ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ခေါ် နှင်းဆီပါတီ၏ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ရဲတပ်ဖွဲ့က ထောင်ပြေးမှု ရာဇသတ်ကြီးပုဒ်မ ၂၂၄ ဖြင့် မန္တလေး ချမ်းအေးသာစံမြို့နယ်တရားရုံးတွင် ယနေ့ ရုံးထုတ်တရားစွဲဆိုခဲ့သည်။
ဦးကျော်မြင့်သည် ပုဒ်မနှစ်ခုဖြင့် ထောင် ၉ နှစ် ချမှတ်ခံခဲ့ရပြီး ၁၉၉၉ ခုနှစ် ဇန်နဝါရီတွင် မန္တလေးအိုးဘိုထောင်မှ ထွက်ပြေးသွားခဲ့သူဖြစ်သည်။ ၎င်းကို စက်တင်ဘာ ၂၉ ညပိုင်းတွင် ၎င်းနေထိုင်ရာ ပန်းလှိုင်အိမ်ရာ၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မန္တလေးအိုးဘိုထောင်သို့ ၂၄ နာရီအတွင်း ပို့ဆောင်ခဲ့ပြီးနောက် ယနေ့တွင် ရဲတပ်ဖွဲ့က တရားစွဲလိုက်ခြင်းဖြစ်သည်။
ထောင်ပြေးမှုအတွက် ၎င်းထွက်ပြေးခဲ့စဉ် ၁၉၉၉ ခုနှစ်က မန္တလေး ချမ်းအေးသာစံမြို့နယ် အမှတ်(၈) ရဲစခန်းမှူး ရဲအုပ်သိန်းဌေးက တရားလိုပြုလုပ်ကာ အမှုဖွင့်ထားသည်။
သို့သော် တရားလို ရဲအုပ်သိန်းဌေးမှာ ပင်စင်ယူသွားပြီ ဖြစ်သည့်အတွက် ဆင့်ခေါ်စာထုတ်ပြီး ၎င်းကို ရှာဖွေမတွေ့ပါက လက်ရှိစခန်းမှူးက တရားလိုပြုလုပ်ကာ ပြန်လည်တရားစွဲဆိုရမည် ဖြစ်သည်။
ဦးကျော်မြင့်ကို ယနေ့တရားစွဲတင်ရာတွင် ယခင်က ချမှတ်ထားခဲ့သည့် ပုဒ်မများမပါရှိဘဲ ရာဇသတ်ကြီးပုဒ်မ ၂၂၄ ထောင်ပြေးမှုဖြင့်သာ တရားစွဲတင်ခဲ့သည်။
“အရင်အမှုတွေက ထောင်အဆင့်နဲ့ အတည်ပြုပြီးတော့ ဆောင်ရွက်သွားမှာပါ။ အဲဒါထောင်အပိုင်းပေါ့။ တရားစွဲမှာကတော့ ဒီနေ့ ထောင်ပြေးမှုနဲ့ပဲ စွဲတင်တာပါ။ အခြားပုဒ်မ မပါပါဘူး” ဟု ချမ်းအေးသာစံမြို့နယ်တရားရုံးမှ တရားသူကြီး ဦးကျော်မျိုးဝင်းက ပြောသည်။
ယခုထောင်ပြေးမှုအတွက် တရားလို သက်သေ (၁၀) ဦး တင်ထားပြီး နောက်ရုံးချိန်းတွင် တရားလို ရဲအုပ်သိန်းဌေးကို ဆင့်ခေါ်မည်ဟု တရားသူကြီး ဦးကျော်မျိုးဝင်းက ဆိုသည်။
အမှုကို မည်မျှကာလအပိုင်းအခြားအတွင်း အပြီးစစ်ဆေးမည်ဟူသော သတ်မှတ်ချက်များကို နောက်ရုံးချိန်း အောက်တိုဘာ ၈ တွင် ဆွေးနွေးကြမည်ဟုလည်း ၎င်းကဆိုသည်။
ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၂၄ အရ မည်သူမဆို ပြစ်မှုအတွက် ဥပဒေနှင့်အညီ ချုပ်ထားရာမှ ထွက်ပြေးလျှင်၊ သို့တည်းမဟုတ် ထွက်ပြေးရန် အားထုတ်လျှင်၊ ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
၆၉ နှစ်အရွယ် ဦးကျော်မြင့် (ခ) မိုက်ကယ်ကျော်မြင့်ဟွားဟူ (ခ) ဟူးဟွား (ခ) ဇခုန်ဇုန်းဆောင် ထူထောင်ခဲ့သော မြန်မာကျုံယွမ်ကုမ္ပဏီကို စစ်အစိုးရအာဏာပိုင်များက တရားမဝင်အဖွဲ့အဖြစ် ကြေညာပြီး ၁၉၉၈ ခုနှစ် ဇန်နဝါရီလ ၁ တွင် ပုဒ်မ ၂ ခုဖြင့် ထောင်ဒဏ် ၉ နှစ် ချမှတ်ခဲ့သည်။
ဦးကျော်မြင့်သည် မန္တလေးအိုးဘိုထောင်မှ ထွက်ပြေးလွတ်မြောက်ပြီးနောက် အမေရိကန်နှင့် ကနေဒါနိုင်ငံများတွင် ခိုလှုံနေထိုင်ခဲ့သည်။ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကို ကနေဒါနိုင်ငံ၌ ၂၀၀၇ ခုနှစ်တွင် ထူထောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တည်ထောင်ခွင့်လျှောက်ထားခဲ့သည်။
UDP ပါတီကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ မေလ ၂၆ ရက်တွင် ပါတီမှတ်ပုံတင်ခွင့်ပြုပြီး ခွင့်ပြုပါတီအမှတ်စဉ် ၁၆ ဖြစ်သည်။
ဦးကျော်မြင့်သည် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကာ ပါတီဥက္ကဋ္ဌအဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ ၎င်း၏ နှင်းဆီပါတီမှာ ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခဲ့ခြင်း မရှိပေ။
နှင်းဆီးပါတီဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် ပတ်သက်၍ မကြာသေးမီက ‘မြန်မာပြည်၏ လျှို့ဝှက်နက်နဲသော နိုင်ငံရေးပါတီဥက္ကဋ္ဌ‘ ခေါင်းစဉ်ဖြင့် Myanmar Now က သတင်းဆောင်းပါးရေးသား ဖော်ပြခဲ့ပြီးဖြစ်သည်။
လာမည့် နိုဝင်ဘာတွင် ကျင်းပမည့် ၂၀၂၀ရွေးကောက်ပွဲတွင် ဦးကျော်မြင့်၏ UDP ပါတီသည် မဲဆန္ဒနယ်ပေါင်း ၁၁၃၀ ကျော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီပြီးနောက် မဲဆန္ဒနယ် ဒုတိယအများဆုံးဝင်ပြိုင်မည့် နိုင်ငံရေးပါတီဖြစ်သည်။