နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ဖမ်းဆီးလိုက်ပြီ  

နှင်းဆီပါတီခေါ် UDP ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ဖမ်းဆီးထိန်းသိမ်းထားပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၂၄ အရ အမှုဖွင့်အရေးယူထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်

Published on Sep 30, 2020

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ယမန်နေ့ညက ၎င်းနေထိုင်ရာ ရန်ကုန်မြို့ပန်းလှိုင်အိမ်ရာတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၂၄ အရ အမှုဖွင့်အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ယနေ့ (စက်တင်ဘာ ၃၀) နံနက်ပိုင်းတွင် Myanmar Now ကို အတည်ပြုပြောကြားသည်။

"သူ့ကို (ဦးကျော်မြင့်) ကို အဓိကတော့ ထောင်ပြေးမှုနဲ့ ဖမ်းဆီးအရေးယူထားတယ်။ နောက်ပြီး သူ မြန်မာနိုင်ငံကို ဘယ်လိုဘယ်ပုံ ပြန်ရောက်လာသလဲဆိုတဲ့ နောက်ကြောင်းရာဇဝင်ကိုလည်း စစ်ဆေးနေတယ်" ဟု အဆိုပါရဲအရာရှိက ပြောသည်။ 

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ပုဒ်မ ၂၂၄ ဖြင့် အရေးယူထားသည်မှာ မှန်ကန်ကြောင်း၊ ရဲလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်နေကြောင်းပြောသည်။

နေ့ညက ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ ရဲဘက်ပြေးဖြစ်တဲ့အတွက် ရဲဝရမ်းနဲ့ ဖမ်းတာဖြစ်ပါတယ်။ ကျန်တာတွေက စိစစ်ဆဲ၊ ဖော်ထုတ်ဆဲ ဖြစ်ပါတယ်။ ရဲလုပ်ငန်းတွေ မပြီးပြတ်သေးပါဘူး။ ဆက်လက်ဆောင်ရွက်ဆဲဖြစ်ကြောင်းသာ ဖြေကြားလိုပါတယ်” ဟု ဦးဇော်ဌေးကဆိုသည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၂၄ အရ မည်သူမဆို ပြစ်မှုအတွက် ဥပဒေနှင့်အညီ ချုပ်ထားရာမှ ထွက်ပြေးလျှင်၊ သို့တည်းမဟုတ် ထွက်ပြေးရန် အားထုတ်လျှင်၊ ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။

ယမန်နေ့ည ၁၀ နာရီခန့်တွင် ရန်ကုန်မြို့ ပန်းလှိုင်အိမ်ရာရှိ ဦးကျော်မြင့်နေအိမ်သို့ ရဲကား ၁၃ စီးဖြင့် လာရောက်ခေါ်သွားခဲ့သည်ဟု အမည်မဖော်လိုသည့် ပန်းလှိုင်အိမ်ရာတာဝန်ကျ လုံခြုံရေးတစ်ဦးက ပြောသည်။ 

"ဦးကျော်မြင့်ကို လာခေါ်သွားတာ ကျွန်တော်မြင်လိုက်တာ။ ဦးကျော်မြင့်ကို အလယ်ကထိုင်ခိုင်းပြီး ခေါ်သွားတယ်။ လက်ထိပ်တော့ ခတ်မထားဘူး။ နောက်နာရီဝက်လောက်ကြာတော့ မြို့နယ်မှူးကား ပြန်ဝင်လာတယ်။ ပစ္စည်းတွေ ကျန်ခဲ့လို့ဆိုပြီး။ နောက် ကားတစ်စီးလည်း ထပ်လာတယ်။ အိမ်ကို ရှင်းလင်းရေးဝင်ချင်လို့ဆိုပြီး" ဟု အဆိုပါလုံခြုံရေးဝန်ထမ်းက ပြောသည်။ 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲဆန္ဒနယ်ဒုတိယအများဆုံးဝင်ပြိုင်မည့် နှင်းဆီပါတီဥက္ကဋ္ဌ၏ ထောင်ပြေးမှုကို လုံခြုံရေးအဖွဲ့အစည်းများက စုံစမ်းစိစစ်နေသည်ဟု နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယမန်နေ့ (စက်တင်ဘာ ၂၉) ပြောကြားခဲ့သည်။ 

နှင်းဆီပါတီခေါ် ညီညွတ်သောဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် ပတ်သက်၍ သမ္မတရုံးက တစ်စုံတစ်ရာအရေးယူရန် စီစဉ်နေခြင်းရှိမရှိ Myanmar Now က မေးမြန်းခဲ့ရာတွင် ဦးဇော်ဌေးက အထက်ပါအတိုင်း အကြောင်းပြန်ခဲ့သည်။ 

ထောင်ပြေးဦးကျော်မြင့်ကို နိုင်ငံတော်က မည်သို့သောသတ်မှတ်ချက်များနှင့် ညှိနှိုင်းလက်ခံခဲ့ခြင်း၊ တရုတ်နိုင်ငံပတ်စ်ပို့ကိုင်ဆောင်ထားခြင်းနှင့် ကနေဒါနိုင်ငံတွင် နေထိုင်ခွင့်သွားလာခွင့် ရရှိထားသည်ဆိုသော ဝေဖန်မှုများ၊ ပါတီအတွက် ငွေကြေးအမြောက်အများ သုံးစွဲနေခြင်း၊ ပါတီဝင်များကို ၎င်းပိုင်ကုမ္ပဏီမှတဆင့် ငွေကြေးထောက်ပံ့နေခြင်းသည် ဥပဒေကြောင်းအရ ငြိစွန်းမှုရှိမရှိအပေါ် သမ္မတရုံးက စုံစမ်းနေခြင်းရှိမရှိ စသည့်အချက်များကို နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူထံ မေးမြန်းခဲ့ခြင်း ဖြစ်သည်။ 

‌နှင်းဆီပါတီဥက္ကဋ္ဌဖြစ်သူ ဦးကျော်မြင့် (ခ) မိုက်ကယ်ကျော်မြင့်ဟွာဟူသည် 'ဝ' တပ်ဖွဲ့နှင့် ဆက်စပ်သည်ဟု ယူဆခံရသည့် မြန်မာကျုံယွမ်ကုမ္ပဏီကို ဦးဆောင်လုပ်ကိုင်ကိုင်ခဲ့သူဖြစ်ပြီး ၁၉၉၈ ခုနှစ်တွင် မြန်မာကုမ္ပဏီများအက်ဥပဒေချိုးဖောက်မှု၊ ငွေကြေးသမာမှုဖြင့် ထောင်ဒဏ်ကိုးနှစ်ချမှတ်ခံခဲ့ရသည်ဟု ထိုခေတ်က နိုင်ငံတကာသတင်းများတွင် ဖော်ပြခဲ့သည်။ 

Myanmar Now က ရရှိထားသော ထောင်မှတ်တမ်းတစ်ခုအရ ဦးကျော်မြင့်သည် ၎င်း၏ကုမ္ပဏီကို နာမည်ပျက်စာရင်းသွင်းခံသည့်ကိစ္စနှင့်ပတ်သက်၍ ဗိုလ်ချုပ်မှုးကြီးသန်းရွှေအပါအဝင် တပ်မတော်ခေါင်းဆောင်များထံ ကန့်ကွက်သည့်သဘောဆောင်သည့် စာတစ်စောင်ပေးပို့ခဲ့ပြီး ထို့နောက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ 

၁၉၉၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဦးကျော်မြင့်ကို ပုဒ်မ ၂ ခုဖြင့် ထောင်ဒဏ် ၉ နှစ် ချမှတ်ခဲ့သည်။ တစ်နှစ်အကြာ ၁၉၉၉ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် အကျဉ်းသားအဖြစ် ဆေးကုသရန် ရောက်ရှိနေစဉ် တာဝန်ကျ ရဲဒုတပ်ကြပ် လူမော်ဆိုသူနှင့်အတူ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ 

ဦးကျော်မြင့်သည် မန္တလေးအိုးဘိုထောင်မှ ထွက်ပြေးလွတ်မြောက်ပြီးနောက် အမေရိကန်နှင့် ကနေဒါနိုင်ငံများတွင် ခိုလှုံနေထိုင်ခဲ့သည်။ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကို ကနေဒါနိုင်ငံ၌ ၂၀၀၇ ခုနှစ်တွင် ထူထောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တည်ထောင်ခွင့်လျှောက်ထားခဲ့သည်။ 

နှင်းဆီပါတီခေါ် UDP ပါတီကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီအစိုးရလက်ထက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ မေလ ၂၆ ရက်တွင် ပါတီမှတ်ပုံတင်ခွင့်ပြုပြီး ခွင့်ပြုပါတီအမှတ်စဉ် ၁၆ ဖြစ်သည်။

ဦးကျော်မြင့်က ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကာ ပါတီဥက္ကဋ္ဌအဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ ၎င်း၏ နှင်းဆီပါတီမှာ ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခဲ့ခြင်း မရှိပေ။ 

နှင်းဆီးပါတီဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် ပတ်သက်၍ မကြာသေးမီက 'မြန်မာပြည်၏ လျှို့ဝှက်နက်နဲသော နိုင်ငံရေးပါတီဥက္ကဋ္ဌ' ခေါင်းစဉ်ဖြင့် Myanmar Now က သတင်းဆောင်းပါး ရေးသားဖော်ပြခဲ့ပြီးဖြစ်သည်။ 

နှင်းဆီပါတီက ယခု စက်တင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် ပါတီဥက္ကဋ္ဌ ကိုယ်ရေးသမိုင်းအကျဉ်းချုပ်တွင် "၁၉၈၉ ခုနှစ် မြန်မာတစ်နိုင်ငံလုံးငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ခဲ့သည့် ငြိမ်းချမ်းရေးခေါင်းဆောင်တစ်ဦး" ဖြစ်သည်ဟု အတိအလင်းဖော်ပြထားသော်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ဦးကျော်မြင့်ဆိုသူပါဝင်ကြောင်း သိဖူးကြားဖူးခြင်း အလျင်းမရှိကြောင်း တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့မှ အရာကြီးဟောင်းတစ်ဦးက Myanmar Now ကို ပြောကြားထားသည်။ 

ငြိမ်းချမ်းရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သည်အပြင် မြန်မာ့နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲစနစ်ကို စတင်ဖော်ထုတ်ခဲ့သူဖြစ်ကြောင်း စက်တင်ဘာ ၂၆ ရက်က ထုတ်လွှင့်ခဲ့သည့် ပြည်သူလူထုံသို့ နှုတ်ဆက်မိန့်ခွန်းဆိုသော ရုပ်သံဗီဒီယိုတွင် နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်က ထပ်မံထုတ်ဖော်ပြောကြားထားသည်။ 

ထို့ပြင် နိုင်ငံရေးပုဒ်မဖြင့်သာ ထောင်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်ဟုလည်း အဆိုပါရုပ်သံမိန့်ခွန်းတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ 

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို အာဏာလွှဲပေးသင့်ကြောင်း စစ်ခေါင်းဆောင်များကို အကြံပြုခဲ့သဖြင့် မတရားဖမ်းဆီးထောင်ချခံရခြင်းဖြစ်သည်ဟု ထိုစဉ်က ဦးကျော်မြင့်က သတင်းမီဒီယာများထံ စာရေးသားပေးပို့ကာ ရှင်းလင်းချက်ထုတ်ခဲ့သည်။ 

ဦးကျော်မြင့်/Myanmar Now

၂၀၁၃ ခုနှစ်တွင်မြန်မာပြည်ပြန်လာသော ဦးကျော်မြင့်သည် ထိုအချိန်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် နှစ်ကြိမ်တိုင်တွေ့ဆုံခဲ့သည်။ (ဓာတ်ပုံ-ဆင်ဟွာ) 

ဦးကျော်မြင့်သည် ကနေဒါနိုင်ငံတွင် ရှိခဲ့စဉ် စတော့ရှယ်ယာလုပ်ငန်းများဆိုင်ရာ မသမာမှုနှင့် ချိုးဖောက်မှုများ ဆောင်ရွက်ခဲ့သည့်အတွက် ကနေဒါရှိ ငွေကြေးအရောင်းအဝယ်ထိန်းချုပ်ရေးအာဏာပိုင်များက ၎င်းကို စီးပွားရေးကုမ္ပဏီများ ထူထောင်ခြင်း၊ စီမံခန့်ခွဲခြင်းမပြုရန် တစ်သက်တာပိတ်ပင်ခဲ့သည့်နည်းတူ  အမေရိကန်ဒေါ်လာ တစ်သန်းခွဲအထိ ဒဏ်ရိုက်ခဲ့သည်။

UDP ပါတီကို ရပ်ကျေးအဆင့်ထိ စနစ်တကျဖွဲ့စည်းထားပြီး ပါတီဝင်အင်အား ခြောက်သန်းရှိကြောင်း ပါတီတွဲဘက်အတွင်းရေးမှူး ဦးသိုက်ထွန်းက ပြောသည်။ ပါတီဝင်များကို ပါတီက ငွေကြေးထောက်ပံ့မှုမရှိကြောင်း ဦးသိုက်ထွန်းက ငြင်းဆိုထားသော်လည်း ထောက်ပံ့ကြေးကျပ်တစ်သိန်းရရှိကြောင်း ရပ်ကျေးအဆင့် ပါတီစည်းရုံးရေးမှူးများက ထုတ်ဖော်ပြောကြားထားသည်။

ဦးကျော်မြင့်သည် ပါတီအတွက် လစဉ်ခန့်မှန်းခြေ သိန်းတစ်ထောင်နီးပါး သုံးစွဲကြောင်း၊ မြို့နယ်စည်းရုံးရေးမှူးများကို ငွေကျပ်နှစ်သိန်းနှင့် ရပ်ကျေးစည်းရုံးရေးမှူးများကို ငွေကျပ်တစ်သိန်းပေးကြောင်း၊ ပါတီက တိုက်ရိုက်ပေးခြင်းမဟုတ်ဘဲ ဦးကျော်မြင့်ပိုင် မြန်မာကျော်ကုမ္ပဏီက ပေးခြင်းဖြစ်ကြောင်း ၂၀၁၆ မှ ၂၀၁၈ အထိ ဦးကျော်မြင့်၏ ကိုယ်ရေးအရာရှိအဖြစ် လုပ်ကိုင်ခဲ့သူ တပ်မတော်မှ ဗိုလ်မှူးအငြိမ်းစား ကိုဇော်ဝင်းထက်က Myanmar Now ကို ပြောကြားထားသည်။ 

ခင်နှင်းဝေ၊ ဆွေဝင်း၊ ကိုဉာဏ်လှိုင်လင်းနှင့် မင်းမင်းတို့ သတင်းပေးပို့ပြီး အောင်ရှင်ရေးသားတည်းဖြတ်သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading