အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရွေးကောက်ပွဲ

ရခိုင်ပါတီများ၏ ရုပ်မြင်သံကြားမဲဆွယ်မိန့်ခွန်းများ ပြင်ဆင်ဖြတ်တောက်ခံရ

ရခိုင်အမျိုးသားပါတီ (ANP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ၏ မဲဆွယ်စည်းရုံးရေး ရုပ်မြင်သံကြားမိန့်ခွန်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ပြင်ဆင်ဖြတ်တောက်ခဲ့ကြောင်း အဆိုပါ ပါတီများမှ တာဝန်ရှိသူများက ပြောသည်။ 

ANP ပါတီ၏ မဲဆွယ်စည်းရုံးရေးမိန့်ခွန်းတွင် ‘ပြည်တွင်းစစ်’ ဆိုသည့် ‌ဝေါဟာရအစား ‘လက်နက်ကိုင်ပဋိပက္ခ’ ဟုလည်းကောင်း၊ ALD မိန့်ခွန်းတွင် ‘ပြည်တွင်းစစ်’၊ ‘စစ်မီး’ စသည့်စကားလုံးများကို ‘ပြည်တွင်းပဋိပက္ခ’ ဟု UEC က ပြင်ဆင်ခဲ့ပြီး အချို့သောစကားလုံးများကို လုံးဝဖြတ်တောက်ခဲ့သည်ဟု ဆိုသည်။ 

စက်တင်ဘာ ၂၄ တွင် ထုတ်လွှင့်မည်ဖြစ်သည့် ANP ပါတီ၏ မိန့်ခွန်းအတွက် ယမန်နေ့ (စက်တင်ဘာ ၂၂) တွင် ရိုက်ကူးရေးပြုလုပ်ရာတွင် ထိုသို့ပြင်ဆင်ဖြတ်တောက်ထားကြောင်း သိရှိခဲ့ရသည်ဟု ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။ 

“စစ်ရေးပဋိပက္ခနှင့် ကိုဗစ်နိုင်တင်းကပ်ရောဂါ ဖြစ်ပွားနေသောကြောင့် ရခိုင်ပြည်သူများ ရွေးကောက်ပွဲကို စိတ်မဝင်စားကြကြောင်း၊၂၀၁၅ ရွေးကောက်ပွဲတွင် ANP အနေဖြင့် ပြည်နယ်အစိုးရဖွဲ့စည်းခွင့် မရရှိခဲ့ခြင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ၏အကျပ်အတည်းကြောင့်” ဆိုသည့် ရေးသားချက်များကို UEC က ဖြတ်တောက်ခဲ့သည်ဟု ၎င်းက ပြောသည်။  

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“၂၀၂၀ ရွေးကောက်ပွဲဟာ ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေးအပြောင်းအလဲ၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲအတွက် အရေးကြီးတယ်။ ဒါပေမယ့် ဒီအချိန်အခါ ရခိုင်ပြည်သူလူထုမှာ အားမလိုအားမရတာတွေ၊ စိတ်ထဲမှာ မကျေနပ်မှုတွေ၊ မဲပေးတဲ့အချိန်မှာ စိတ်ထဲမှာ ဆုံးဖြတ်ချက်ဝေဝါးမှုတွေ ရှိနေမယ်ဆိုတာ၊ ရွေးကောက်ပွဲအပေါ် လူတွေရဲ့စိတ်ခံစားမှုတွေ ဒီလိုရှိမယ်ဆိုတာ သုံးသပ်ထားတဲ့သုံးသပ်ချက်မျိုးပါ။ အဲဒါကို ဖြတ်တာ” ဟု ဦးသာထွန်းလှက ပြောသည်။ 

ထိုသို့ ဆင်ဆာဖြတ်တောက်ခြင်းကို မကြိုက်နှစ်သက်သော်လည်း လက်ရှိအခြေအနေအရ အပြင်ထွက် မဲဆွယ်စည်းရုန်းရန် အခက်အခဲရှိနေသောကြောင့် ရုပ်သံထုတ်လွှင့်မည်အစီအစဉ်တွင် ပါဝင်ခဲ့သည်ဟု ဦးသာထွန်းလှက ပြောသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် အရင် ၂၀၁၀- ၂၀၁၅ ခေတ်ကထက် တင်းကျပ်လာတယ်လို့ မြင်တယ်။ အဲဒီတုန်းကလည်း တချို့ဟာတွေ ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်စေရ ဘာညာပါတယ်။ ဒါပေမယ့် အဲဒီတုန်းက။  ပြည်သူ့အစိုးရလက်ထက် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဖြေလျှော့မှုဘက်ကိုမသွားဘဲ ပိုပြီးတင်းကျပ်တဲ့ဘက်ကို ဇောင်းပေးတဲ့ပုံစံမျိုးရှိတယ်လို့ သုံးသပ်လို့ရတယ်” ဟုလည်း ၎င်းက ပြောသည်။ 

ALD ပါတီ၏ မဲဆွယ်မိန့်ခွန်းပါ စကားလုံးများ ပြင်ဆင်ခံခဲ့ရခြင်းကို သဘောမတူသော်လည်း ပါတီမူဝါဒများကို ချပြရမည့် အခွင့်အရေးဖြစ်သောကြောင့် မိန့်ခွန်းပြောရန်ဆုံးဖြတ်ထားကြောင်း ပါတီအထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။

“ပါတီတွေရဲ့အာဘော်ကို ဖြတ်တာကတော့ မလုပ်သင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ရှိရမယ်လေ။ နိုင်ငံရေးပါတီဖြစ်တဲ့အတွက် သူတို့ရဲ့အယူအဆတွေကို ထုတ်ဖော်ခွင့်ပေးရမယ်လို့ မြင်တယ်။ အခုလို ဖြတ်တယ်ဆိုတာက ဟိုခေတ်တုန်းကဆိုတော့ စစ်အစိုးရသုံးနေတဲ့ ပုံစံမျိုးပေါ့ ”ဟု ၎င်းက ဆိုသည်။

ANP ပါတီ၏ မဲဆွယ်စည်းရုံးရေးမိန့်ခွန်းကို စက်တင်ဘာ ၂၄ တွင်လည်းကောင်း၊ ALD ပါတီနှင့် ရခိုင့်ဦးဆောင်ပါတီ (AFP) ၏ မိန့်ခွန်းများကို အောက်တိုဘာ ၁ တွင်လည်းကောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ထုတ်လွှင့်မည်ဟု သိရသည်။ 

မဲဆွယ်မိန့်ခွန်းပါ စကားလုံးများ ပြင်ဆင်ဖြတ်တောက်ခံရမှု ရှိမရှိ မသိရသော်လည်း အများအပြားဖြတ်တောက်ခံရပါက နိုင်ငံပိုင်ရုပ်မြင်သံကြားမှ မိန့်ခွန်းပြောမည့်အစီအစဉ်တွင် ပါဝင်တော့မည်မဟုတ်ကြောင်း AFP ပါတီဒုတိယဥက္ကဋ္ဌ ဦးကျော်ဇောဦးက ပြောသည်။

မဲဆွယ်စည်းရုံးရေးမိန့်ခွန်းများကို စိစစ်ထုတ်လွှင့်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများကို ကြိုတင်အသိပေးပြီးဖြစ်သော်လည်း အသေးစိတ်ညွှန်ကြားချက်များနှင့် ပတ်သက်၍ မသိရပေ။ 

နိုင်ငံရေးပါတီများ၏ မဲဆွယ်မိန့်ခွန်းများ ပြင်ဆင်ဖြတ်တောက်ခြင်းနှင့်ပတ်သက်၍ ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကို ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

ထို့အတူ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ရုပ်သံမိန့်ခွန်းများလည်း ပြင်ဆင်ဖြတ်တောက်ခံရသည်ဟု သိရသည်။ 

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) မိန့်ခွန်းတွင် “လက်ပံတောင်းတောင်အရေးအခင်းကိစ္စ၊ ဧရာဝတီတိုင်းအတွင်းရှိ မလက်တိုကျေးရွာမြေယာသိမ်းကိစ္စများ၊ ကလေးသူငယ်အခွင့်အရေးအချက်အလက်များ” စသည့် ရေးသားချက်များကို ဖြတ်တောက်ခဲ့သည်ဟု ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောသည်၊  

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ( NDF) ၏ မိန့်ခွန်းတွင် “တစ်ပါတီအာဏာရှင်စနစ် မပေါ်ပေါက်ရေး၊ PR ( Proportional Representation System – အချိုးကျကိုယ်စားပြု) စနစ် သုံးမည်၊ ပြည်သူတွေ မကြိုက်ရင် လွှတ်တော်ထဲမှာ ခိုကပ်မနေဘူး” ဆိုသည့် စာသားများကို ဖြတ်တောက်ခဲ့သည်ဟု ဆိုသည်။ 

ထိုသို့ ပြင်ဆင်ဖြတ်တောက်ခြင်းများကြောင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်သည် လွတ်လပ်စွာမဲဆွယ်ခွင့်ကို ပိတ်ပင်သည်ဟုဆိုကာ နိုင်ငံပိုင်ရုပ်မြင်သံကြားမှ မဲဆွယ်မိန့်ခွန်းပြောမည့် အစီအစဉ်မှ နုတ်ထွက်ခဲ့သည်။ 

နိုင်ငံရေးပါတီများ၏ မဲဆွယ်မိန့်ခွန်းများကို နိုင်ငံပိုင်ရုပ်သံလိုင်းဖြစ်သည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) က စက်တင်ဘာ ၈ မှ နိုဝင်ဘာ ၆ အထိ အလှည့်ကျ ထုတ်လွှင့်ပေးမည်ဖြစ်သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button