
ပဲခူးတိုင်း၊ ရေတာရှည်နှင့် ဝေါမြို့နယ်တို့တွင် ပျူစောထီးများက တပ်ဖွဲ့ဝင်သစ် ရှာဖွေစုဆောင်းရန် ကျေးရွာအုပ်ချုပ်ရေးမှူးများကို စေခိုင်းနေသည်ဟု ဒေသခံများနှင့် ယင်းနယ်မြေတွင် လှုပ်ရှားနေသည့် PDF တို့က ပြောသည်။
နေပြည်တော်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ထိုဒေသအတွက် လုံခြုံရေးပေးနိုင်ရေး အကြောင်းပြချက်ဖြင့် လူသစ်ရှာနေခြင်းဖြစ်သည်ဟုလည်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ပြည်သူ့စစ် ခေါ် ပျူစောထီးတို့က ရလာသည့် လူသစ်ကို သတင်းပေးအဖြစ်လည်းကောင်း၊ လမ်းပြအဖြစ်လည်းကောင်း စေခိုင်းကြလိမ့်မည်ဟု ထိုလုပ်ငန်းစဉ်အကြောင်း သိရှိသော ဒေသခံတစ်ဦးက ပြောသည်။
“အရင်က တပ်ထောက်ခံတဲ့သူတွေကို ပျူအနေနဲ့ သုံးတယ်၊ ခုက လူမရှိတော့ သတင်းပေးလမ်းပြတွေအတွက် ရွာခံတွေကို အင်းအားစတောင်းလာတာ” ဟု ရေတာရှည် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း ကျေးရွာတစ်ရွာတွင် နေထိုင်သော အဆိုပါ ဒေသခံက ပြောသည်။
PDF နှင့် တိုက်ပွဲဖြစ်နေသည့် မြစ်အရှေ့ခြမ်း အုပ်ချုပ်ရေးမှူးမရှိသည့် ကျေးရွာများတွင် ပျူစောထီးတို့ စည်းရုံးရေးဆင်းနေသဖြင့် အရွယ်ရောက်ပြီးသား အမျိုးသားအများအပြား ရှောင်တိမ်းနေကြသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ပျူတွေက သူတို့နဲ့ နီးစပ်တဲ့ လူငယ်တွေကို စစ်ကြောင်းထိုးတဲ့အချိန် စည်းရုံးတယ်၊ ခေါ်မရရင် အုပ်ချုပ်ရေးအဖွဲ့ဝင် ဟောင်းတွေကို လုံခြုံရေးအတွက် လူစုဖို့ ဖိအားပေးတယ်၊ အဲလိုပြောလာပြီဆိုရင် ယောက်ျားတွေက မြို့ပေါ်သွားကြတယ်၊ တောထဲသွားနေကြရတာပဲ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော အဆိုပါ အမျိုးသားက ပြောသည်။
အသက် ၄၀ ကျော်အရွယ် ဒေသခံ အမျိုးသားတစ်ဦးကလည်း ပျူစောထီးများက စစ်ကြောင်းထိုးမည့် စစ်တပ်အတွက် သတင်းထောက်လှမ်းပေးကြသည်၊ စစ်တပ်အထိုင်ချရာ နေရာများတွင် စစ်တပ်နှင့် အတူနေထိုင်ပြီး လက်နက်ကိုင်ထားကြသည်ဟု ပြောသည်။
“သူတို့ကို ထောက်ခံတဲ့ အင်အားကလည်း နည်းလာပြီ၊ အဲတော့ ဒေသခံတွေဘက် လှည့်လာတာ၊ ခုရွာတွေမှာ စစ်ဘေးရှောင်နေရတာနဲ့ အရွယ်ကောင်း အမျိုးသားတွေက ရွာမှာ မရှိတော့ဘူး။ အမျိုးသမီး၊ ကလေးတွေပဲ ကျန်တာ” ဟု ၎င်းက ဆိုသည်။
ရေတာရှည်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများရှိသော စစ်တောင်းမြစ်ရှေ့ဘက်ခြမ်းတွင် ကျေးရွာ ၈ ရွာခန့်မှ ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေးနေကြရသည်။
နိုဝင်ဘာ ၂၇ ရက်နေ့က ဝေါမြို့နယ် သူရဲသမိန်ရွာရဲစခန်းကို တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့သည်။
စစ်တောင်းမြစ်ဘေးရှိ ထိုရွာမှ ရဲစခန်း တိုက်ခိုက်ခံရအပြီးတွင် ပျူစောထီးတို့က အုပ်ချုပ်ရေးမှူးများကို လူအင်အား စုဆောင်းပေးရန် တောင်းခံနေသည်ဟု သိရကြောင်း ယင်းနယ်မြေတွင် လှုပ်ရှားနေသည့် PDF တစ်ဦးက ပြောသည်။
“စစ်ကောင်စီက အင်အားပေးဖို့ ဖိအားပေးခံရတာနဲ့ အုပ်ချုပ်ရေးအဖွဲ့အချို့က ခဏရှောင်နေတယ်လို့ သိရတယ်၊ အင်အားမရရင် ရွာလုံခြုံရေးဆိုပြီး အုပ်ချုပ်ရေးအဖွဲ့တွေက ကင်းစောင့်ရတယ်” ဟု PDF ရဲဘော်က ပြောသည်။
ထိုအခြေအနေများ ဖြစ်ပေါ်နေချိန်တွင် ဝေါမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးတချို့ ထွက်စာတင်ထားကြသည်ဟု သိရသည်။
နုတ်ထွက်မှုကို စစ်ကောင်စီက လက်မခံဘဲ ဖိအားပေးခြင်းကြောင့် မိသားစုလိုက် အခြားနေရာသို့ ပြောင်းရွှေ့နေထိုင်ကြသည်ဟုလည်း ထိုသူများနှင့် နီးစပ်သူတစ်ဦးကလည်း အတည်ပြုသည်။
ဝိုင်းပတ်ကျေးရွာ၊ လက်ပန်ကျေးရွာ၊ ဂွေ့ကြီးကျေးရွာများမှ အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့လည်း တိမ်းရှောင်သည့်အထဲတွင် ပါဝင်ကြောင်း ၎င်းက အတည်ပြုသည်။
“စစ်တပ်ကပေးတဲ့ ဖိအားနဲ့ လုံခြုံရေးစိတ်မချလို့ အမျိုးတွေဆီ သွားနေကြတာမျိုးပါ၊ အကုန်တော့ မဟုတ်ပါဘူး၊ ဆယ်အိမ်မှူးတို့တော့ ကျန်ခဲ့တာတွေရှိတယ်” ဟု ၎င်းက ပြောသည်။
၂၀၂၁ နှစ်ဆန်းပိုင်း အာဏာသိမ်းပြီးနောက် စစ်တပ်က စစ်မျက်နှာအများအပြား ဖွင့်ထားရသဖြင့် လက်နက်ကိုင်အင်အား ပိုမို လိုအပ်လာသည်။ ထိုအခြေအနေတွင် စစ်သည်အင်အား လိုအပ်လာသည့် စစ်တပ်သည် စစ်တန်းလျားတွင် နေထိုင်ကြသော စစ်သားမိသားစုဝင်များကို လုံခြုံရေးအင်အားအဖြစ် အသုံးပြုလာသလို ပျူစောထီးအဖွဲ့များ နေရာအနှံ့ ဖွဲ့စည်းနေခြင်း ဖြစ်သည်။
အောက်တိုဘာ ၅ ရက်နေ့တွင် ကန့်ဘလူခရိုင်ရှိ ပျူစောထီးအဖွဲ့များ သိန်း ၅၀၀ ကျော် အထောက်အပံ့ရခဲ့သည်။ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်တို့က ပျူစောထီးများကို လိုက်လံတွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီက မှတ်တမ်းဓာတ်ပုံများနှင့်တကွ သတင်းထုတ်ပြန်ထားသည်။
စက်တင်ဘာ စက်တင်ဘာ ၁၉ နှင့် ၂၀ ရက်နေ့များက ပဲခူးတိုင်း တောင်ငူနှင့် ပြည်တို့တွင် ပျူစောထီးတပ်များကို စတင်ဖွဲ့စည်းလိုက်ပြီး စစ်တပ်က လက်နက်တပ်ဆင်ပေးခဲ့သည်။
