစ်လာလျှင် ဝရုန်းသုန်းကားအခြေအနေတစ်ခုဆီ ဦးတည်သွားနိုင်ပြီး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့အားပြိုင်နေသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသည် ဒေသအသီးသီးကို ထိန်းချုပ်လာပြီး၊ အာဏာဗဟိုချက်တွင် လေဟာနယ်ဖြစ်ပေါ်လာလိမ့်မည်။” ဟု WP အယ်ဒီတာအဖွဲ့က သုံးသပ်ထားသည်။
တရုတ်နိုင်ငံသည် မြန်မာနယ်စပ်တစ်လျှောက် စစ်ရေးလေ့ကျင့်နေမှုများကို ထောက်ပြလျက် ၎င်းနှင့်ကပ်လျက် နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် ဝင်ရောက်ထိန်းချုပ်လာနိုင်သည်ဟု သုံးသပ်ထားပြီး၊ အဆိုးရွားဆုံးအခြေအနေမှာ ကျရှုံးနိုင်ငံ (Failed State) ဖြစ်သွားနိုင်ကာ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုများ ပိုမိုကြီးထွားလာလိမ့်မည်ဟု ဖော်ပြထားသည်။
အဆိုပါ အခြေအနေကို တားဆီးနိုင်ရန် အမေရိကန်အစိုးရအနေဖြင့် ယခုပင် NUG ၏ ကိုယ်စားလှယ်များနှင့် လေးလေးနက်နက် ဆွေးနွေးညှိနှိုင်းမှုများ စတင်ရန် ပြင်ဆင်သင့်ပြီဟု WP အယ်ဒီတာအဖွဲ့က တိုက်တွန်းထားသည်။

နိုဝင်ဘာ ၂၉ ရက်နေ့တွင် ဝါရှင်တန်စစ်တက္ကသိုလ်မှ ပါမောက္ခ Zachary Abuza က Time to start planning postwar future of Myanmar’s military ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးသားပြီး နိုင်ငံတကာအသိုက်အဝန်းကို အောက်ပါအတိုင်း တိုက်တွန်းထားသည်။
“နိုင်ငံတကာက ဒီမိုကရေစီအင်အားစုများကို အသွင်ကူးပြောင်းရေးကာလအစီအစဉ်အတွက် စတင်ကူညီသင့်ပါပြီ။ စစ်တပ်ပြိုကွဲမည်လား သို့တည်းမဟုတ် သဘောတူညီချက်တစ်ခုကို ညှိနှိုင်းစေ့စပ်ဆွေးနွေးမည်လား မည်သည့်အရာဖြစ်လာပါစေ မြန်မာနိုင်ငံ၏ လိုအပ်ချက်က အင်မတန်ကြီးမားပါလိမ့်မည်။ တလွဲစီမံခန့်ခွဲမှုကြောင့် စီးပွားရေးအပြင်းအထန်ကျဆင်းမှုမှ ပြန်လည်ကုစားရန်၊ ဒီမိုကရေစီအင်စတီကျူးရှင်းများကို ပြန်လည်အစားထိုးရန်နှင့် ထိရောက်သော အုပ်ချုပ်မှုစနစ်ကို ပြန်လည်အသက်သွင်းရန် အကူအညီများ လိုအပ်ပါလိမ့်မည်” ဟု ထောက်ပြထားပါသည်။
“အရေးအကြီးဆုံး လုပ်ဆောင်သင့်သော အချက်မှာ မြန်မာ့လုံခြုံရေးအဖွဲ့အစည်းများကို လုံးဝပြုပြင်ပြောင်းလဲရေးအတွက် အစီအမံများရေးဆွဲခြင်းကို စတင်ရမည်…မြန်မာနိုင်ငံ ပြန်လည်တည်ဆောက်ရေးမှာ အလွန်ကြီးမားသော လုပ်ငန်းရပ်ဖြစ်ပြီး၊ စစ်တပ်ကို အသေအချာ ပြုပြင်ပြောင်းလဲမှု မလုပ်ဘဲ မဖြစ်နိုင်ပါ” ဟု ပါမောက္ခ Zachary Abuza က တိုက်တွန်းထားသည်။
အလားတူ နိုဝင်ဘာလ ၃၀ ရက်နေ့က အမေရိကန်အခြေစိုက် နိုင်ငံတကာဆက်ဆံရေးမူဝါဒဆိုင်ရာ ဦးဆောင်အဖွဲ့ကြီး Council on Foreign Relations ၏ အရှေတောင်အာရှရေးရာ အကြီးတန်းသုတေသီ Joshua Kurlantzick က The Myanmar Army Could Actually Collapse—But Are the United States and Other Powers Ready for Such a Scenario? ဆောင်းပါးဖြင့် မြန်မာစစ်တပ် ပြိုကွဲနိုင်ခြေနှင့် နောက်ဆက်တွဲ ဖြစ်ပေါ်နိုင်သော လက်နက်ကိုင်အဖွဲ့များ၏ ထိန်းချုပ်ထားသည့် နယ်မြေအသီးသီး ကွဲထွက်လာနိုင်ခြေ သို့မဟုတ် ကျရှုံးနိုင်ငံဖြစ်လာနိုင်ခြေကို သုံးသပ်ထားသည်။
“မြန်မာစစ်တပ်သည် အလျင်အမြန် အင်အားဆုံးရှုံးနေပြီး၊ စစ်တပ်အတွင်း ပြိုကွဲမှု သို့မဟုတ် တော်လှန်ရေးအင်အားစုများ၏ နောက်ထပ် ထိုးစစ်အောင်ပွဲများကြောင့် အခြားနိုင်ငံများတွင် တွေ့မြင်ခဲ့ဖူးသော စစ်တပ်ပြိုကွဲသွားခြင်းမျိုးအခြေအနေကို ဦးတည်နေပါသည်” ဟု ၁၀၂၇ စစ်ဆင်ရေးတွင် စစ်တပ်၏ အလျင်အမြန် စစ်ရှုံးနိမ့်နေမှုအပေါ် စောင့်ကြည့်လေ့လာပြီး Joshua Kurlantzick က သုံးသပ်ထားပါသည်။
“ထိုအခြေအနေကို NUG နှင့် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ကောင်းစွာကိုင်တွယ်နိုင်စွမ်းမရှိလျှင် နိုင်ငံတွင် အုပ်စုများစွာ ကွဲထွက်သွားပြီး၊ ဘုံရန်သူပျောက်ဆုံးလျက် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အလွယ်တကူ သေနတ်ပြောင်းဝလှည့်ကာ သွေးထွက်သံယိုမှုများသော ဝရုန်းသုန်းကားအခြေအနေတစ်ခု ဖြစ်စေနိုင်ကြောင်း” သတိပေးထားပါသည်။

နိုင်ငံတကာစိုးရိမ်သော ကျရှုံးနိုင်ငံမဖြစ်ရေး အာဏာလေဟာနယ်ကို စနစ်တကျ အစားထိုးရန်လို
၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှ ယနေ့အချိန်ထိ နွေဦးတော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထိန်းချုပ်နိုင်သော မြို့များထဲ ခရိုင်အဆင့် အကြီးဆုံးမြို့မှာ ကောလင်းမြို့ဖြစ်သည်။ ကောလင်းမြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ကောလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ ပူးပေါင်းတပ်ဖွဲ့များက လေးရက်ကြာတိုက်ခိုက်ပြီး နိုဝင်ဘာလ ၆ ရက်နေ့တွင် သိမ်းယူနိုင်ခဲ့သည်။
နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကောလင်း မြန်မာ့စီးပွားရေးဘဏ်မှ ငွေသားကျပ်သန်း ၉၀၀ ကျော်ကို ထိန်းသိမ်းထားကြောင်း NUG က ထုတ်ပြန်ကြေညာခဲ့သည်။
“ကျွန်တော်တို့က စနစ်တကျ သိမ်းဆည်းဖို့ ဆောင်ရွက်ရတာဖြစ်ပါတယ်။ ကျွန်တော်တို့ အဖွဲ့စုံနဲ့ ဒီနေရာကို သွားရောက်စိစစ်တယ်။ ပုဂ္ဂလိကဘဏ်တွေလည်း ကျွန်တော်တို့က ထိန်းသိမ်းရမည့်ပုံသဏ္ဌာန်မျိုးတွေရှိတယ်။ SOP (လုပ်ငန်းစီမံချက်) အတိုင်းပဲ မြေပြင်မှာရှိတဲ့ တာဝန်ရှိတဲ့သူတွေက စနစ်တကျထားရှိတဲ့ ပုံစံမျိုးပါ” ဟု NUG စီမံ/ဘဏ္ဍာဒုဝန်ကြီး ဦးမင်းဇေယျာဦးက ပြောသည်။
ထိုကဲ့သို့ ပြောခဲ့သည့်အတိုင်း နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကောလင်းမြို့ ပုဂ္ဂလိကဘဏ် ၅ ခုမှ ကျပ်ငွေ ၄၄ ဘီလီယံကျော်ကို ထပ်မံထိန်းသိမ်းခဲ့ကြောင်း NUG က ထပ်မံကြေညာခဲ့သည်။ မြို့၏ ဘဏ်များအားလုံးမှ ငွေများကို ကျပ်ပြား အတိအကျဖြင့် NUG ၏ ကြားကာလဗဟိုဘဏ်က မှတ်တမ်းတင် စာရင်းပြုစုထားပြီး နိုင်ငံပိုင်ဘဏ္ဍာနှင့် ပြည်သူ့အပ်နှံငွေများ နစ်နာဆုံးရှုံးမှု မရှိစေရန် စီမံခန့်ခွဲသွားမည်ဟု မြို့ကို ထိန်းချုပ်အပြီး တစ်လအတွင်း ကြေညာနိုင်ခြင်း ဖြစ်သည်။
ယခုအခါ NUG အစိုးရ၏ ထိန်းချုပ်မှုအောက် ရောက်ရှိနေသည်မှာ တစ်လနီးပါးရှိပြီဖြစ်သော ကောလင်းမြို့သည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားနေရာတွင် NUG ၏ ကြားကာလအုပ်ချုပ်ရေး အစားထိုးနိုင်စွမ်းကို ပထမဆုံး စမ်းသပ်လိုက်သောမြို့ ဖြစ်သည်။
စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ကင်းမဲ့သွားချိန် “ကျရှုံးနိုင်ငံ” ဖြစ်လာလေမည်လား ဆိုသည့် နိုင်ငံတကာ၏ စိုးရိမ်မှုကို ကနဦးအဖြေပေးလိုက်ခြင်း ဖြစ်ပြီး၊ ရှေ့လျှောက် မဆုံးနိုင်သော အလားတူစိန်ခေါ်မှုများက စောင့်ကြိုနေပါလိမ့်မည်။

သိမ်းပိုက်နယ်မြေများတွင် အရပ်ဘက်အုပ်ချုပ်ရေးအစားထိုးရန် နိုင်ငံတကာအကူအညီ အရေးပေါ်လိုအပ်
ယခုအခါ စစ်တပ်ပြိုလဲနိုင်ခြေကို မြင်တွေ့နေရပြီဖြစ်သော နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေကို ပြန်လည်သုံးသပ်ပြီး၊ စစ်တပ်ပြိုလဲချိန်ကို မစောင့်ဘဲ NUG ကို မြန်မာပြည်သူများအား ကိုယ်စားပြုသော တရားဝင်အစိုးရအဖြစ် ဆက်သွယ်အကူအညီပေးခြင်းက ၎င်းတို့စိုးရိမ်သကဲ့သို့ ကျရှုံးနိုင်ငံ ဖြစ်မသွားစေရန် ကာကွယ်ပေးသည့် အရေးပေါ်လုပ်ဆောင်ချက် ဖြစ်ပါလိမ့်မည်။
ပါမောက္ခ Zachary Abuza ထောက်ပြသကဲ့သို့ စစ်အာဏာရှင်စနစ်အလွန် မြန်မာနိုင်ငံ ပြန်လည်တည်ဆောက်ရေးမှာ အလွန်ကြီးလေးသော လုပ်ငန်းရပ်ကြီးဖြစ်သည်။ စစ်ကောင်စီလက်ထဲမှ မြို့များသိမ်းပိုက်နိုင်လာသည်နှင့်အမျှ အာဏာလေဟာနယ်မဖြစ်ပေါ်စေရန် ကြားကာလအရပ်ဘက်အုပ်ချုပ်ရေးကို လျင်လျင်မြန်မြန် အစားထိုးနိုင်ရန် လွန်စွာအရေးကြီးပြီး၊ အရင်းအမြစ်လွန်စွာနည်းပါးသော NUG အတွက် နိုင်ငံတကာအကူအညီ အရေးပေါ်လိုအပ်မည်မှာ ဧကန်မုချ ဖြစ်သည်။
ထို့ကြောင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေပါသည်ဟု အကြိမ်ကြိမ်အခါခါ ကြေညာချက်များ ထုတ်ပြန်နေသော ကုလသမဂ္ဂအဖွဲ့ကြီးနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံ ကျရှုံးနိုင်ငံဖြစ်တော့မည်လားဟု စိုးရိမ်ပြောဆိုနေမည့်အစား၊ ထိုသို့မဖြစ်စေရန် NUG နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ ထိန်းချုပ်လာနိုင်ပြီဖြစ်သော နယ်မြေဒေသများတွင် အရပ်ဘက်အုပ်ချုပ်ရေး လျင်မြန်စွာ အစားထိုးနိုင်ရန် လိုအပ်သော အရင်းအမြစ်များ အကူအညီပေးခြင်းက လူ့အသက်ပေါင်းများစွာကို လက်တွေ့အကာအကွယ်ပေးရာ ရောက်ပါလိမ့်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။