သတင်း

လောက်ကိုင်တွင် မီးပြတ်၊ ရေပြတ်၊ ကုန်ဈေးနှုန်း အဆမတန်တက်နေ

ကိုးကန့်တပ်ဖွဲ့ (MNDAA) ဝင်တိုက်မည်ဟု ရာဇသံပေးထားသည့် လောက်ကိုင်မြို့တွင် ရေနှင့် လျှပ်စစ်မီး ပြတ်တောက်နေပြီး ကုန်ဈေးနှုန်းများလည်း အဆမတန် မြင့်တက်လျက်ရှိသည်။ လျှပ်စစ်ဓာတ်အားပြတ်တောက်နေ၍ သောက်ရေနှင့် သုံးရေ အခက်အခဲဖြစ်နေသည်ဟု စုံစမ်းသိရှိရသည်။

ကိုးကန့်တပ်ဖွဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ဝင်တိုက်မည်ဟု ရာဇသံပေးထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ်ရှိ လောက်ကိုင်မြို့တွင် ရေနှင့် လျှပ်စစ်မီး ပြတ်တောက်နေပြီး အခြေခံစားသောက်ကုန်များ အဆမတန်ဈေးတက်နေသည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

တိုက်ခိုက်မည့် အစီအစဉ်သည် အာဏာရှင်စနစ်အမြတ်ဖြတ်ရေး ရည်ရွယ်သည့် ၁၀၂၇ စစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်ဟု MNDAA က နိုဝင်ဘာ ၁၄ တွင် ကြေညာပြီးနောက် တရုတ်နိုင်ငံက ပို့လွှတ်ပေးနေသည့် လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားသည်ဟု မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“မီးမရတော့ဘူး၊ မီးမရတော့ ရေပါ ပြတ်သွားတယ်၊ မနေ့က စဖြစ်တာ။ တချို့က တွင်းရေရှိတော့ အဆင်ပြေတယ်။ သောက်ရေတွေလည်း ဝယ်စုနေကြတယ်။ တချို့ဆိုင်တွေက မရောင်းတော့ဘူး” ဟု ထိုအမျိုးသားက နိုဝင်ဘာ ၁၆ တွင် ပြောသည်။

“မီးစက်တွေ လိုက်ဝယ်နေကြတာ တွေ့တယ်၊ ဈေးတက်ပြီလည်း ပြောတယ်။ မီးမရတော့ ရေပြတ်မှာပါ စိုးကြတာ”

အလားတူ အခြေခံစားသောက်ကုန်များလည်း အဆမတန်ဈေးတက်နေရာ ကြက်ဥ တစ်လုံးလျှင် ကျပ် ၁၆၀၀၊ ၁၆ ပြည်ဆံ့ ဆန်တစ်အိတ်လျှင် ကျပ် ၄၀၀,၀၀၀ မှ ၈၀၀,၀၀၀ ဖြစ်လာသည်၊ စျေးတက်လာသော်လည်း လိုသလောက် ဝယ်၍မရနိုင်ဟုလည်း အခြားမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

လောက်ကိုင်မြို့မြင်ကွင်း ဓာတ်ပုံ – Fully Light

လောက်ကိုင်မြို့တွင်း အခြေအနေ

လောက်ကိုင်မြို့တွင်း လုံခြုံရေးကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒစက − လောက်ကိုင်) လက်အောက်ခံ တပ်ရင်းများ၊  ပြည်သူ့စစ်များက တာဝန်ယူထားပြီး မြို့ပတ်လည်တွင် ခံစစ်အမာခံပြင်ဆင်ကာ မြို့ထဲတွင် နေ့ရောညပါ ကင်းလှည့်နေကြသည်ဟု မြို့ခံများက ပြောသည်။ ထို့ပြင် လောက်ကိုင်မြို့တွင်းရှိ အထပ်မြင့်အဆောက်အအုံမှန်သမျှတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များက နေရာယူထားကြောင်း လောက်ကိုင်ဒေသခံအချို့က ပြောသည်။

လုံထန်ပြည်သူ့စစ်၊ ကျင်ကျန်းဝန်းပြည်သူ့စစ်နှင့် အခြားပြည်သူ့စစ်များကိုလည်း မြို့လုံခြုံရေးအတွက် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းထားသည်ဟု ဒေသခံတို့က ဆိုသည်။

အချို့ပြည်သူ့စစ်များမှာ ကျားဖျန့် (အွန်လိုင်းငွေကြေးလိမ်လည်မှု) လုပ်ငန်းများကို ကာကွယ်ရန်အတွက် လုံခြုံရေးအနေဖြင့် ငှားရမ်းထားသူများဖြစ်ပြီး ၎င်းတို့ကုမ္ပဏီအဆောက်အအုံများတွင် ခံစစ်အတွက် ပြင်ဆင်နေကြသည်ဟုလည်း သိရသည်။

ပြည်သူ့စစ်တပ်ဖွဲ့များနှင့် နီးစပ်သည့် အမျိုးသားတစ်ဦးကမူ စစ်ကောင်စီ လုံခြုံရေးစခန်းများတွင် အင်အားနည်းပါးနေကြောင်း ယနေ့ (နိုဝင်ဘာ ၁၇) တွင် ပြောသည်။

“မြို့ထဲက ဂိတ်တွေတော်တော်များများ စောင့်နေတာ မတွေ့တော့ဘူး။ ပြည့်သူ့စစ် သုံးပုံနှစ်ပုံလောက်ကတော့ ရှေ့တန်းပို့မှာစိုးလို့ ထွက်ပြေးကြတဲ့သူတွေချည်းပဲ။ ရတဲ့လစာနဲ့ မရင်းနိုင်တော့ ထွက်ပြေးကြတာ။ လမ်းဆုံလမ်းခွတွေမှာ စောင့်နေတာတော့ လုံးဝမရှိဘူး၊ မြို့အဝင်အထွက် နည်းနည်းပါးပါးပဲ ရှိတာ။ (မြို့ထဲမှာ) ယူနီဖောင်းနဲ့ မမြင်တာ တော်တော်ကြာနေပြီ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုအမျိုးသားက ပြောသည်။

ဒေသခံတချို့၏ အဆိုအရ နေ့ဘက်တွင် လောက်ကိုင်မြို့တွင်း လွတ်လွတ်လပ်လပ် သွားခွင့်ရနေသည်၊ ညနေ ၅ နာရီ နောက်ပိုင်းတွင် လမ်းသွားလမ်းလာများ ရှင်းလင်းသွားသည်ဟု သိရသည်။

ခြေမြန်တပ်ရင်း (၁၂၉) မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်သည့် စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင်များ MNDAA ထံ လက်နက်ချစဉ် (ဓာတ်ပုံ − The Kokang)

MNDAA ပိတ်ဆို့ထား

အောက်တိုဘာ ၂၇ ရက်နေ့တွင် MNDAA၊ ရက္ခိုင့်တပ်တော် (AA)၊ တအာင်းတပ်ဖွဲ့ (TNLA) ဦးဆောင်သည့် မဟာမိတ်အဖွဲ့များက ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်ခဲ့ပြီးနောက် လောက်ကိုင်မြို့၏ တောင်ဘက် ၂၃ မိုင်အကွာရှိ နယ်စပ်ကုန်သွယ်ရေးမြို့တော် ချင်းရွှေဟော်ကို သိမ်းပိုက်ထားသည်၊ လောက်ကိုင်မြို့နှင့် ၇ မိုင်ခွဲခန့်သာ ဝေးသည့် ပါစင်ကျော်ရွာကိုလည်း နိုဝင်ဘာ ၁၂ ရက်နေ့တွင် သိမ်းပိုက်လိုက်သည်။

နိုဝင်ဘာ ၁၂ ရက်နေ့က လောက်ကိုင်မြို့ အနောက်ဘက် ၁၅ မိုင်ခန့်အကွာရှိ ရန်ခွမ့်ရွာအခြေစိုက် ဒကစ (လောက်ကိုင်) လက်အောက်ခံ ခြေမြန်တပ်ရင်း (၁၂၉) မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်ကာ တပ်ဖွဲ့ဝင် ၁၂၆ ဦးနှင့် မိသားစုဝင် ၁၃၄ ဦးတို့ MNDAA အဖွဲ့ထံ လက်နက်ချသည်။

ခမရ (၁၂၉) လက်နက်ချပြီးနောက် လောက်ကိုင်အနောက်ဘက်နှင့် အနောက်မြောက်ဘက်ရှိ လမ်းပိုင်းအားလုံးကို MNDAA ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များက စိုးမိုးထားသည်ဟု ဒေသခံများက ပြောသည်။

ထို့ကြောင့် လောက်ကိုင်မြို့ကို တော်လှန်ရေးတပ်ပေါင်းစု ဝိုင်းပတ်ပိတ်ဆို့ထားသည့် အခြေအနေတွင် ရှိနေကြောင်း MNDAA ပြောခွင့်ရ လီကျားဝင်းက ပြောသည်။

“ကျွန်တော်တို့ ဖြည်းဖြည်းချင်း ရှေ့ဆက်သွားနေတယ်၊ လောက်ကိုင်မြို့နားထိ ရောက်နေပြီ၊ စစ်ကောင်စီတပ်ရဲ့ စခန်းတွေလည်း တော်တော်များများ ရှင်းပြီးနေပြီဆိုတော့ ကျွန်တော်တို့ လောက်ကိုင်မြို့ကို ဝင်တော့မယ်” ဟု လီကျားဝင်းက ပြောသည်။

လောက်ကိုင်နှင့် ၇ မိုင်ခန့်သာ ဝေးသည့် ပါစင်ကျော်ရွာအနီးတွင် MNDAA တပ်များက ဒေသခံများကို တားဆီးစစ်ဆေးမှုများ ရှိနေသလို လားရှိုး-သိန္နီ-လောက်ကိုင် လမ်းမကြီးကိုလည်း စစ်ရေးလိုအပ်ချက်အရဟုဆိုကာ ပိတ်ဆို့ထားဆဲဖြစ်သည်။

MNDAA အဖွဲ့က ဆယ်စုနှစ်တစ်စုကျော် လက်လွှတ်ခဲ့ရသည့် ၎င်းတို့၏ ဒေသကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။

 ကိုးကန့်-တရုတ်နယ်စပ်မျဉ်း BP125 အနီး စစ်ကောင်စီလက်အောက်ခံ ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့ ဖွင့်လှစ်ထားသော စစ်ရှောင်စခန်းကို နိုဝင်ဘာ ၆ က တွေ့ရစဉ်။ (ဓာတ်ပုံ-Kokang News)

မြို့ကို စွန့်ခွာသွားသည့် ဒုက္ခသည်များ

၂၀၂၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ ရက်စွဲဖြင့် စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ လောက်ကိုင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးက ထုတ်ပြန်ထားသော ဒေသဆိုင်ရာအချက်အလက်မှတ်တမ်းအရ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ လူဦးရေ (၁၃၀,၀၁၁) ဦး နေထိုင်ကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေးစသည့်နေ့မှစပြီး လောက်ကိုင်မြို့တွင်းမှ ဒေသခံနှင့် ရွှေ့ပြောင်းလုပ်သားများ ထောင်နှင့်ချီ မြို့ကို စွန့်ခွာကြပြီး အများစုမှာ လောက်ကိုင်နှင့် ပါစင်ကျော်ကျေးရွာကြားတွင် ပိတ်မိနေကြသည်။

နိုဝင်ဘာ ၁၁ ရက်နေ့တွင် စစ်ကောင်စီပစ်သည့် လက်နက်ကြီး လောက်ကိုင်မြို့နှင့် မိုင်အနည်းငယ်သာ ကွာဝေးသည့် ဆယ်တန်ဂိတ်အနီးရှိနေသည့် စစ်ရှောင်လူအုပ်ကြီးရှိရာသို့ ကျ၍ ခရီးသွား ၆ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်။

လက်နက်ကြီး ပစ်ခတ်ခံရပြီးနောက် ဒေသခံအများစုမှာ မြို့တွင်းသို့ ပြန်ဝင်သွားကြသည်၊ ပြန်ဝင်လာသည့် ဒေသခံများကို စစ်ကောင်စီတပ်က ပြန်ထွက်ခွင့်မပေးတော့ကြောင်း ဒေသခံတချို့က ပြောသည်။

“မြို့ထဲကိုတော့ တော်တော်များများ ပြန်လာကြတယ်၊ ခရီးသည်တချို့က အဲဒီနားလေးမှာ ပိတ်မိနေတာတွေလည်း ရှိတယ်၊ ပြန်လာကြတာတွေလည်း အများကြီးရှိတယ်၊ ဒီမှာလည်း ပိတ်မိနေကြပြီ” ဟု လောက်ကိုင်ဒေသခံ အမျိုးသားက ပြောသည်။

တိုက်ပွဲဖြစ်ပွားတော့မည်ဟု သတင်းများထွက်ပေါ်လာသည့်အတွက် မြို့တွင်းရှိ ဒေသခံများက မြို့ပြင်ရှိ စစ်ရှောင်စခန်းများရှိရာသို့ ထွက်ခွာလိုကြသော်လည်း မြို့ပြင်ထွက်ခွင့်ကို နိုဝင်ဘာ ၁၅ ရက်မှ မှစတင်ကာ စစ်ကောင်စီတပ်က ပိတ်လိုက်သည်ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“ဒီမနက် စစ်ရှောင်စခန်းသွားတဲ့လမ်းကိုတော့ နောက်ထပ်ပြည်သူတွေ သွားလို့မရတော့တဲ့ အခြေအနေဖြစ်နေပါတယ်” ဟု ပြောသည်။

မြို့တွင်း ပိတ်မိနေသူ၊ မြို့ကို စွန့်ခွာသွားသူ အရေအတွက် မည်မျှရှိသည်ကိုမူ သီးခြားအတည်မပြုနိုင်သေးပေ။

စစ်ဆင်ရေး ၁၀၂၇ နှင့် မြို့သိမ်းတိုက်ပွဲများ

အောက်တိုဘာ ၂၇ ရက်မှ စတင်သည့် စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း ၁၄၀ ကျော်နှင့် ချင်းရွှေဟော်၊ ကွမ်းလုံ၊ ကြူကုတ်(ပန်ဆိုင်း)၊ ဖောင်းဆိုင် မြို့တို့ကို အပြည့်အဝထိန်းချုပ်ထားပြီး နမ့်ခမ်း၊ သိန္နီ၊ သီပေါ၊ နောင်ချို မြို့နယ်တို့ကိုလည်း MNDAA ပူးပေါင်းတပ်များက ထိန်းချုပ်ထားသည်။

စစ်ဆင်ရေး အစောပိုင်းကာလအတွင်း ကိုးကန့်ဒေသတွင်းမှ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ခဲ့ပြီး နိုဝင်ဘာ ၇ ရက်မှစတင်ကာ လောက်ကိုင်ဒေသအတွင်း စစ်ရေးအရှိန် ပိုမိုတိုးမြှင့်မည်ဖြစ်ကြောင်း ကိုးကန့်အဖွဲ့ (MNDAA) က ထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၁၂ ရက်တွင် လားရှိုး-သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်မှ စစ်ဗျူဟာအရ အရေးပါသည့် ကွမ်းလုံမြို့ကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီးနောက် လောက်ကိုင်မြို့သည် နောက်ထပ်ပစ်မှတ်တစ်ခုဖြစ်လာခဲ့သည်။

လောက်ကိုင်မြို့သိမ်းတိုက်ပွဲ စတင်မည့်အကြောင်း MNDAA အဖွဲ့က တိုင်းသိပြည်သိ ထုတ်ပြန်ခဲ့ပြီး စစ်ရေးလိုအပ်ချက်အရ မည်သည့်အချိန်၊ နေ့ရက်တွင် တိုက်မည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း ရက်အနည်းငယ်အတွင်း ဖြစ်လာနိုင်သည်ဟု လောက်ကိုင်ဒေသခံတချို့က သုံးသပ်သည်။

ကိုးကန့် တုန်းရှမ်းဒေသ စစ်ကောင်စီတပ်စခန်းကို ထပ်မံသိမ်းပိုက်ထားသည့် MNDAA တပ်ဖွဲ့ဝင်များကို နိုဝင်ဘာ ၁၆ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ − The Kokang)

တောင်တန်းများ ဝန်းရံနေပြီး ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်မျဉ်းအနီးတွင် ရှိသည့် လောက်ကိုင်မြို့တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၁၅၀,၀၀၀ ကျော် နေထိုင်ကြပြီး အများစုမှာ ကိုးကန့်လူမျိုးများဖြစ်သည်။

ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ပြိုကွဲပြီးနောက် ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်က MNDAA အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ကိုးကန့်ဒေသကို အုပ်ချုပ်ခဲ့သည်။

၂၀၀၉ ခုနှစ်တွင် စစ်အစိုးရက ၎င်းတို့ကို နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းရန် ဖိအားပေးရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ကိုးကန့်ဒေသကို လက်လွှတ်ခဲ့ရကာ ဖုန်ကြားရှင်ကိုယ်တိုင်လည်း တရုတ်နိုင်ငံတွင် သွားရောက်တိမ်းရှောင်ခဲ့ရသည်။

၂၀၁၅ ခုနှစ်တွင် ကိုးကန့်ဒေသကို ပြန်လည်သိမ်းပိုက်နိုင်ရန် MNDAA အဖွဲ့က ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ယခုတစ်ဖန် လောက်ကိုင်မြို့ကို ပြန်လည်သိမ်းယူရန် MNDAA ထပ်မံကြိုးစားလာခြင်းဖြစ်သည်။

လောက်ကိုင်မြို့ကို သိမ်းပိုက်ပြီးပါက ကိုးကန့်အထူးဒေသ (၁) နှင့် ၎င်းတို့ ယခင်က ထိန်းချုပ်၊ လှုပ်ရှားခဲ့သည့် ဒေသများမှ လက်ကျန်စစ်ကောင်စီတပ်စခန်းများကို တစ်ခုချင်း လိုက်လံသိမ်းပိုက်သွားမည်ဟု MNDAA အဖွဲ့က ပြောသည်။

လောက်ကိုင်မြို့၏ အနောက်မြောက်ဘက် ၄၄ မိုင်ခန့်အကွာတွင် ရှိသည့် ကုန်းကြမ်းမြို့မူ စစ်ကောင်စီတပ်က ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်သည်။ လောက်ကိုင်မြို့ကို သိမ်းပိုက်ပြီးပါက ကုန်းကြမ်းမြို့ကိုလည်း ဆက်လက်သိမ်းပိုက်သွားမည်ဟု MNDAA အဖွဲ့မှ ပြောခွင့်ရအရာရှိ လီကျားဝင်းက ပြောသည်။

“လောက်ကိုင်ဒေသထဲမှာတော့ ကျွန်တော်တို့အခေါ်နဲ့ဆိုရင် မြို့က လောက်ကိုင်တစ်မြို့ပဲ ကျန်ပါတော့တယ်၊ စစ်ကောင်စီသတ်မှတ်ထားတဲ့အတိုင်းဆိုရင် ကုန်းကြမ်းကို မြို့လို့ သတ်မှတ်တယ်၊ ကျွန်တော်တို့က မြို့လို့ မသတ်မှတ်ဘူး၊ ကုန်းကြမ်းလည်း သိမ်းဖို့ ကျန်ပါသေးတယ်ဗျ” ဟု လီကျားဝင်းက ပြောသည်။

လောက်ကိုင်မြို့ တည်နေရာပြမြေပုံ

Show More

Related Articles

Back to top button