သတင်း

တရုတ်နယ်စပ် ကုန်တင်ကားဝင်းမီးလောင်မှု ကားအစီးရေ ၁၀၀ ကျော် ပျက်စီး

မြန်မာနှင့် တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် အကြီးဆုံးနယ်စပ်ဂိတ်ဖြစ်သော ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့အနီးရှိ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကုန်တင်ကားဝင်း ယမန်နေ့ (နိုဝင်ဘာ ၂၃) က မီးလောင်ရာ၌ ကုန်တင်ကားအစီးရေ ၁၀၀ ကျော် ပျက်စီးသည်ဟု သိရသည်။

ကုန်သွယ်ရေးဇုန်အတွင်းရှိ ကျင်စန်းကျော့ဂိတ်အနီးမှ ဆဲဗင်းဟွာကျင်းအမည်ရ သွင်းကုန်ကားဝင်အတွင်း တရုတ်နိုင်ငံမှ တင်သွင်းလာသည့် သွင်းကုန်ပစ္စည်းများဖြင့် ရပ်နားထားသော ကုန်တင်ကားများ မီးလောင်ခြင်းဖြစ်သည်။

ကားအစီးရေ ၁၀၀ ကျော် မီးလောင်ပျက်စီးကာ ကျပ်သိန်းသောင်းချီ ထိခိုက်ဆုံးရှုံးနိုင်သည်ဟု ရှမ်းမြောက်အခြေစိုက် အမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

“ကား ၁၀၀ ကျော်တယ်လို့ ပြောတယ်။ တစ်စီးကို ကား/ကုန်တန်ဖိုးက သိန်း ၃၀၀၀ နဲ့ပဲ တွက်၊ သွားပြီလေ။ ပျှမ်းမျှ ကျပ်သိန်း ၃၀၀၀ အောက်တော့ မရောက်ဘူး။ ဘာမှ ပြန်မရနိုင်ဘူး။ ညနေ ၃ နာရီကျော်တဲ့အထိ မီးမငြိမ်းသေးဘူးလို့ ပြောတယ်” ဟု ၎င်းက ပြောသည်။

ယမန်နေ့ နံနက် ၉ နာရီဝန်းကျင်၌ ကုန်တင်ကားဝင်းအနီး တပ်စွဲထားသည့် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်စဉ် ပေါက်ကွဲအားပြင်းထန်၍ ကုန်ကားများကို မီးစွဲလောင်သွားသည်ဟု ယူဆရကြောင်း ကျင်စန်းကျော့ကုန်သွယ်ရေးစခန်းမှ ကုန်သည်တစ်ဦးက ယမန်နေ့တွင် ပြောသည်။

ရှမ်းမြောက်အခြေစိုက် ညီနောင်မဟာမိတ် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲလျက်ရှိရာ အရေးပါသည့် ကုန်သွယ်ရေးလမ်းကြောင်းနှင့် အချက်ချာကျသည့်မြို့များကို ထိန်းချုပ်ထားပြီး စစ်တပ်စခန်းများကို နေ့စဉ်ရက်ဆက် တိုက်ခိုက်နေဆဲဖြစ်သည်။

ရှမ်းမြောက်တိုက်ပွဲများကြောင့် လမ်းကြောင်းများပိတ်နေစဉ် ကုန်ကား ရာထောင်ချီ ပိတ်မိနေသည်။ ယမန်နေ့က မီးလောင်ဆုံးရှုံးခဲ့သည့် ကားများသည် တိုက်ပွဲများကြောင့် သယ်ယူခွင့်မရ၍ နိုဝင်ဘာ၂၄ တွင် တရုတ်နိုင်ငံဘက် ပြန်ပို့ရန် စီစဉ်ထားသည့် ကားများဖြစ်သည်ဟု မူဆယ်မှ ဆန်ကုန်သည်တစ်ဦးက ပြောသည်။

တရုတ်သွင်းကုန်ပစ္စည်းများထားရာ ကုန်ကားဝင်းဖြစ်၍ ပို့ကုန်ကားများထက် ဆုံးရှုံးမှုပိုကြီးသည်ဟုလည်း ၎င်းက ဆိုသည်။

“တရုတ်ပစ္စည်းဆိုတော့ ဈေးကြီးကြတယ်။ ဒီဘက်က ပဲတို့ဘာတို့က အများဆုံးရှိရင် တစ်စီးဆိုရင် ကုန်တန်ဖိုးက သိန်း ၇၀၀၊ ၈၀၀ ပေါ့။ အခုမီးလောင်သွားတဲ့ကားတွေက တစ်စီးကို သိန်း ၂၀၀၀ ကျော် မကဘူးဗျ” ဟု ၎င်းက ပြောသည်။

ထိုတိုက်ခိုက်မှုသည် တအာင်းတပ် (TNLA)၊ ကိုးကန့်တပ် (MNDAA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ၏ လက်ချက်ဖြစ်ပြီး ဗုံးသီးချ တိုက်ခိုက်ခံရ၍ ကားတစ်စီးမှတစ်စီး မီးကူးလောင်သည်ဟု စစ်ကောင်စီက ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်သည်။

ညနေ ၄ နာရီ ၄၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သော်လည်း ရပ်ထားသော ကုန်တင်ကား ၂၅၈ စီးအနက် အိမ်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ အဝတ်အထည်နှင့် အိမ်ဆောက်ပစ္စည်းတင်ဆောင်ထားသည့် ကုန်ကား ၁၂၀ ထိခိုက်ပျက်စီးသည်ဟု ဆိုသည်။

မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းကမျှ အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မပြုသေးပေ။

ကျင်စန်းကျော့ဂိတ်နှင့် အနီးဆုံးဖြစ်သော မူဆယ်မြို့နယ်၊ ကြူကုတ် (ပန်ဆိုင်း) မြို့နှင့် ဝမ်တိန်နယ်စပ်ဂိတ်များကို ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် မဟာမိတ်များဘက်က ယခုလအတွင်း သိမ်းနိုင်ခဲ့ပြီး မူဆယ် ၁၀၅ မိုင်နှင့် ကျင်စန်းကျော့ဂိတ်ကို ထိန်းချုပ်နိုင်ရန် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ဆက်လက် ကြိုးပမ်းနေခြင်းဖြစ်နိုင်သည်ဟု မူဆယ်ဒေသခံတချို့က ယူဆကြသည်။

မိုင်ပေါင်း ၁၃၀၀ ကျော် နယ်နိမိတ်ထိစပ်နေသည့် မြန်မာနှင့် တရုတ်နယ်စပ်တွင် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ လွယ်ဂျယ်၊ ကျိုင်းတုံ တရားဝင်နယ်စပ်လမ်းကြောင်း ၅ ခု ရှိသော်လည်း တိုက်ပွဲများကြောင့် ကျိုင်းတုံ-မိုင်းလား လမ်းကြောင်းတစ်ခုတည်းသာ သွား၍ရတော့ကြောင်း ဒေသခံများကို ကိုးကား၍ သိရသည်။

Show More

Related Articles

Back to top button