ကရင်နီတော်လှန်ရေးအင်အားစုက မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် ကယားပြည်နယ်မြို့တော် လွိုင်ကော်၌ တိုက်ပွဲများအတွင်း ကလေးငယ် အပါအဝင် အရပ်သားသေဆုံးမှုများရှိနေသည်ဟု စုံစမ်းသိရှိရသည်။
နိုဝင်ဘာ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ လေးရက်တာအတွင်း လွိုင်ကော်မြို့ ဘာဒို၊ ထေးငှားလျား၊ ဒေါဥခူ၊ မိုင်းလုံးရပ်ကွက်တို့တွင် အရပ်သား ၁၅ ဦးထက်မနည်း သေဆုံးကြောင်း လွိုင်ကော်မြို့တွင် ပိတ်မိနေသူတချို့နှင့် ကယ်ဆယ်ရေးသမားများထံမှ သိရသည်။
နိုဝင်ဘာ ၁၂ ရက်တွင် ထေးငှားလျားရပ်ကွက်၌ အမည်မသိ ကလေးတစ်ဦးနှင့် အမျိုးသားတစ်ဦး၊ နောက်တစ်ရက် (နိုဝင်ဘာ ၁၃) တွင် နမ်းကွတ်ရပ်ကွက်၌ ၁၉ နှစ်အရွယ် မငါးမြာနှင့် အသက် ၅၀ အရွယ် ဦးဖြေရယ်တို့၏ ရုပ်အလောင်းများကို ကယ်ဆယ်ရေးအဖွဲ့က တွေ့ရှိသည်။
နိုဝင်ဘာ ၁၄ ရက်တွင် နမ်းကွတ်ရပ်ကွက်၊ မိုင်းလုံး၊ ဒေါဥခူ၊ နောင်ယား (က)၊ ဘာဒိုရပ်ကွက်တို့တွင် အသက် ၇ နှစ်သမီးနှင့် ၁၂ နှစ်သားအပါအဝင် စုစုပေါင်း ၁၁ ဦး၏ ရုပ်အလောင်းများ ထပ်မံရှာဖွေတွေ့ရှိသည်။
မင်းစုရပ်ကွက်၌ သေဆုံးသူများမှာ ၄၆ နှစ်ရှိ ဒေါ်မြင့်မြင့်စိုးနှင့် ၅၁ နှစ်အရွယ် ခင်ပွန်းသည် ဦးစိုးရယ်တို့ ဖြစ်သည်။ မိုင်းလုံးရပ်ကွက်တွင် ဦးညီညီအောင်၊ ဦးအငယ်ကောင်၊ ဒေါဥခူရပ်ကွက်တွင် ၅၂ နှစ်ရှိ ဦးအောင်ဇော်မြင့်၊ ဘာဒိုရပ်ကွက်မှ ဦးပူးနှောင်းတို့၏ အလောင်းများ ရှာတွေ့သည်။
နီးစပ်သူ အမျိုးသမီးတစ်ဦး၏အဆိုအရ ဒေါ်မြင့်မြင့်စိုးမှာ ဖရူဆိုမှ တောင်ဘက် မိုင် ၂၀ အကွာ လွိုင်ကော်သို့ စစ်လာရှောင်သူဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်နေသည့် နိုဝင်ဘာ ၁၃ ရက် ညတွင် ခင်ပွန်းဖြစ်သူနှင့်အတူ နေအိမ်တွင် ရှိနေစဉ် လက်နက်ကြီး ထိမှန်သေဆုံးကြောင်း သိရသည်။
“(ဦးစိုးရယ်) က သွေးထွက်လွန်လို့ ဆုံးသွားတာ။ ညာဘက်ရင်ဘတ် ထိတာ။ ဆရာမ (ဒေါ်မြင့်မြင့်စိုး) ကတော့ နေရာမှာတင် ပွဲချင်းပြီးသေသွားတာ ခေါင်းထိပြီး ခေါင်းကြေမွသွားတယ်” ဟု အထက်ပါ နီးစပ်သူ အမျိုးသမီးက ပြောသည်။
ထို့အတူ နောင်ယား(က)ရပ်ကွက်တွင် အသက် ၅၇ နှစ်အရွယ် ဦးတေဇဝင်း၊ အသက် ၃၀ ရှိ ဒေါ်မြင့်မြင့်ခင်နှင့် ၇ နှစ်အရွယ် သမီးဖြစ်သူ မမေပန်းချီဖြိုး၊ ၄၂ နှစ်အရွယ် ဒေါ်အေးအေးသွယ်နှင့် အသက် ၁၂ နှစ်ရှိ တူဖြစ်သူ မောင်ကျော်ဇင်သန့်တို့ စစ်ပွဲအတွင်း သေဆုံးခဲ့ကြကြောင်း ကယ်ဆယ်ရေးအဖွဲ့က အတည်ပြုသည်။
သေဆုံးသူများ၏ ဖြစ်စဉ်နှင့် အသေးစိတ်အချက်အလက်များကို သီးခြားအတည်မပြုနိုင်သေးပေ။
ဒေသခံတချို့နှင့် တော်လှန်ရေးသတင်းရင်းမြစ်များကမူ စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားများ သေဆုံးသည်ဟု ဆိုကြသည်။ စစ်ကောင်စီ ပြောခွင့်ရသူကမူ လွိုင်ကော်မြို့ကို တိုက်ခိုက်သည့် တော်လှန်ရေးအဖွဲ့များကို ပြစ်တင်ပြောဆိုထားသည်။
ကယားပြည်နယ်မြို့တော် လွိုင်ကော်တက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို လေးရက်ကြာ တိုက်ခိုက်ပြီးနောက် အပြီးသတ်သိမ်းယူနိုင်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
နိုဝင်ဘာ ၁၁ ရက်နေ့မှ စတင်ခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁၀ ကျော် သေဆုံးခဲ့ပြီး ၃၈ ဦး လက်နက်ချ အညံ့ခံခဲ့သည်ဟု KNDF က ဆိုသည်။ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ၁၂၈ လက်နှင့် ခဲယမ်းပစ္စည်းများကိုလည်း KNDF က သိမ်းဆည်းနိုင်ခဲ့သည်။
ယမန်နေ့ (နိုဝင်ဘာ ၁၄) ကစ၍ စစ်ကောင်စီတပ်က စစ်ဘေးတိမ်းရှောင်သည့် ကားများကို လေယာဉ်ဖြင့် လိုက်လံပစ်ခတ်သဖြင့် မထွက်ရဲကြကြောင်း လွိုင်ကော်မြို့တိုက်ပွဲအတွင်း ပိတ်မိနေသည့် အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
လွိုင်ကော်မြို့ ရပ်ကွက်တစ်ခုတွင် နေထိုင်သူ အခြားအမျိုးသမီးတစ်ဦးကလည်း ၎င်းအပါအဝင် အရပ်သားထောင်နှင့်ချီ၍ တိုက်ပွဲအတွင်း ပိတ်မိနေကြောင်း ပြောသည်။
“သေတဲ့သူတွေက (လက်နက်ကြီးကြောင့် အပိုင်းပိုင်းပြတ်လို့) လူဦးရေတောင် ရေလို့မရတော့ဘူး။ ပြည်သူတွေ အများဆုံး ထိတာပေါ့” ဟု ၎င်းက ဆိုသည်။
မြို့ပေါ်တွင် ပိတ်မိနေသည့် အရပ်သားများ၊ အစိုးရဝန်ထမ်းများကို ကရင်နီတော်လှန်ရေးနယ်မြေရှိ အရပ်ဘက်အသင်းအဖွဲ့များဖြစ်သည့် Karenni Humanitarian Aid (KHAI)၊ နွေဦးဂုရုလေးများအဖွဲ့နှင့် Karenni Hope တို့က ကယ်ထုတ်ပေးနေသည်ဟု ဆိုကြသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ၂၀၁၄ တွင် ထုတ်ပြန်သော သန်းခေါင်စာရင်းအရ စတုရန်းကီလိုမီတာ ၁,၅၀၀ ဝန်းကျင်သာ ရှိသည့် လွိုင်ကော်မြို့နယ်အတွင်း ရပ်ကွက် ၁၃ ခု၊ ကျေးရွာအုပ်စု ၁၂ ခုတွင် လူဦးရေ တစ်သိန်းကျော် နေထိုင်ကြောင်း သိရသည်။
ကရင်နီဒေသတွင် နိုဝင်ဘာ ၁၁ ရက်မှစကာ တော်လှန်ရေးအင်အားစုများက ၁၁၁၁ စစ်ဆင်ရေးအမည်ဖြင့် စစ်ကောင်စီကို တိုက်ခိုက်နေပြီး ငါးရက်နီးပါးအတွင်း လွိုင်ကော်မြို့အပါအဝင် နယ်နိမိတ်စပ်လျက် မိုးဗြဲနှင့် ဒီးမော့ဆိုမြို့နယ် ရပ်ကွက်အချို့ကို သိမ်းယူထားနိုင်သည်။
ထိုကာလအတွင်း စစ်သား ၃၀ ကျော် လက်နက်ချခဲ့ကြောင်း တော်လှန်ရေးအင်အားစုများဘက်က ထုတ်ပြန်ထားသည်။
အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီး သုံးနှစ်နီးပါးအတွင်း စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံတွန်းလှန်မှုများ အရှိန်အဟုန်ရလာသည်။ အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တော်လှန်ရေးတပ်များ ပေါင်းကာ ၁၀၂၇ အမည်ဖြင့် စစ်ဆင်ရေးစတင်သည့် အောက်တိုဘာ ၂၇ ရက်နောက်ပိုင်း ရက်သတ္တပတ် သုံးပတ်နီးပါးအတွင်း နိုင်ငံအနှံ့တွင် စစ်ကောင်စီဘက်မှ တိုက်လေယာဉ်၊ သံချပ်ကာယာဉ်၊ တာဝေးပစ်အမြောက်နှင့် ဒုံးလက်နက်များအပါအဝင် အခြေစိုက်စခန်းနှင့် မြို့များ လက်လွတ်ဆုံးရှုံးထားသည်။
နိုင်ငံမြောက်ဖျား ကချင်ပြည်နယ်မှ တောင်ဘက်စွန်း တနင်္သာရီတိုင်းအထိ အရှေ့ဘက် ရှမ်းပြည်နယ်မှ အနောက်ဘက် ရခိုင်နှင့် ချင်းပြည်နယ်၊ နိုင်ငံအလယ်ပိုင်း စစ်ကိုင်းနှင့် မကွေးတိုင်းအထိ တိုက်ပွဲများဖြစ်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)