သတင်း

လောက်ကိုင်မှ ထွက်လာသူ ထောင်နှင့်ချီရှိ၊ MNDAA နှင့် UWSA တို့ ကယ်ထုတ်

တရုတ်နယ်စပ် လောက်ကိုင်မြို့ကို ဝင်တိုက်မည့် ကိုးကန့်တပ်MNDAA က လောက်ကိုင်မှ အထွက်လမ်းကို ဖွင့်လိုက်ရာ ပိတ်မိနေသူ ထောင်သောင်းချီ မြို့ကို စွန့်ခွာနိုင်ခဲ့သည်။

မြို့တွင်းတိုက်ပွဲများဖြစ်လာနိုင်သည့် ကိုးကန့်ဒေသမြို့တော် လောက်ကိုင်ကို စွန့်ခွာနေကြရာ ယနေ့ (နိုဝင်ဘာ ၂၇) တွင်လည်း လူဦးရေ ထောင်နှင့်ချီ ထွက်ခွာကြသည်။

လောက်ကိုင်မှ အထွက်လမ်း၊ ပါစင်ကျော်ဂိတ်ကို ကိုးကန့်တပ် MNDAA က ယမန်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီးနောက် လောက်ကိုင်မြို့တွင်းတွင် ပိတ်မိနေကြသည့် ထောင်သောင်းချီသူများ ထွက်ခွာလာကြခြင်းဖြစ်သည်။ ပါစင်ကျော်ဂိတ်နှင့် လောက်ကိုင်သည် ၇ မိုင်ခန့် ဝေးသည်။

ယနေ့နံနက် အစောပိုင်းကစတင်ပြီး မြို့တွင်းမှ ထွက်ခွာလာကြသူများကို ပါစင်ကျော်ရွာမှတစ်ဆင့် ချင်းရွှေဟော်၊ ထိုမှတစ်ဆင့် ‘ဝ’ ဒေသ၊ နမ့်တစ်မြို့သို့ ပို့ဆောင်ပေးနေသည်ဟု MNDAA ပြောခွင့်ရ လီကျားဝင်းက ပြောသည်။

“ဆက်လက်ထွက်လာနေပါတယ်ဗျ၊ ဒီနေ့တစ်နေကုန် မနက်အစောပိုင်းကနေ အခုချိန်အထိ ထွက်လာနေကြပါတယ်၊ ဘယ်လောက်များလည်းဆိုတာကိုတော့ အသေးစိတ်မသိရဘူး၊ ဒါပေမဲ့ သောင်းဂဏန်းလောက် ထွက်လာနေပြီ၊ ဆက်တိုက်ပေါ့နော်” ဟု လီကျားဝင်းက ပြောသည်။

ယမန်နေ့ကလည်း လောက်ကိုင်မြို့တွင်းမှ ထွက်လာသူ စစ်ရှောင်တစ်သောင်းကျော်ကို MNDAA အဖွဲ့က ကယ်ထုတ်ပေးခဲ့ပြီး နမ့်တစ်မြို့ကို ပို့ဆောင်ပေးခဲ့သည်ဟု လီကျားဝင်းက ပြောသည်။

၁၀၂၇ စစ်ဆင်ရေး စတင်သည်နှင့် လားရှိုး-သိန္နီ-လောက်ကိုင် လမ်းမကြီးကို MNDAA အဖွဲ့က စစ်ရေးအရ ပိတ်ဆို့ထားလိုက်သည့်အတွက် လောက်ကိုင်မြို့မှ ထွက်လာသည့် စစ်ရှောင်အားလုံးနီးပါး ‘ဝ’ ဒေသတွင်းမှ ဖြတ်သန်းသွားလာနေရသည်။

လောက်ကိုင်မှ ထွက်လာသူများကို အကူအညီများ ဆက်တိုက်ပေးနေသည်ဟုလည်း ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က ကြေညာထားသည်။

နိုဝင်ဘာ ၂၂ ရက်နေ့အထိ ‘ဝ’ ဒေသသို့ ဝင်ရောက်လာသည့် စစ်ရှောင်အရေအတွက်မှာ ၄ သောင်းကျော်အထိ ရှိခဲ့သည်ဟု UWSA ၏ လားရှိုးမြို့ဆက်ဆံရေးရုံးမှ အရာရှိ ဦးညီရန်းက ဆိုသည်။ ထိုသူများအနက် ၂ သောင်းကျော်သည် အခြားဒေသများသို့ ဆက်လက်ထွက်ခွာသွားပြီး ကျန်နေသူများမှာ ‘ဝ’ ထိန်းချုပ်နယ်မြေထဲတွင် ဆက်လက်ခိုလှုံနေကြသည်ဟု သိရသည်။

နိုဝင်ဘာ ၂၃ မှ ၂၆ ရက်နေ့အတွင်း နမ့်တစ်မြို့သို့ ရောက်ရှိလာသည့် စစ်ရှောင်များအနက် ၅၀၀၀ ကျော်ကို ‘ဝ’ နယ်ခြားဂိတ် မန်မန်းဆိုင်မှတစ်ဆင့် တန့်ယန်းမြို့သို့ ပို့ဆောင်ပေးခဲ့ပြီး မနေ့ကအထိ ဆိုင်ကယ်အစီးပေါင်း ၅၀၀၀ ကျော် ‘ဝ’ ဒေသအတွင်း ဖြတ်သန်းဝင်ရောက်ခဲ့ကြသည်ဟု ဦးညီရန်းက ဆိုသည်။

လောက်ကိုင်ကို စွန့်ခွာလာကြသူများ (ဓာတ်ပုံ – လောက်ကိုင်သတင်းစုံ)

ယနေ့လည်း လောက်ကိုင်မြို့မှ ထွက်လာသည့် ထောင်နှင့်ချီသည့် စစ်ရှောင်များမှာ ‘ဝ’ ပြည် နမ့်တစ်မြို့ကို ဆက်လက်ရောက်ရှိနေပြီဖြစ်သည်ဟု သိရသည်။

“ ‘ဝ’ ပြည် နမ့်တစ်မြို့ မှတစ်ဆင့် တန့်ယန်းမြို့ဘက်သို့ စစ်ဘေးရှောင် ၅၀၀၀ ဦးခန့်အား ကားကြီး အစီး ၈၀ ဖြင့် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရပါသည်။…. ခန့်မှန်း ညပိုင်း သို့မဟုတ် နောက်နေ့မနက် မန်မန်းဆိုင်မြို့ ရောက်ရှိကြပါမည်” ဟု ဦးညီရန်းက သူ၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

ဒေသခံအားလုံးနီးပါး ထွက်ခွာသွားကြသည့် လောက်ကိုင်မြို့တွင် နိုဝင်ဘာ ၂၆ ရက်မှစတင်ကာ ဈေးဆိုင်နှင့် နေအိမ်အားလုံးနီးပါး ပိတ်သိမ်းသွားကြပြီဖြစ်သည်။

ယမန်နေ့ကအထိ လောက်ကိုင်မြို့အနီး တိုက်ပွဲအချို့ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က မြို့အနီးဝန်းကျင်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသလို MNDAA သိမ်းပိုက်ထားသည့် စခန်းကုန်းတစ်ခုကိုလည်း လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

ယနေ့ လောက်ကိုင်မြို့အနီး တိုက်ပွဲဖြစ်ပွားခြင်း ရှိမရှိကိုမူ မသိရသေးသလို MNDAA ကလည်း အတည်ပြုဖြေကြားခြင်းမရှိသေးပေ။

စစ်ဆင်ရေး ၁၀၂၇ စတင်ပြီးနောက် ကိုးကန့်ဒေသတွင်းရှိ စစ်ကောင်စီစခန်းများကို MNDAA ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များက သိမ်းပိုက်ထားပြီး နယ်စပ်ကုန်သွယ်ရေးမြို့ ချင်းရွှေဟော်ကိုလည်း ထိန်းချုပ်ထားသည်။

ဒေသမြို့တော် လောက်ကိုင်မြို့နှင့် အနီးတစ်ဝိုက်ရှိ စစ်တပ်စခန်းများအားလုံးနီးပါးကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ၎င်းတို့ပိတ်ဆို့ထားသည့် လောက်ကိုင်မြို့ကို မကြာခင် ဝင်ရောက်သိမ်းပိုက်တော့မည်ဖြစ်ကြောင်း MNDAA အဖွဲ့က ကြေညာထားသည်။

Show More

Related Articles

Back to top button