မေးမြန်းခန်း

“တပ်တွေက ခိုင်းရင် လုပ်မှာပါ။ သို့သော် အသေအလဲ မလုပ်တော့ဘူး ထင်တယ်”

အာဏာသိမ်းစစ်တပ်၏ နံပါတ် ၂ ခေါင်းဆောင်ဖြစ်သူ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် စစ်တက္ကသိုလ် အတူတူတက်ရောက်ခဲ့သူ စစ်တပ်အရာရှိကြီးဟောင်းကို လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးခု၏ စစ်ဆင်ရေးစတင်ပြီး ရက်ပေါင်း ၂၀ ကျော်အကြာတွင် နိုင်ငံတစ်ဝန်း အံ့အားသင့်ဖွယ်ရာ စခန်းသိမ်းပွဲ၊ မြို့သိမ်းတိုက်ပွဲများနှင့် စစ်ကောင်စီဘက်မှ တပ်ရင်းလိုက် လက်နက်ချခြင်း၊ စခန်းများ စွန့်ခွာထွက်ပြေးခြင်းများ ဆက်တိုက်ပေါ်ပေါက်လာသည်။

အချိန်တိုအတွင်း စစ်ကောင်စီဘက်မှ အဆုံးအရှုံးများနေခြင်း၊ စစ်ခေါင်းဆောင်များနှင့် မြန်မာစစ်တပ်၏ လက်ရှိအခြေအနေ၊ တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ၊ စစ်ရေးနှင့် နိုင်ငံရေးအပြောင်းအလဲများနှင့် ပတ်သက်၍ စစ်တပ်အရာရှိကြီးဟောင်းတစ်ဦးကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။

အာဏာသိမ်းစစ်တပ်၏ နံပါတ် ၂ ခေါင်းဆောင်ဖြစ်သူ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် စစ်တက္ကသိုလ် အတူတက်ရောက်ခဲ့သူ ထိုတပ်အရာရှိဟောင်းမှာ စစ်ဘက်နှင့် အရပ်ဘက်တာဝန်မျိုးစုံ ထမ်းဆောင်ခဲ့သူဖြစ်ကာ လတ်တလောတွင် ၎င်း၏အမည်ကို ထုတ်ဖော်ပြောဆိုလိုခြင်း မရှိပေ။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ စစ်တက္ကသိုလ်အပတ်စဉ် (၁၉) တက်ရောက်ခဲ့သူဖြစ်ကာ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှာ အပတ်စဉ် (၂၂) ဖြစ်သည်။ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အတူ စစ်တက္ကသိုလ် အတူတက်ရောက်ခဲ့သူများအနက် စစ်ကောင်စီလက်အောက်တွင် လက်ရှိ တာဝန်ထမ်းနေကြသူများမှာ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြည့်၊ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း (ဗိုလ်မှူးချုပ်ဟောင်း) နှင့် နိုင်ငံခြားရေးဒုဝန်ကြီး ဦးကျော်မျိုးထွဋ်တို့ဖြစ်သည်။

စစ်တက္ကသိုလ်အပတ်စဉ် (၂၂) ကျောင်းဆင်း စစ်ဗိုလ်ချုပ်ဟောင်းများအနက် မကြာမီက အဖမ်းခံရသည့် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်၊ NLD လက်ထက် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးသန်းရွှေလက်ထက် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်း၊ မန္တလေးတိုင်းမှူးဟောင်း ဗိုလ်ချုပ်တင်ငွေ၊ ဦးသိန်းစိန်လက်ထက် စွမ်းအင်ဝန်ကြီး ဗိုလ်ချုပ်ဇေယျာအောင်၊ ရေတပ်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးသူရသက်ဆွေတို့သည် လူသိများသည်။

မေးခွန်း (၁) အခုဆိုရင် မြောက်ပိုင်းသုံးဖွဲ့က စလိုက်တဲ့ စစ်ဆင်ရေးက အတော် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတယ်။ မြို့တွေသိမ်းတယ်၊ နေရာအနှံ့ တိုက်ပွဲဖြစ်လာတယ်။ ရခိုင်မှာလည်း တိုက်ပွဲစဖြစ်နေပြီ။ ဆိုတော့ ဒီအခြေအနေအပေါ် ဘယ်လိုမြင်မိပါသလဲ

ဖြေ – မြန်မာပြည်မှာ မြောက်ပိုင်းနဲ့ ရခိုင်မှ မဟုတ်တော့ပါဘူး။ စစ်ပွဲတွေက တစ်ပြည်လုံးမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာနေပြီ။ တပ်မတော်ဟာ ဒီလိုအခြေအနေမျိုး တစ်ခါမှ မကြုံခဲ့ဖူးပါ။ ရန်ကုန်အစိုးရလို့ အခေါ်ခံရတဲ့ အခြေအနေက ဒီလောက်မဆိုးခဲ့ဘူး။ အခုဟာက စကစ (စစ်ကောင်စီ) အတွက် New Normal ပေါ့ဗျာ။

မေးခွန်း (၂)ဆုံးရှုံးသွားတဲ့ နယ်မြေတွေ မြို့တွေ ပြန်သိမ်းနိုင်အောင် လုပ်မယ်။ တန်ပြန်တိုက်ထုတ်မယ်။ လုံးဝလျှော့မပေးတော့ဘူးလို့ စစ်ကောင်စီက တရားဝင်ထုတ်ပြန်ပြောဆိုပါတယ်။ အဲဒီလိုပြောပြီးတဲ့နောက်မှာလည်း စစ်တပ်စခန်းတွေ ဆက်လက်ဆုံးရှုံးနေတာရှိတယ်။ စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်အပေါ် ဘယ်လိုသုံးသပ်မိလဲ။

ဖြေ – တန်ပြန်စစ်တိုက်ဖို့တောင် ခံစစ်ပြင်နေတဲ့သဘောဖြစ်နေပြီ။ စခန်းငယ်လေးတွေက အင်အားတွေကို ပြန်စုပေါင်းပြီး စုဖွဲ့နေရတယ်။ DSA (စစ်တက္ကသိုလ်) ကျောင်းက နည်းပြအရာရှိတွေတောင် လုံခြုံရေးလိုက်နေရပြီ။ လက်ရုံးတပ်တွေလည်း ဆင့်ခေါ်ပေါ့။ စစ်သင်တန်းကျောင်း အပါအဝင် အင်အားသုံးပုံတစ်ပုံ ထွက်ခိုင်းနေတယ်။

တပ်တွေက ခိုင်းရင် လုပ်မှာပါ၊ သို့သော် အသေအလဲမလုပ်တော့ဘူး ထင်တယ်။ 

မေးခွန်း (၃) – မြို့သိမ်းတိုက်ပွဲတွေ၊ စခန်းသိမ်းတိုက်ပွဲတွေ ဆက်ဖြစ်နေတော့ စစ်ရေးအခြေအနေက ဘယ်အတိုင်းအတာထိ ရောက်သွားနိုင်မယ် ထင်ပါသလဲ။

ဖြေ – တန်ပြန်တိုက်စစ်ဆင်တာထက် အခြေအနေကို ငြိမ်းချမ်းအောင် ဘယ်လိုကိုင်တွယ်မလဲ စဉ်းစားနေရမယ်။ မလိုအပ်ဘဲနဲ့ စစ်သည်တွေရဲ့ အသက်ကို စတေးပြီး တိုင်းပြည်ကို ချောက်ထဲ ဆွဲခေါ်မလား။ ပြည်ထောင်စုမပြိုကွဲအောင် လုပ်ရမယ်လို့ ပြောရင်းနဲ့ ပြိုကွဲနေပြီလေ။ ဒါက Policy (မူဝါဒ) အမှား၊ ငါတို့အုပ်ချုပ်ရမယ်ဆိုတဲ့ အတွေးအခေါ်အမှားပဲ။ အာဏာသိမ်းစဉ်ကတည်းက မဖြစ်နိုင်ဘူးလို့ ပြောနေတဲ့ကြားက။

ရဲတပ်ဖွဲ့ကို အပြစ်ပုံချလို့ မရဘူး။ သူတို့အလုပ် ရည်မှန်းချက်တာဝန်က ရပ်ရွာအေးချမ်းသာယာအောင်၊ တရားဥပဒေစိုးမိုးအောင်၊ သူခိုးဓားပြရန် ကင်းအောင်ဖြစ်တယ်။ စစ်တိုက်ဖို့ မဟုတ်။ လိုအပ်လို့ စစ်တိုက်စေချင်ရင်လည်း စုဖွဲ့တာ၊ လေ့ကျင့်တာနဲ့ ရိက္ခပေးတာကအစ အရင်ကတည်းက ပြင်ထားပေါ့။ ရဲတပ်ရင်းတွေကလည်း အဓိကရုဏ်းနှိမ်နင်းဖို့ လေ့ကျင့်ထားတာ။ ခုကျမှ ရဲတွေနည်းလို့ဆိုရင် အသုံးမကျတာ လူသိတယ်။

မေးခွန်း (၄)မြောက်ပိုင်းသုံးဖွဲ့ရဲ့ တရားဝင်ထုတ်ပြန်ချက်မှာ ပါတဲ့ စစ်ရေးရည်မှန်းချက်ကတော့ ကျားဖြန့်နှိမ်နင်းရေးအပြင် အာဏာရှင်ဖြုတ်ချရေးလို့လည်း ပါတယ်။ ဆိုတော့ တကယ်ပဲ ဒီတိုင်းရင်းသားအဖွဲ့တွေက စစ်ကောင်စီ ပြုတ်မကျမချင်းတိုက်မယ်လို့ ယူဆပါသလား

ဖြေ – မြောက်ပိုင်းက စစ်ရေးရည်ရွယ်ချက်မှာ ကျားဖြန့်နှိမ်နင်းရေးအချက် ထည့်လိုက်တာက တရုတ်ရဲ့ စိတ်ဝင်စားမှုကို ယူလိုက်တာပဲ။ ခေတ်အဆက်ဆက်က ဒစက (လောက်ကိုင်)/ စရဖတွေနဲ့ အဲဒီဒေသက လက်နက်ကိုင်ခေါင်းဆောင်တွေ ဘယ်လောက်ဆက်စပ်ခဲ့လဲ၊ ဘယ်လောက်လုံးထွေးနေခဲ့သလဲဆိုတာ ဒေသခံတွေနဲ့ အတွင်းစည်းက အသိဆုံးနေမယ်။ ကျားဖြန့်ကိစ္စမှာလည်း ဒေသအတွင်းက စစ်တပ်ခေါင်းဆောင်တွေလည်း အသိဆုံးနေမှာ။ ကျားဖြန့်ကိစ္စက မနေ့တစ်နေ့ကမှ ပေါ်လာတာ မဟုတ်ဘူးလေ။

မေးခွန်း (၅)မြောက်ပိုင်းအဖွဲ့တွေရဲ့ စစ်ဆင်ရေးနောက်ကွယ်မှာ တရုတ်ပါနေတယ်ဆိုပြီး ပြောနေတာတွေလည်းရှိတယ်။ တရုတ်ရဲ့အခန်းကဏ္ဍနဲ့ ရပ်တည်မှုအမှန်က ဘာဖြစ်နိုင်ပါလဲ။ နောက်ပြီး ဒီအခြေအနေတွေကြောင့် တရုတ်နဲ့ စစ်ကောင်စီကြား ဆက်ဆံရေးက ဘယ်လောက်ထိ ဆိုးရွားနေတယ် ထင်ပါသလဲ။

ဖြေ – တရုတ်ကတော့ မြန်မာပြည်မှာ ငြိမ်းချမ်းစေချင်၊ တည်ငြိမ်စေချင်မှာ မလွဲဘူး။ သူတို့အကျိုးစီးပွားအရ ဒေါ်စု လက်ထက်ကတည်းက ဒီသဘောထားပြခဲ့တာပဲ။ သူတို့အရင်းအနှီးနဲ့ ပတ်သက်တဲ့ စီမံကိန်းတွေက မြန်မာပြည်မငြိမ်းချမ်းရင် လုပ်မရတော့ စကစကိုလည်း အကြိမ်ကြိမ်ပြောမှာပဲ။

သို့သော် ပြောလို့မရတော့ တခြားနည်း စဉ်းစားနိုင်ပါတယ်။​

စကစမရှိဘဲ နောက်အစိုးရတက်လာရင် ပထမဆုံးအသိအမှတ်ပြု ကြိုဆိုမှာက တရုတ်ပဲလေ။ မယုံရင် ကြည့်ပေါ့ဗျာ။ တရုတ်က မြောက်ပိုင်းအဖွဲ့တွေနောက် ပါမပါတော့ ပြောရမှာ ခက်တယ်။ ၁၀၂၇ မစခင်ကတည်းက လောက်ကိုင်ဘက်မှာ စက်တင်ဘာလထဲ လက်နက်တိုက်တွေမိ၊ လှုပ်ရှားမှုတွေ ကြိုသတင်းရခဲ့မှာပဲ။ ၁၀၂၇ စတော့လည်း အင်အားသုံးတာ၊ ကျည်သုံးတာတွေက စနစ်တကျပြင်ဆင်ထားပုံ ပေါ်ပါတယ်။

မေးခွန်း (၆)လက်ရှိ စစ်တပ်ခေါင်းဆောင်ပိုင်း၊ တပ်ဖွဲ့စည်းပုံနဲ့ တပ်မှူးတပ်သားတွေရဲ့ အခြေအနေကို ဘယ်လိုသုံးသပ်မိပါသလဲ။

ဖြေ – လက်ရှိတပ်ဖွဲ့စည်းပုံက ကျွန်တော်တို့နဲ့ အများကြီးကွာသွားပြီ။ ကျွန်တော်တို့တုန်းက စစ်ထွက်အင်အား တပ်ရင်းတစ်ရင်း ၅၅၀ အနည်းဆုံးရှိရမယ်ဆိုတဲ့ ညွှန်ကြားချက်ရှိတယ်။ အခု တပ်ရင်းတစ်ရင်း စစ်ထွက်အင်အား ၇၀ လောက်ပဲ ရှိတယ်။ ဒါတောင် မနည်းလုပ်ရမှာ။ ဆိုလိုတာက တပ်ရင်းတစ်ရင်းရဲ့ အင်အားက တပ်ခွဲတစ်ခွဲတောင် မရှိတော့ဘူး။ တပ်ရဲ့ စွမ်းရည်က မြင့်တက်မလား၊ ကျသွားမလား စဉ်းစားဖို့ပါ။

တပ်ထဲမှာ တော်တဲ့သူတွေ၊ လူသားဆန်တဲ့သူတွေ အများကြီးရှိပါတယ်။ ရပ်နေတဲ့ဘက်က မှားနေတော့ ငရုတ်သီးနဲ့ ရောနေရင်တော့ ကြက်သွန်နီရော ကြက်သွန်ဖြူရော၊ ချင်းရော၊ နံနံပင်ရော အကြိတ်ခံရမှာပဲဗျို့။

တရုတ်ဖြူတိုက်တဲ့ခေတ်နဲ့ ဒီနေ့ မတူတော့ဘူး။ အရင်က ပြည်သူလူထုက ကိုယ့်ဘက်ကလေ။ အင်းစိန်တိုက်ပွဲမှာတောင် ကျောင်းသားတွေက လက်နက်ကိုင်ပြီး ကူခဲ့သေးတဲ့ သာဓကရှိတယ်။ အခုခေတ် ဒါမျိုး တွေ့ရမယ်လို့ မျှော်လင့်ရင် လက်တွေ့မကျဘူး။

စစ်ခေါင်းဆောင်တွေ အတော်များများက စိတ်ကူးယဉ်၊ လက်တွေ့မကျတဲ့ အမိန့်တွေနဲ့ အတိတ်ရဲ့ အတွေ့အကြုံ၊ လုပ်နည်းဟောင်းတွေပဲ စဉ်းစားတာဗျ။

ဥပမာ ဒေါ်လာဈေးကို ပြန်သတ်မှတ်တာ၊ နိုင်ငံခြား အလုပ်လုပ်သွားတဲ့လူတွေဆီက အခွန်ပြန်ကောက်တာ၊ ကားပါမစ်ထိန်းချုပ်တာ၊ ဘုရားတည်ဖို့နဲ့ ရှေ့တန်းရောက် တပ်မတော်သားတွေ ထောက်ခံပွဲအတွက် အလှူငွေတွေ အတင်းထည့်ခိုင်းတာ၊ ပြန်ကြည့် အများကြီးပဲ။ အရင်လုပ်နည်းတွေ ပြန်လုပ်နေတာ။ အတွေးအခေါ်အသစ်မရှိတဲ့ ခေါင်းဆောင်တွေက ဒီခေတ်မှာ အသုံးမကျတော့ဘူး။

မေးခွန်း (၇) – လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးနိုင်ငံရေးအခြေအနေအရ စစ်တပ်ခေါင်းဆောင်ပိုင်းအပြောင်းအလဲ ဒါမှမဟုတ် နိုင်ငံရေးအပြောင်းအလဲ ဖြစ်သွားနိုင်ပါသလား။

ဖြေ – မြန်မာနိုင်ငံရဲ့ စစ်ခေါင်းဆောင်အပြောင်းအလဲ၊ နိုင်ငံရေးအပြောင်းအလဲကတော့ မြန်တယ်။ တစ်ခါမှ မဖြစ်ဖူးတာတွေ ဖြစ်နေပြီ။ ခန့်မှန်းရ ခက်တယ်။ အခုပဲ ကြည့်လေ။ မထင်မှတ်တာတွေ ဖြစ်နေပြီ။

တပ်ထဲက လူတွေအများစုကလည်း အခုလို အချင်းချင်း ပြန်တိုက်နေရတဲ့အခြေအနေ မကြိုက်ပါဘူး။ စစ်ခေါင်းဆောင်ကိုလည်း မကြိုက်တဲ့သူတွေ အများသား။ တပ်ထွက်အရာရှိအများစုကလည်း မကြိုက်ဘူး။ ရွာတွေ မီးရှို့၊ ခိုး၊ လုယက်နေကြတာတွေ၊ ပြည်သူတွေကို သတ်ပစ်နေတာတွေ မကြိုက်ကြတဲ့ စစ်ဗိုလ်တွေ အများကြီးရှိပါတယ်။ သို့သော် သူတို့လည်း ဘာလုပ်ရမှန်း မသိတော့ဘူး။ ခိုင်းတာ လုပ်နေရပေမဲ့ စိတ်မပါကြတော့ဘူး ထင်တယ်။

ဒီလိုအခြေအနေမျိုး မြန်မြန်ဆန်ဆန် ဖြစ်လာမယ်လို့ ဘယ်သူမျှော်လင့်ထားသလဲ။ 

ကျွန်တော်တို့ခေတ်က စစ်သားနဲ့ ကွာတယ်။ ကျွန်တော်တို့တုန်းက စစ်ဗိုလ်တွေနဲ့လည်း ကွာတယ်။

စစ်သားစုဆောင်းရေးမှာလည်း သူခိုးကျပိုး၊ ထောင်ထွက်ကအစ လက်ခံတာကိုး။ စစ်သားစုဆောင်းရေးအတွက် တပ်ရင်းတပ်ဖွဲ့တွေက အရာရှိတွေအထိ အချိုးကျ ငွေကောက်ခံပြီး ဝယ်ထည့်နေရတာ။ ဒီလိုလူတွေကို ထိန်းသိမ်းရတာ အပေါ်က အရာရှိ/ဆရာတွေလည်း ဒုက္ခပဲ။

ဆိုလိုချင်တာက တပ်မတော်ရဲ့အရည်အသွေးကျတယ်။ ဒီလိုလူတွေနဲ့ ဘယ်လိုလုပ် စစ်တိုက်မလဲ။

ဒါပေမဲ့ စစ်ရုံးတို့ လူကြီးတွေအနား လိုက်တဲ့သူတွေ ကြည့်ကြည့်ဗျာ။ သန်သန်မာမာ သန့်သန့်ပြန့်ပြန့်တွေ။ ရှေ့တန်းထွက်တဲ့သူတွေ စုတ်ပြတ်သတ်နေတာတွေနဲ့ အသက်မပြည့်တဲ့ကလေးတွေ။ ကဲ ဘယ်လိုလုပ်မလဲ။

မေးခွန်း (၈)ဒီပွဲမှာလည်း နောက်ဆုံးမှာ စစ်တပ်က ပြန်ပြီးနိုင်လိမ့်မယ်လို့ ထင်ပါသလား။

ဖြေ – ပြည်သူလူထု မထောက်ခံတဲ့သူ နိုင်တယ်ဆိုတာ ရာဇဝင်မှာ ရှိခဲ့လားလို့ ပြန်မေးရမလို ဖြစ်နေတယ်။ မနိုင်ပါဘူး။ သူတို့မရှုံးဘူးဆိုရင်လည်း တိုင်းပြည် နစ်နာသထက် နစ်နာဖို့ပဲ ရှိတယ်။​

Show More

Related Articles

Back to top button