နိုင်ငံ့အနှံ့ရှိ ပျူစောထီးအဖွဲ့များကို စစ်ကောင်စီက လိုက်လံစည်းရုံးလျက်ရှိရာ လက်နက်ကိုင်ခုခံတော်လှန်မှုပြင်းထန်နေသော စစ်ကိုင်းတိုင်းတွင်လည်း ဒေသတွင်း စစ်ကောင်စီတာဝန်ခံတို့က ယမန်နေ့ (အောက်တိုဘာ ၅) ၌ ကန့်ဘလူခရိုင်ရှိ ပျူစောထီးအဖွဲ့များကို ကျပ်သိန်း ၅၀၀ ကျော် ပေးခဲ့သည်။
ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်တို့က ပျူအဖွဲ့များကို လိုက်တွေ့ခြင်းဖြစ်သည်။
စစ်ကောင်စီထုတ်ပြန်ထားသော ဓာတ်ပုံများအရ ကန့်ဘလူတစ်နေရာတည်း၌ပင် ပျူစောထီးအဖွဲ့များကို ကျပ်သိန်း ၅၀၀ ကျော် ပေးခဲ့သည်။ ရွှေဘိုနယ်ရှိ ပျူစောထီးအဖွဲ့များနှင့် တွေ့ဆုံခဲ့သော်လည်း မည်မျှထောက်ပံ့သည်ဟု မသိရပေ။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်နက်ကိုင်ခုခံတော်လှန်မှု ပြင်းထန်လာပြီးနောက် အာဏာသိမ်းစစ်တပ်က ယင်းတို့ကို ထောက်ခံသူများ၊ ကြံ့ခိုင်ရေးပါတီဝင်များကို စစ်သင်တန်းပေးကာ ပြည်သူ့စစ်အမည်ခံ လက်နက်တပ်ဆင်ပေးနေသည်။ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် ယင်းလက်နက်ကိုင်အဖွဲ့များကို ပျူစောထီးဟု ခေါ်ဝေါ်သည်။
ဗမာအများစုနေထိုင်ရာ ဒေသများအနက် လက်နက်ကိုင်တော်လှန်မှု အပြင်းထန်ဆုံးဖြစ်သော စစ်ကိုင်းတိုင်း၌ အာဏာသိမ်းသည့် ၂၀၂၁ နှောင်းပိုင်းကတည်းက ပျူစောထီးအဖွဲ့များ စတင်ဖွဲ့စည်းခဲ့ပြီး ကျေးရွာများကို စစ်တပ်က စီးနင်းတိုက်ခိုက်စဉ် ပျူအဖွဲ့များ လိုက်ပါလေ့ရှိသည်။
စစ်ကိုင်းတိုင်း ကန့်ဘလူနယ်တစ်ဝိုက်တွင် ပျူစောထီးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းခြင်းကို အမျိုးသားရေးအစွန်းရောက်သံဃာတစ်ပါးဖြစ်သော ၅၅၀ ဆရာတော်အမည်ရ ဦးဝါသဝက ဦးဆောင်ပြုလုပ်နေခြင်းဖြစ်သည်။
လွန်ခဲ့သည့်နှစ်အတွင်း ဦးဝါသဝဦးဆောင်သော ပျူစောထီးအဖွဲ့များကို စစ်ကောင်စီက ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် စားနပ်ရိက္ခာနှင့် ငွေကြေးများ ထောက်ပံ့ခဲ့သည်။
ဒေသခံများ၊ ပျူစောထီးအဖွဲ့ဝင်များနှင့် တော်လှန်ရေးအဖွဲ့များအဆိုအရ ကန့်ဘလူခရိုင်တစ်ခုတည်း၌ပင် ပျူစောထီးအဖွဲ့များ ထိန်းချုပ်ထားသည့် ကျေးရွာပေါင်း ၇၀ ခန့်ရှိကာ လက်နက်ကိုင်ပျူစောထီးအဖွဲ့ဝင် ထောင်ချီရှိနေသည်။
Myanmar Now က မေးမြန်းထားသည့် ပျူစောထီးအဖွဲ့၏ တပ်ခွဲမှူးအဆင့်ရှိသူ နှစ်ဦးအဆိုအရ ပျူစောထီးအဖွဲ့များကို တိုက်ရိုက်ကွပ်ကဲနေသူမှာ ကန့်ဘလူမြို့ပေါ်ရှိ အမှတ် (၆၀၀၆) တင့်ကားတပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးဆန်းလင်းဖြစ်သည်။
စက်တင်ဘာလအတွင်း ဆက်သွယ်မေးမြန်းရာတွင် ဒုဗိုလ်မှူးကြီးဆန်းလင်းက ပြည်သူ့စစ်ရွာများ ပေါ်ပေါက်ရေး ဆောင်ရွက်နေသည်ဟု ပြောသော်လည်း အသေးစိတ် ပြောဆိုရန် ငြင်းဆန်သည်။
“ဒီကိစ္စကျတော့လည်း ကျွန်တော့်အနေနဲ့ ပြောဖို့ နည်းနည်းလေး ခက်နေလို့ပါ။ စစ်ဆင်ရေးကိစ္စတွေ လုပ်နေတော့ ဖြေဖို့ ကင်းလွတ်ခွင့်ပေးပါ။ ကျယ်ပြန့်ခြင်း မကျယ်ပြန့်ခြင်းထက် ပြည်သူ့စစ်ရွာတွေ ဖွဲ့နေပါတယ်” ဟု ဒုဗိုလ်မှူးကြီးဆန်းလင်းက တုံ့ပြန်သည်။
ပျူစောထီးအဖွဲ့ဝင်များကို စစ်ကောင်စီက လက်နက်၊ ရိက္ခာနှင့် ယူနီဖောင်းပေးသည့်အပြင် လစာအနေဖြင့် တစ်လလျှင် ကျပ်တစ်သိန်းနှစ်သောင်းစီ ပေးသည်ဟု သိရသည်။
သို့သော်လည်း လစာကို တပ်ဖွဲ့ဝင်ဦးရေအတိုင်း တွက်ချက်ပေးခြင်းမဟုတ်ဟု ဆိုသည်။
လက်နက်အရေအတွက်အလိုက် လစာပေးခြင်းဖြစ်ရာ ပြန်ခွဲယူချိန်တွင် တစ်သိန်းအောက်သာ ရသည်ဟု ကန့်ဘလူနယ်မှ ဆပ်ဖူးမြောင်ရွာ ပျူစောထီးခေါင်းဆောင်တစ်ဦးက ပြောသည်။
“ဒီရွာမှာ လက်နက် ၅၀ ရှိတယ်ဆိုရင် တစ်လက်ကို တစ်သိန်းနှစ်သောင်းနှုန်းနဲ့ ပေးပါတယ်ခင်ဗျ။ လူအင်အားများတယ်၊ လက်နက်က နည်းနေတယ်ဆိုရင် ၈ သောင်းရရ၊ ၉ သောင်းရရ ပြန်ခွဲပြီး အဆင်ပြေအောင် နေပါတယ်ခင်ဗျ”
ပျူစောထီးအဖွဲ့ဝင်များသည် စစ်တပ်နှင့်အတူ ကျေးရွာများကို စီးနင်းတိုက်ခိုက်ပြီးနောက် ဒေသခံပြည်သူတို့၏ ဥစ္စာပစ္စည်းများကို လုယက်လေ့ရှိသည်ဟု မြန်မာပြည်အလယ်ပိုင်းဒေသ စစ်ဘေးဒဏ်ခံနေရသူများက ပြောကြသည်။
ကန့်ဘလူမြို့နယ် မြေဒူးရွာမှ ပျူစောထီးအဖွဲ့တစ်ဦးကမူ ပစ္စည်းလုယက်သည့်အကြောင်းကို ငြင်းဆန်ပြီး ရွာမီးရှို့သည့်အချက်ကို ဝန်ခံပြောဆိုသည်။
“မီးရှို့တာကတော့ ရွာတိုင်းတော့ မဟုတ်ပါဘူး၊ ဟုတ်သလောက်တော့ ဟုတ်ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူမဟုတ်သဖြင့် အမည်မဖော်လိုသည့် ထိုသူက ပြောသည်။
ပျူစောထီးအဖွဲ့ မဖွဲ့စည်းလျှင်၊ အဖွဲ့ထဲ မဝင်လျှင် အန္တရာယ်ပြုခံရမည်ကို စိုးရိမ်ပြီး စစ်ကောင်စီအလိုကျ ပူးပေါင်းဆောင်ရွက်နေရသည့် ရွာတချို့လည်း ရှိသည်ဟု သိရသည်။
တပ်တွင်းအခြေအနေ ယိုယွင်းလာပြီး တိုက်ခိုက်ရေးအင်အား လျော့လာသဖြင့် ပျူစောထီးအဖွဲ့များကို စစ်ကောင်စီ အားကိုးလာခြင်းဖြစ်သည်ဟု ပဲခူးတိုင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တော်လှန်ရေးအဖွဲ့တစ်ခုမှ ခေါင်းဆောင်ဖြစ်သူ ကိုဝေယံက မှတ်ချက်ပြုသည်။
“စစ်ရေးနဲ့ပတ်သက်ပြီး ဘာမှစိုးရိမ်စရာမရှိဘူး။ ကျွန်တော်တို့ဘက်မှာကျတော့ ပြည်သူတစ်ရပ်လုံးက PDF ပဲ။ ပြည်သူတစ်ရပ်လုံးက KNU ပဲ။ ပြည်သူလူထုတစ်ရပ်လုံးက KIA ပဲ။ လူထုအားနဲ့ပဲ တိုက်ပွဲဝင်သွားမှာ” ဟု ၎င်းက ပြောသည်။
လွန်ခဲ့သည့် စက်တင်ဘာလမှစ၍ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးများကိုယ်တိုင် တိုင်းရင်းသားဒေသများရှိ ပြည်သူ့စစ်အဖွဲ့များကို လိုက်လံစည်းရုံးနေသည့်နည်းတူ လက်အောက်ခံ စစ်တိုင်းမှူးများကိုလည်း ဒေသအလိုက် ပျူစောထီးအဖွဲ့များကို စည်းရုံးခိုင်းထားသည်ကို တွေ့ရသည်။
စက်တင်ဘာလဆန်းပိုင်းက အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရှမ်းပြည်နယ်မြောက်ပိုင်းခရီးစဉ်အတွင်း တိုင်းရင်းသားဒေသများမှ ပြည်သူ့စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံကာ ဟောပြောစည်းရုံးခဲ့သည်။
ထို့နောက် စက်တင်ဘာလကုန်ပိုင်းတွင် နေပြည်တော်မှ ရောက်လာသည့် ဒုဗိုလ်ချုပ်ကြီးတစ်ဦးနှင့် ရှမ်းမြောက်ရှိ စစ်တိုင်းမှူးတို့က တိုင်းရင်းသားပြည်သူ့စစ်အဖွဲ့များကို လက်နက်များ တပ်ဆင်ပေးခဲ့သည်။ ရှမ်းမြောက်ဒေသတွင် အာဏာသိမ်းစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်နေသည်မှာ အာဏာသိမ်းပြီးကတည်းကဖြစ်သည်။
အာဏာသိမ်းစစ်တပ်က ရန်ကုန်၊ မန္တလေးနှင့် ပဲခူးတိုင်းတို့ အပါအဝင် နိုင်ငံအောက်ပိုင်း တနင်္သာရီတိုင်းအထိ လိုက်လံစည်းရုံးကာ ပျူစောထီးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းလျက်ရှိသည်။
နေပြည်တော်နှင့် အနီးဆုံး ပဲခူးတိုင်း တောင်ငူနှင့် ပြည်တို့တွင် လွန်ခဲ့သည့်လအတွင်း စစ်ဆင်ရေးအထူးအဖွဲ့မှူးတစ်ဦးဖြစ်သူ ဒုဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်အောင်ပိုင်ဦးတို့က ပျူစောထီးအဖွဲ့များကို လက်နက်တပ်ဆင်ပေးခဲ့သည်ကို တွေ့ရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။