သတင်း

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ရွာ ၂၀၀ ကျော် ဆန်ပြတ်လပ်

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲများကြောင့် လုံခြုံရေးအရ လမ်းများပိတ်ဆို့ထားသည့်အတွက် ကျေးရွာ ၂၀၀ ကျော်တွင်  ဆန်ရိက္ခာပြတ်လပ်နေသည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

ပလက်ဝမြို့နယ်သို့ တင်ပို့မည့် ဆန်အိတ်ရေ ၆,၀၀၀ ခန့်မှာလည်း တပ်မတော်က လုံခြုံရေးအရ ပိတ်ဆို့ထားသည့်အတွက် စစ်တွေနှင့် ကျောက်တော်မြို့များတွင် သောင်တင်နေသည်မှာ နှစ်ဝက်ခန့်ပင် ရှိနေသည်ဟု ချင်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောသည်။

“ကုလားတန်မြစ်ကို မှီပြီးတော့ လူဦးရေခြောက်သောင်းလောက်က နေထိုင်နေကြရတာ။ အဲဒီကုလားတန်မြစ်ကနေ သွားရေးလာရေး ကန့်သတ်ချက်ရှိလာတဲ့အတွက် အခုလို စားရေးသောက်ရေးတွေ ခက်ခဲလာတာပဲ” ဟု ဝန်ကြီးဦးစိုးထက်က ပြောသည်။

ယခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလလယ်အထိ ပလက်ဝမြို့နယ်နှင့် ကျောက်တော်မြို့နယ်အစပ် မီး‌ချောင်းအနီးတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီးနောက် မြို့နှစ်မြို့ကို ဆက်သွယ်ရာ ကုန်းလမ်းရေလမ်းများကို တပ်မတော်က ပိတ်ထားသည်ဟု ဒေသခံများက ပြောသည်။

ဆန်ပြတ်လပ်သည့် ရွာအများစုတွင် ကုလားတန်မြစ်၏ အနောက်ဘက်ကမ်းနှင့် ပလက်ဝမြို့နယ် အထက်နှင့်အရှေ့ခြမ်းရှိ ရွာများ ပါဝင်သည်။ 

လုံခြုံရေးအရ ပိတ်ဆို့မှုများအပြင် မိုးတွင်းကာလဖြစ်သည့်အတွက် လမ်းများအသုံးပြုမရဖြစ်ကာ အဆိုပါ ရွာများသို့ သွားရောက်ရန် ခက်ခဲသည်ဟုလည်း ဝန်ကြီးဦးစိုးထက်က ဆိုသည်။

ပလက်ဝမြို့နယ်အတွင်း ကျေးရွာပေါင်း ၃၈၉ ရွာရှိပြီး လူဦးရေ ၁၀၈,၀၀၀ ခန့်ရှိကာ ကျေးရွာထက်ဝက်ခန့်မှာ ဆန်ပြတ်လပ်မှု ကြုံတွေ့နေရသည်ဟု ၎င်းက ပြောသည်။

ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ (RRCCI) က ပြောရေးဆိုခွင့်ရှိသူ  မိုင်နန်းဝေက‌ ဆန်ပြတ်လပ်သည့် ရွာများကို စာရင်းအတိအကျ ကောက်ယူရန် ခက်ခဲသော်လည်း ခန့်မှန်းချက်အရ ရွာပေါင်း ၂၅၀ ဝန်းကျင် ရှိနိုင်သည်ဟု ဆိုသည်။

တိုက်ပွဲများကြား မကြာခဏ ပစ်ခတ်ခံနေရသည့်အတွက် ဆန်ပြတ်လပ်သည့် ကျေးရွာများတွင် နေထိုင်သူ ပြည်သူများမှာလည်း ဆန်ဝယ်ယူရန် ပလက်ဝမြို့ပေါ်သို့ မလာရဲကြကြောင်း ၎င်းက ဆိုသည်။

“စက်လှေတွေ သွားတဲ့အချိန်မှာလည်း အဲဒီစက်လှေတွေ ခဏခဏ ပစ်ခံရတယ်။ ဘယ်ဘက်က ပစ်လည်းတော့ မသိဘူး။ အဲဒီတော့ ဘယ်သူမှ မလာရဲတော့ဘူး” ဟု မိုင်နန်းဝေက ပြောသည်။

လှူဒါန်းငွေများဖြင့် ဝယ်ယူထားသည့် ဆန်အိတ်တချို့မှာ ဆမီးမြို့တွင်ရောက်ရှိနေပြီဖြစ်သော်လည်း ဆမီး-ပလက်ဝလမ်းမှာ လုံခြုံရေးအရ စိုးရိမ်ရသည့်အတွက် ပလက်ဝမြို့သို့ မပို့ဆောင်နိုင်သေးကြောင်း ၎င်းက ပြောသည်။

ပလက်ဝမြို့ပေါ်တွင်လည်း ကုန်စျေးနှုန်းများ မြင့်တက်နေပြီး မကွေးတိုင်းတွင် ကျပ် ၄၀,၀၀၀ တန် ဆန်ကြမ်းတစ်အိတ်သည် ပလက်ဝမြို့တွင် ကျပ် ၇၀,၀၀၀ ခန့် ဈေးပေါက်နေကြောင်း၊ ကြက်ဥတစ်လုံးလျှင် ကျပ် ၅၀၀ ခန့်အထိ ရှိနေကြောင်း ပလက်ဝမြို့ခံ ကိုအိုက်ထွန်းမင်းက ပြောသည်။

ပလက်ဝမြို့နယ်အတွင်းရှိ ပလက်ဝစစ်ရှောင်စခန်း၊ ဆမီးစစ်ရှောင်စခန်း၊ စိမ့်စင်းဝစစ်ရှောင်စခန်းနှင့် မီးဇာစစ်ရှောင်စခန်းများရှိ လူဦးရေ ၁၀,၀၀၀ ကျော်မှာမူ ထောက်ပံ့ကူညီမှုများကြောင့် လတ်တလော စားရေးရိက္ခာ အဆင်ပြေနေသေးသည်ဟု စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောသည်။

ဆန်ပြတ်လပ်နေသည့်ရွာများကို ကူညီရန် ပြည်ထောင်စုအစိုးရထံ အကူအညီတောင်းယူထားပြီး လုံခြုံရေးအစီအမံများဖြင့် ဆန်ပို့ဆောင်နိုင်ရန် ဆောင်ရွက်နေသည်ဟု ၎င်းက ဆိုသည်။

၂၀၂၀ တွင် ပိုမိုပြင်းထန်လာသည့် ပလက်ဝတိုက်ပွဲများအတွင်း ဒေသခံစစ်ရှောင်အရေအတွက် ၁၀,၀၀၀ ကျော်၊  စစ်ဘေးသင့်သူ ၈၀,၀၀၀ ခန့်အထိ ရှိလာသည်ကို RRCCI ၏ နောက်ဆုံးရအချက်အလက်များအရ သိရသည်။

Show More

Related Articles

Back to top button