
မြန်မာနိုင်ငံ၏ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ယနေ့ (နိုဝင်ဘာ ၂၃) နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှု ဖြစ်ပွားရာ သောင်တင်နေသည့် ကုန်ကားအများအပြား မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ကျင်စန်းကျော့ဂိတ်အနီး တရုတ်နိုင်ငံဘက်မှ သွင်းကုန်ပစ္စည်းများ သယ်ယူပို့ဆောင်သည့် ကုန်ကားများရပ်နားထားရာ ကားကွင်းအတွင်း နံနက် ၉ နာရီခန့်က တိုက်ခိုက်ခံရခြင်း ဖြစ်သည်။
ထိုကားကွင်းအတွင်း ကုန်တင်ကား အစီး ၁၀၀ ခန့် ရပ်နားထားသည်၊ စစ်ကောင်စီတပ်က တပ်စွဲထားသောကြောင့် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ကုန်သည်များက ဆိုကြသည်။
“ဗုံးမကျခင် ဒရုန်းပျံနေတဲ့အသံတွေ ကြားနေရတယ်။ စစ်ကောင်စီတပ်တွေရှိတဲ့ နေရာပဲ ဗုံးကျတာ။ ပေါက်ကွဲအားပြင်းတော့ ကုန်ကားတွေလည်း ထိကုန်တာပေါ့” ဟု ကျင်စန်းကျော့ကုန်သွယ်ရေးစခန်းမှ ကုန်သည်တစ်ဦးက ပြောသည်။
လတ်တလော ရှမ်းမြောက်တိုက်ပွဲများကြောင့် လမ်းကြောင်းများပိတ်နေစဉ် တရုတ်သွင်းကုန်များ တင်ဆောင်လာသော ကုန်တင်ကားအများစု ကာလအတန်ကြာ ရပ်ထားသည့်နေရာဖြစ်သည်။
“၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးဂိတ်များကို လက်လွှတ်ထားရသည့် စစ်ကောင်စီသည် မူဆယ်မြို့နယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ၅ မိုင်ခန့်အကွာ ကျင်စန်းကျော့ကုန်သွယ်ရေးစခန်းအနီး နိုဝင် ဘာ ၂၀ ရက်တွင် အင်အား ၁၀၀ ကျော်ခန့်ဖြင့် တပ်စွဲထားသည်ဟု ဒေသခံများထံမှ သိရသည်။
လောင်စာဆီကြောင့် ပျက်စီးမှုများပြားသည်ဟု သိရကြောင်း မူဆယ်မြို့ပေါ်နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ဆီကတော့ မီးခိုးတွေတော့ လှမ်းမြင်ရတယ်။ ကြားရသလောက်ကတော့ ကျင်စန်းကျော့ (ကား) ကွင်းထဲမှာက ဆီဘောက်ဆာပေါ်ကို လက်နက်ကြီး တည့်တည့်ကျပြီးတော့ ဘေးကိုလည်း လောင်ကုန်တာလို့ သိရတယ်” ဟု သူက ယနေ့ မွန်းလွဲပိုင်းတွင် ပြောသည်။

နံနက် ၁၁ နာရီခွဲအချိန်အထိ မီးငြှိမ်းသတ်ခဲ့ရပြီး ကုန်ကား ၁၀ စီးကျော်ထက်မနည်း မီးလောင်ကျွမ်းသွားကြောင်း၊ ဆုံးရှုံးမှု တန်ဖိုး စုစုပေါင်း သိန်းပေါင်းတစ်သောင်းကျော် ရှိနိုင်ကြောင်း မူဆယ်ဒေသအခြေစိုက် ကုန်သည်များက ဆိုသည်။
မီးလောင်ဆုံးရှုံးခဲ့သည့် ကုန်ကားများသည် တရုတ်နိုင်ငံအတွင်းမှ စက်ပစ္စည်း၊ အိမ်သုံးပစ္စည်းများ တင်သွင်းလာပြီး တိုက်ပွဲများကြောင့် ကျင်စန်းကျော့ဂိတ်အနီး New Star Light ကုမ္ပဏီပိုင် ဆယ်ဝမ်းဟွာကျင်ကားဝင်းတွင် သောင်တင်နေခြင်း ဖြစ်ကြောင်း မူဆယ်ကုန်သည်များက ပြောသည်။
ယနေ့ ညနေပိုင်းအထိ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းကမျှ အဆိုပါတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မပြုသေးပေ။
ကျင်စန်းကျော့ဂိတ်နှင့် အနီးဆုံးဖြစ်သော မူဆယ်မြို့နယ်၊ ကြူကုတ် (ပန်ဆိုင်း) မြို့နှင့် ဝမ်တိန်နယ်စပ်ဂိတ်များကို ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် မဟာမိတ်များဘက်က ယခုလ လဝက်ခန့်တွင် သိမ်းနိုင်ခဲ့ပြီး မူဆယ် ၁၀၅ မိုင်နှင့် ကျင်စန်းကျော့ဂိတ်ကို ထိန်းချုပ်နိုင်ရန် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ဆက်လက်ကြိုးပမ်းနေခြင်း ဖြစ်နိုင်ကြောင်း မူဆယ်ဒေသခံတချို့က ယူဆကြသည်။
မိုင်ပေါင်း ၁၃၀၀ ကျော် နယ်နိမိတ်ထိစပ်နေသည့် မြန်မာနှင့် တရုတ်နယ်စပ်တွင် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ လွယ်ဂျယ်၊ ကျိုင်းတုံ တရားဝင်နယ်စပ်လမ်းကြောင်း ၅ ခု ရှိသော်လည်း တိုက်ပွဲများကြောင့် ကျိုင်းတုံ-မိုင်းလား လမ်းကြောင်းတစ်ခုတည်းသာ သွား၍ရတော့ကြောင်း ဒေသခံများကို ကိုးကား၍ သိရသည်။
“၁၀၂၇ စစ်ဆင်ရေး” လုပ်ဆောင်နေသော ရှမ်းမြောက်တွင် မြောက်ပိုင်းမဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်တပ်တို့ တိုက်ပွဲများပြင်းထန်နေသည်မှာ တစ်လနီးပါး ရှိနေပြီဖြစ်သည်။
မူဆယ်မြို့ပေါ်တွင်မူ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးဘဲ စစ်တပ်က လက်နက်၊ ရိက္ခာဟု ယူဆရသည်များကို လေထီးဖြင့် ချပေးခြင်းများ ယခုရက်ပိုင်းအတွင်း ဆက်တိုက် တွေ့နေရကြောင်း မူဆယ်မြို့ခံများက ပြောသည်။
“မူဆယ်မြို့ပေါ်ကတော့ အသံတွေတော့ နေ့တိုင်း၊ အချိန်တိုင်းလိုလို ကြားနေရတာပါပဲ၊ ညဘက်တွေဆို ပိုပစ်ကြတယ်ထင်တယ်။ ဒီမြို့ပေါ်တော့ နေလို့ရနေတုန်းပါပဲ။ မြို့ပြင်နေရာတွေမှာ ဖြစ်နေကြတာ။ မြို့ပေါ်မှာရှိတဲ့ ဘောလုံးကွင်းထဲကိုတော့ စစ်တပ်ဘက်က ရိက္ခာတွေ လေယာဉ်နဲ့ လာချနေတယ်။ မနေ့က လေယာဉ်ကနေ လေထီးနဲ့ လာချသွားတယ်။ ဒီနေ့မနက်တော့ ဟတ်စကီးနဲ့ လာချသွားတယ်” ဟု အထက်ပါ မူဆယ်မြို့ခံ အမျိုးသားက ဆိုသည်။
ယနေ့ မွန်းလွဲပိုင်းတွင်လည်း မူဆယ် ၁၀၅ မိုင်အနီးဝန်းကျင် လုံခွမ်ကျေးရွာအနီး ပစ်ခတ်သံများ ကြားနေရပြီး ယမန်နေ့ နံနက်တွင်လည်း နမ့်ဟွယ်ကျေးရွာ ဘုန်းကြီးကျောင်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ကိုရင်ကြီးတစ်ပါး ထိခိုက်ခဲ့ပြီး ကား ၂ စီးကိုလည်း ထိမှန်ခဲ့သည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် တရုတ်နယ်စပ် နမ့်ခမ်းမြို့တွင်မူ စစ်ကောင်စီ၏ လက်ကျန်နေရာဖြစ်သော စခန်းသစ် တပ်စခန်းကို TNLA က စီးနင်း တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် နေ့စဉ် တုံ့ပြန် တိုက်ခိုက်နေသည်။
တိုက်ပွဲများပြင်းထန်နေသောကြောင့် ဒေသခံများ ထိခိုက်၊ သေဆုံးမှုများလည်း ရှိလာနေသည်။
ဗုံးတပ်ဒရုန်းများကိုလည်း နှစ်ဖက်လက်နက်ကိုင်များက တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသည်။